ကလေးစစ်သား ပပျောက်ရေး တိုးတက်မှု မလုံလောက်သေး

မြန်မာအစိုးရအနေနဲ့ မြန်မာနိုင်ငံတွင်း ကလေးစစ်သား ပပျောက်ရေး ကိစ္စတွေကို ဆောင်ရွက်တဲ့နေရာမှာ တိုးတက် အောင်မြင်မှုတွေ ရှိနေတယ်လို့ ကုလသမဂ္ဂကို အစီရင်ခံပေမဲ့ တကယ်တမ်းမှာတော့ နိုင်ငံတွင်း ကလေးစစ်သား ပပျောက်ရေး ဆောင်ရွက်ချက်တွေမှာ အားနည်းချက်တွေ ရှိနေတုန်းပဲလို့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေကတော့ ဝေဖန်ခဲ့ပါတယ်။ ဘယ်လိုအားနည်းချက်တွေ ရှိနေတာလဲဆိုတာ ကိုသားညွန့်ဦး မေးမြန်းစုံစမ်းပြီး တင်ပြပေးထားပါတယ်။

မြန်မာအစိုးရဟာ ကလေးစစ်သား အသုံးပြုမှုကို တိတိကျကျ လမ်းညွန်မှုတွေ၊ ဥပဒေတွေ ထုတ်ထားပြီး ကလေးစစ်သား ပပျောက်ရေး အစီအမံတွေကို ဆောင်ရွက်ပြီး အောင်မြင်တိုးတက်မှုတွေလည်း ရထားပြီလို့ မြန်မာစစ်အစိုးရဘက်က ကုလသမဂ္ဂမှာ ပြောသွားပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို တက်ရောက်လာတဲ့ မြန်မာအစိုးရ ကိုယ်စားလှယ် တဦးဖြစ်တဲ့ ဦးကျော်မျိုးထွတ်ကနေ မတ်လ ၁၁ ရက်နေ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီနှစ်ပတ်လည် အစည်းအဝေး ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကိစ္စရပ်မှာ အခုလို ပြောသွားခဲ့တာပါ။

“စစ်တပ်ထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ်တွေကို စစ်သားအဖြစ် မစုဆောင်းဖို့ဆိုတာ မြန်မာအစိုးရအနေနဲ့ ပိုင်းဖြတ်ချက်ရှိရှိ ဆောင်ရွက်နေပါတယ်။ မနှစ်ကတော့ အသက်မပြည့်တဲ့ ကလေးငယ်စုစုပေါင်း ၈၃ ယောက်ကို စစ်တပ် အတွင်းက ဖယ်ရှားနိုင်ခဲ့ပါတယ်။ တခြားသက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) တို့နဲ့ တွဲလုပ်ပြီးတော့ သူတို့ မိဘအုပ်ထိန်းသူတွေထံကို ပြန်အပ်ပေးခဲ့ပါတယ်။ ဒီလို အသက်မပြည့်သေးတဲ့ ကလေးတွေကို စစ်သားအဖြစ် စုဆောင်းတဲ့ စစ်တပ်အတွင်းက တာဝန်ရှိသူတွေကိုလည်း အရေးယူခဲ့ပါတယ်။

“ဒါ့အပြင် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပြရမယ်ဆိုရင်လည်း ကလေးစစ်သားဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ် ရဲ့ အထူးကိုယ်စားလှယ် မစ္စ ရာဒီကာ ကုမာရာဆွာမိကိုလည်း မြန်မာနိုင်ငံကို ၂၀၀၇ ဇွန်လက ဖိတ်ကြားပြီး တပ်တွင်း က ကလေးစစ်သားတွေနဲ့ ပတ်သက်လို့ အချက်အလက် မျက်မြင်တွေ့ရှိနိုင်ဖို့ စစ်ဆေးလေ့လာခွင့် ပေးခဲ့ပါတယ်။”

ဒါပေမယ့် လူ့အခွင့်အရေးအဖွဲ့တွေကတော့ မြန်မာနိုင်ငံတွင်း ကလေးစစ်သား ပပျောက်ရေး ဆောင်ရွက်ချက်တွေမှာ တိုးတက်မှုတွေ ရှိလာတယ်ဆိုတာ လက်ခံပေမဲ့လို့ လုံလောက်ပြီလို့ မယူဆပါဘူး။ မြန်မာနိုင်ငံ လူ့အခွင့်အရေး ပညာပေး ဌာန ညွှန်ကြားရေးမှူး ကိုအောင်မျိုးမင်းကတော့ ကလေးစစ်သား ပပျောက်ရေး အစိုးရ ဆောင်ရွက်ချက်မှာ အားနည်းချက် တွေ ရှိတုန်းပဲလို့ ထောက်ပြခဲ့ပါတယ်။

“အရင်တုန်းကတော့ ကလေးစစ်သား လုံးဝမသုံးဘူးလို့ သူတို့ ငြင်းပယ်ထားတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ကလေးစစ်သား အနည်းငယ်ရှိတယ်ဆိုပြီး ဝန်ခံလာတယ်။ တချို့ကလေးစစ်သားလေးတွေ စစ်တပ်ထဲကပြန်ပြီးတော့ ခေါ်ထုတ်ပြီးတော့ မိဘနဲ့ ပြန်တွေ့ပေးတယ်ဆိုတဲ့ သတင်းတွေ ရရှိပါတယ်။ ဒါပေမယ့် အဲဒီလိုလုပ်နိုင်တဲ့ အရေအတွက်က လက်ချိုးရေလို့ ရနေတာ ဖြစ်တယ်။ နောက်တခါ ဒီလိုမျိုးဖြစ်တဲ့ ကလေးတွေကို ဘယ်လိုနည်းနဲ့ သူတို့ စုံစမ်းဖော်ထုတ်လဲ၊ ဘယ်လိုမျိုးနည်း နဲ့ ပြန်လည်ကယ်ထုတ်ပေးလဲဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်လို့ တိတိကျကျ ပြဋ္ဌာန်းထားတာ မရှိပါဘူး။”

အဓိကကြုံနေရတဲ့ အခက်အခဲ အကျပ်အတည်းကတော့ ကလေးစစ်သားအသုံးပြုမှု တွေ့တာကို တိုင်ကြားရင် ဒါမှမဟုတ် ကလေးစစ်သားအဖြစ် အတင်းစုဆောင်းခံရတဲ့ မိဘတွေက တိုင်ကြားရင် သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေဘက်က တိုင်ကြားသူတွေကို ခြိမ်းခြောက်တာမျိုး၊ အငြိုးထားပြီး အရေးယူတာမျိုးတွေ ရှိတတ်တယ်လို့ ကိုအောင်မျိုးမင်းက ပြောပါတယ်။

“ကျနော်တို့တွေ့ရှိရတဲ့ သတင်းအရဆိုရင်တော့ တောင်ဒဂုံမြို့နယ်မှာရှိတဲ့ ကိုသိန်းစိုးဆိုတဲ့သူဆိုရင် ကလေးစစ်သား တိုင်ကြားမှုကို ခဏခဏလုပ်တဲ့အတွက် သူ့ကို တခြား တာဝန်ဝတ္တရား နှောင့်ယှက်မှုနဲ့ အပြစ်ပေး အရေးယူမှုတွေရှိတယ်။ နောက်တခါ ကလေးစစ်သား မိဘတချို့ကိုဆိုရင် သွားရောက်တိုင်ကြားတဲ့အတွက် သူ့ရဲ့အိမ်ကနေ ဖယ်ထုတ်ခိုင်းတဲ့ အမှုတွေ ရှိနေတော့ ဘယ်လောက်ထိပဲ ကယ်ထုတ် ကယ်ထုတ် တိုင်ကြားမှုကို အရေးယူဆောင်ရွက်ပေးတာ မရှိဘူး။ တိုင်ကြားတဲ့သူကို အနှောင့်အယှက်ပေးတဲ့အမှုတွေ ရှိနေခြင်းက ကလေးစစ်သားအသုံးပြုမှု ဘယ်လိုမှ ရပ်တန့်သွားတဲ့ အခြေအနေမျိုးလို့ ပြောလို့မရပါဘူး။ နောက်ထပ်တိုင်ကြားမယ့်သူတွေအတွက် အရမ်းကို အားလျော့စေပါတယ်။”

မြန်မာအစိုးရအနေနဲ့ကတော့ ကလေးစစ်သားပပျောက်ရေး ကော်မတီကို ၂၀၀၄ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သလို တဘက်မှာ ကလေးစစ်သား အသုံးမပြုဖို့ ဥပဒေ ညွှန်ကြားချက်တွေလည်း ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ကလေးစစ်သား အသုံးပြုမှုနဲ့ ပတ်သက်ပြီး ကမ္ဘာမှာ အဝေဖန်ခံနေရတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ မြန်မာစစ်အစိုးရတပ်တွေတင်မက တခြား မြန်မာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး ယူထားတဲ့၊ ဒါမှမဟုတ် မြန်မာစစ်အစိုးရနဲ့ တိုက်ခိုက်နေဆဲရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အချို့အတွင်းမှာလည်း ကလေးစစ်သားအသုံးပြုမှုတွေ ရှိတယ်ဆိုပြီးတော့ လူ့အခွင့်အရေးအဖွဲ့တွေက အစီရင်ခံစာ ထုတ်ပြန်ထားခဲ့ကြ
ပါတယ်။