အီရန်နှင့်သင့်မြတ်ရေး သမ္မတ အိုဘားမား ကမ်းလှမ်း

အမေရိကန်ပြည်ထောင်စုနဲ့ အီရန်နိုင်ငံအကြား ဆက်ဆံရေးကို အသစ်ကနေ ပြန်စကြဖို့ ကြိုးစားနေတယ်လို့ သမ္မတ အိုဘားမား က ပြောဆိုလိုက်ပါတယ်။ မိတ်ဖက်တွေအဖြစ်နဲ့ရော ကူးသန်းရောင်းဝယ်ရေးအတွက်ပါ အခွင့်အလမ်းတွေ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ဆက်ဆံသွားကြဖို့ ဖြစ်တယ်လို့ ကမ်းလှမ်းလိုက်တာပါ။

အီရန်နိုင်ငံရဲ့ နော်ရုစ်ပါရှန်နှစ်သစ်ကူး အခါသမယမှာ သမ္မတ အိုဘားမား က အီရန်ပြည်သူတွေအတွက် ဆုမွန်ကောင်း တောင်းထားတဲ့ နှုတ်ခွန်းဆက်စကားကို ဗွီဒီယိုရိုက်ကူးပြီး ပြောကြားခဲ့တာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု၊ အီရန်နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအကြား သံတမန်ရေးအရ အပြုသဘော ဆက်ဆံသွားကြဖို့အတွက် သမ္မတ အိုဘားမား အစိုးရက စိတ် ပိုင်းဖြတ်ထားတဲ့အကြောင်း အီရန်ခေါင်းဆောင်တွေကို တိုက်ရိုက် အမှာစကား ပါးလိုက်ပါတယ်။

ဒီလို ထိတွေ့ဆက်ဆံကြမယ့် လုပ်ငန်းစဉ်မှာ ခြိမ်းခြောက်တာတွေကို ကြိုတင် မသတ်မှတ်ဘဲနဲ့ နှစ်ဦးနှစ်ဖက် အပြန်အလှန် လေးစားမှုနဲ့ ရိုးသားစွာ ဆုတောင်းသဝဏ်လွှာ ပါးတာဖြစ်တယ်လို့လည်း ဆိုပါတယ်။ အီရန်နိုင်ငံအနေနဲ့ အကြမ်းဖက်တာ တွေ ဒါမှမဟုတ် လက်နက်တွေကို အသုံးချပြီးတော့ နိုင်ငံတကာ အသိုင်းအဝိုင်းကို ထိတွေ့ဆက်ဆံလို့ရတာ မဟုတ်ဘဲနဲ့ ငြိမ်းချမ်းတဲ့လှုပ်ရှားမှုတွေကသာလျှင် လက်လှမ်းမီတဲ့ ထိတွေ့ဆက်ဆံနိုင်မှုဖြစ်တယ်လို့ သမ္မတ အိုဘားမား က အလေးအနက် ပြောဆိုလိုက်ပါတယ်။

သမ္မတ ဘုရှ် လက်ထက်တုန်းကတော့ အီရန်ကို အထီးကျန်ဖြစ်အောင် ကြိုးပမ်းခဲ့ပြီး Axis of Evil မိစ္ဆာဝင်ရိုးတန်းနိုင်ငံ အဖြစ် သမုတ်ခဲ့တာဖြစ်ပါတယ်။