ဒေါ်စုကို ဂလပ်စဂိုမြို့က အမြင့်ဆုံးဆု ပေးအပ်

ဗြိတိန်နိုင်ငံ စကော့တလန်နယ်မှာ အကြီးမားဆုံးမြို့ဖြစ်တဲ့ ဂလပ်စဂိုမြို့ရဲ့လွတ်မြောက်ရေးဆုရှင်အဖြစ် အဖမ်းအဆီး ခံနေရတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုရွေးချယ်ခဲ့ပြီး အဲဒီဆု ပေးအပ်တဲ့ အခမ်းအနားကို မနေ့က ဂလပ်စဂိုမြို့တော်ခန်းမမှာကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ

NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရရဲ့ ကုလသမဂ္ဂရေးရာတာဝန်ခံ ဒေါက်တာသောင်းထွန်း က တက်ရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ကိုယ်စား ဆုကို လက်ခံခဲ့ပါတယ်။ အဲဒါကြောင့် ဆုချီးမြင့်ပွဲအခန်းအနားက ထူးခြားတဲ့အခြေအနေတွေကိုသိရအောင် ဒေါက်တာသောင်းထွန်းကို ကိုကျော်အောင်လွင်က ဆက်သွယ် မေးမြန်း ထားပါတယ်။

- ဂလပ်စဂိုမြို့တော်ရဲ့ လွတ်မြောက်ရေး ဆုအဖြစ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား ဒေါက်တာ သောင်းထွန်းက သွားယူပေးတယ်ဆိုတော့ ဆုပေးပွဲ အခမ်းအနားမှာ ဘယ်လို ထူးခြားမှုတွေ ရှိသလဲ ပြောပြပါဦး။

- အဲဒီ အခမ်းအနားကို မြို့တော်ဝန် ကိုယ်တိုင် တက်ရောက်ပြီးတော့ မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ဂလပ်စဂို မြို့တော်ဝန် ပြောသွားတာကတော့ သူတို့အနေနဲ့ ဒီလို ဂုဏ်ထူးဆောင်ဆုတွေကို နယ်ဆင် မန်ဒဲလား လို ပုဂ္ဂိုလ်မျိုးတွေကို ချီးမြှင့်တာ ရှိဖူးတယ်။ နယ်ဆင် မန်ဒဲလားက အသားရောင်ခွဲခြားမှု တိုက်ပွဲမှာ ဦးဆောင်ခဲ့ပြီး ထောင်ထဲမှာ ရှိနေစဉ်မှာ ဆုကို ချီးမြှင့်ခဲ့တယ်။ တကမ္ဘာလုံးက ဝိုင်းပြီးတော့ ထောက်ခံအားပေးကြလို့ အခုလို လွတ်မြောက်လာခဲ့ပြီး သမ္မတ ဘဝနဲ့ ဂလပ်စဂိုမြို့ကို ပြန်ပြီး လာရောက် ပြီး မိတ်ဆွေတွေနဲ့ တွေ့ဆုံခဲ့တယ်။ အဲဒီလိုပဲ ဒေါ်အောင်ဆန်းစုကြည်လည်း နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်ပြီး ဂလပ်စဂိုမြို့မှာ မိတ်ဆွေတွေနဲ့ တွေ့ဆုံနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောသွားတာကို တွေ့ရပါတယ်။ အဲဒီ အခမ်းအနားမှာ မြို့တော် ကောင်တီအဖွဲ့ဝင် လူကြီးတွေ၊ ဒီဆုကို ချီးမြှင့်တဲ့ အမ်နက်စတီ အင်တာနေရှင်နယ် ( Amnesty International) က မိတ်ဆွေတွေ၊ ဂလပ်စဂို အမျိုးသမီး အဖွဲ့အစည်းက မိတ်ဆွေတွေ၊ ဂလပ်စဂိုမြို့က မြန်မာနိုင်ငံသားတွေ တက်ရောက်ပါတယ်။

- ဒီဆုက ဗြိတိန်နိုင်ငံမှာ တော်တော်ကို အရှိန်အဝါကြီးတဲ့ ဆုလားခင်ဗျာ။

ဟုတ်ပါတယ်။ ဒီဆုရဲ့ သက်တမ်းက နှစ်ပေါင်း ရာနဲ့ ချီရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို Edinburgh ကနေ Freedom of the city of Edinburgh မှာ လုပ်ပြီးတဲ့နောက်ပိုင်း စကော့တလန် မှာ လုပ်တာက ဒုတိယ အကြိမ်ပေါ့နော်။ ပထမ အကြိမ်ကတော့ စကော့တစ် ပါလီမန်ရှိတဲ့ အီဒင်ဘာရာ က ချီးမြှင့်တာ ဖြစ်ပါတယ်။

- ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာကနေ လူ့အခွင့်အရေးအတွက်၊ ဒီမိုကရေစီရေးအတွက် ပေးတဲ့ ဆုပေါင်းက ၁၀၀ ကျော်နေပါပြီ။ အခုလို ဆုတွေ တခုပြီးတခု ဒေါ်အောင်ဆန်းစုကြည်ရနေတာဟာ မြန်မာ့ ဒီမိုကရေစီအရေးအတွက် ဘယ်လိုမျိုး အကျိုးသက်ရောက်မှုတွေ ရှိမယ်လို့ ထင်ပါသလဲ။

ဒေါ်အောင်ဆန်းစုကြည်ပေါ်မှာ ဂုဏ်ပြု ချီးမြှင့်တာတွေ တိုးလာတာဟာ မြန်မာ့ပြည်တွက် အကျိုးပြုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အကြောင်းပြုပြီး မြန်မာ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုဟာ နိုင်ငံတကာမှာ ပိုပြီး သိလာကြတယ်။ နိုင်ငံတကာရဲ့ ထောက်ခံမှုတွေ ပိုပြီး ရလာတယ်။ နိုင်ငံတကာမှာ ရှိတဲ့ မြန်မာ့ဒီမိုကရေစီရေးအတွက် လှုပ်ရှားတဲ့ လူထု အဖွဲ့အစည်းတွေ ပိုတိုးပွားလာပါတယ်။ အဲဒီ လူထု အဖွဲ့အစည်းတွေက သက်ဆိုင်ရာနိုင်ငံတွေမှာ လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ အစိုးရများကို ဗမာပြည်အရေးအတွက် နိုင်ငံတကာ အစိုးရတွေမှာ ကုလသမဂ္ဂမှာ ပိုပြီး တွန်းအားပေးဖို့ ပိုများလာပါတယ်။ မြန်မာ့အရေးဟာ မြန်မာပြည်တွင်းရေး ဒီမိုကရေစီ တိုးတက်ရေး အတွက်တင် မကဘဲ နိုင်ငံတကာ ငြိမ်းချမ်းရေး လှုပ်ရှားမှု၊ အမျိုးသမီးအဖွဲ့ လှုပ်ရှားမှုလို နိုင်ငံတကာ လှုပ်ရှားမှုကြီးတွေနဲ့ ဆက်စပ်လာတာဟာ အင်မတန် အားရပါတယ်။