၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် အင်ဒိုနီးရှားသမ္မတနှင့် တွေ့ဆုံ

မြန်မာနိုင်ငံက အစိုးရဝန်ကြီးတွေ ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်တွေကို ဦးဆောင်ပြီးတော့ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် ဟာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ မြို့တော်မှာ ၂ ရက်ကြာ ခရီးစဉ်အဖြစ်နဲ့ ရောက်နေပါတယ်။ ဒီကနေ့မှာပဲ သူဟာ အင်ဒိုနီးရှားသမ္မတ ဆူဆီလို ဘန်ဘန်း ယူဒိုယိုနို နဲ့တွေ့ဆုံတဲ့အကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဌာန ပြောခွင့်ရသူ တယ်ဂူဖိုင်ဆာရှား က ဗွီအိုအေကို ပြောပြပါတယ်။

မြန်မာဝန်ကြီးချုပ်ဟာ ဒီကနေ့မှာ အင်ဒိုနီးရှား သမ္မတ နဲ့ တွေ့ဆုံဆွေးနွေးမယ့်အကြောင်း၊ ပြီးရင်တော့ ဒုတိယသမ္မတနဲ့ လည်း တွေ့ဆုံဖို့ရှိတဲ့အကြောင်းနဲ့ ညပိုင်းကျရင်တော့ သမ္မတ တည်ခင်းဧည့်ခံမယ့် ညစာစားပွဲ ရှိတဲ့အကြောင်းတွေကို အင်ဒိုနီးရှားနိုင်ငံခြားရေးဌာန ပြောခွင့်ရသူ တယ်ဂူဖိုင်ဆာရှား က ပြောပြခဲ့တာဖြစ်ပါတယ်။

မြန်မာဝန်ကြီးချုပ်နဲ့ အင်ဒိုနီးရှားသမ္မတတို့ ဘာအကြောင်းတွေကို အဓိကထား ဆွေးနွေးကြမယ်ဆိုတာကိုတော့ အသေးစိတ် ပြောဆိုခြင်း မရှိပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံက ဒီမိုကရေစီ ဖော်ဆောင်ရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီးတော့ တိုးတက် မှုတွေကို ဆွေးနွေးဖို့ ရှိတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဌာနက ပြောထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာဆိုရင် မြန်မာနိုင်ငံက ဒီမိုကရေစီရေး ဆောင်ရွက်မှုတွေမှာ တိုးတက်မှုမရှိတဲ့အတွက် လူသိရှင်ကြား
ဝေဖန်ပြောဆိုခဲ့တဲ့ အာဆီယံနိုင်ငံတခု ဖြစ်ပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့ကလည်း အမေရိကန်သမ္မတ ဘရက်အိုဘားမား နဲ့ အင်ဒိုနီးရှားသမ္မတ ဆူဆီလို တို့ တယ်လီဖုန်းပေါ် မှာ စကားပြောစဉ်မှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီဖော်ဆောင်ရေးအတွက် အမေရိကန်နဲ့ အင်ဒိုနီးရှား နှစ်နိုင်ငံ အတူတွဲ ဆောင်ရွက်ဖို့ လိုအပ်တဲ့အကြောင်းကို သမ္မတ အိုဘားမား က ပြောခဲ့ပါတယ်။ ဒါကြောင့် မြန်မာ့နိုင်ငံရေး တိုးတက်ဖို့ အင်ဒိုနီးရှားက ဘယ်လောက်တိုက်တွန်းမလဲ ဆိုတာကို နိုင်ငံရေးအကဲခတ်တွေက စိတ်ဝင်စားနေပါတယ်။

နောက်တခါ မြန်မာနိုင်ငံကလို့ဆိုတဲ့ လှေစီးပြေး ရိုဟင်ဂျာ ဒုက္ခသည်တချို့ကို အင်ဒိုနီးရှားရေတပ်က ကယ်တင်ထားရတာ ရှိတော့ ဒီရိုဟင်ဂျာတွေရဲ့အရေးနဲ့ ပတ်သက်ပြီးတော့လည်း ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် နဲ့ဆွေးနွေးကြမယ်လို့ ခန့်မှန်း ရပါတယ်။

အခုမြန်မာဝန်ကြီးချုပ်ရဲ့ အင်ဒိုနီးရှားခရီးစဉ်အတွင်း မြန်မာနိုင်ငံက ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်တွေလည်း ပါသွားတဲ့ အတွက် စီးပွားရေးဆိုင်ရာကိစ္စရပ်တွေကိုလည်း ဆွေးနွေးကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒီ မြန်မာဝန်ကြီးချုပ် နဲ့ အဖွဲ့ ဟာ အင်ဒိုနီးရှားနိုင်ငံကနေ စင်ကာပူကို ခရီးဆက်မှာဖြစ်ပါတယ်။