ရေရှည်အလုပ်လက်မဲ့ ခံစားခွင့်တောင်းသူ အမေရိကန် စံချိန်တင်

အမေရိကန်နိုင်ငံမှာ အလုပ်ပြုတ်သွားပြီးတဲ့နောက် အလုပ်သစ် ရှာမရသေးလို့ အလုပ်လက်မဲ့ခံစားခွင့် တောင်းခံသူဦးရေဟာ ဒီသီတင်းပတ်ထဲမှာ ၅ သန်းခွဲနီးပါး ရှိလာတဲ့အတွက် စံချိန်တင်လောက်အောင် မြင့်မားလာပြီလို့ ဆိုပါတယ်။ သီတင်းတပတ် ကျော်ခံစားခွင့် တောင်းခံသူ ဦးရေ ၁၈၅,၀၀၀ အထိ တိုးလာပေမဲ့လည်း ပထမဆုံးအကြိမ်အဖြစ်နဲ့ အလုပ် လက်မဲ့ ခံစားခွင့် တောင်းခံသူ ဦးရေကတော့ မဆိုသလောက် ပြန်ကျသွားပါတယ်။

စီးပွားရေးလေ့လာတွေ့ရှိချက်များက လာမယ့် ၄လအထိ အမေရိကန်စီးပွားရေး ဆက်လက် ကျဆင်းနေပြီး ကုန်ထုတ်လုပ်မှု လုပ်ငန်းလည်း လျော့နေဦးမယ်လို့ ကြာသပတေးနေ့မှာ ခန့်မှန်း ထုတ်ပြန်ပါတယ်။

အလုပ်လက်မဲ့နဲ့ တခြားပြဿနာများကို စဉ်းစားပြီးတဲ့နောက် အမေရိကန်ဗဟိုဘဏ်က အစိုးရ ငွေချေးစာချုပ်များနဲ့ အရစ်ကျ ပြန်ဆပ်မှုနဲ့ ဆက်နွယ်တဲ့ အာမခံအကြွေး ဒေါ်လာ ဘီလီယံ ၁,၀၀၀ ကျော်ဖိုး ဝယ်ယူမယ့်အကြောင်း ဗုဒ္ဓဟူးနေ့မှာ ကြေညာ ခဲ့တယ်လို့ ဆိုပါတယ်။