ဖမ်းဝရမ်းထုတ်ခံရ ဆူဒန်ခေါင်းဆောင် နဲ့ မြန်မာနိုင်ငံ အာဏာရှင်များ အနာဂတ်

နယ်သာလန်နိုင်ငံ (Netherlands) သည်ဟိတ်မြို့ (The Hague) မှာတည်ရှိတဲ့ နိုင်ငံတကာ ရာဇဝတ်တရားရုံး (International Criminal Court) ကနေ ဆူဒန်နိုင်ငံရဲ့ လက်ရှိ သမ္မတ အိုမာ အလ်ဘရှား (Omar al-Bashir) ကို ဆူဒန်နိုင်ငံတောင်ပိုင်း ဒါဖာ (Darfur) ဒေသမှာ လူသားတို့အပေါ် ကျူးလွန်ခဲ့တဲ့ရာဇဝတ်အမှုများစွာအတွက် ဖမ်းဝရမ်းထုတ်လိုက်ခြင်းက ဒေသအတွင်း နဲ့ နိုင်ငံတကာကို အကြီးအကျယ် ကယက်ရိုက်ခဲ့ပါတယ်။ လူ့အခွင့်အရေးဖောက်ဖျက်မှု၊ တိုင်းရင်းသား ပြည်သူပြည်သားတွေအပေါ် ရာဇဝတ်များ ကျူးလွန်နေတယ်ဆိုတဲ့ စွပ်စွဲချက်များရှိနေတယ့် မြန်မာနိုင်ငံ စစ်အာဏာရှင် ခေါင်းဆောင်များအတွက်လည်း ရင်ခုန်စရာ ဖြစ်စေခဲ့ပါလိမ့်မယ်။ တဖက်မှာလည်း ဆူဒန်သမ္မတကို ထောက်ခံကာကွယ်ပေးနေသူတွေ နိုင်ငံအတွင်းမှာ ရှိနေသလို ဒေသအတွင်း နဲ့ နိုင်ငံတကာမှာလည်း ထောက်ခံနေသူတွေ ရှိနေတာကို အခုလက်ရှိ ပြဿနာက အထင်းအရှား ပြသနေတာမို့ မြန်မာစစ်အာဏာရှင်များအဖို့ သံခင်း တမန်ခင်းတွေနဲ့ နီးစပ်ရာကို ပိုပြီးမဟာမိတ်ဖွဲ့ အားကိုးရမှာဖြစ်တယ်လို့ ခံယူလာကြပါလိမ့်မယ်။

အင်ဒီးယားနားတက္ကသိုလ် (Indiana University School of Law) မှာ နိုင်ငံတကာ ဥပဒေပညာရပ်တွေကို လေ့လာနေသူ ချင်းအမျိုးသား အင်ဒရူး ငွေကျုံလျန် ("Andrew" Ngun Cung Lian) ကို ဆက်သွယ်မေးမြန်းပြီး ဗွီအိုအေမြန်မာသတင်း ဌာနမှုး ဦးသန်းလွင်ထွန်း က ဆူဒန်သမ္မတအပေါ် အရေးယူဆောင်ရွက်မှု နဲ့ မြန်မာနိုင်ငံ စစ်အာဏာရှင်ခေါင်းဆောင်တို့ရဲ့ အခြေအနေကို နှိုင်းယှဉ်ဆွေးနွေး တင်ပြထားပါတယ်။