မြောက်ကိုရီးယားနိုင်ငံ ဒုံးပျံ စမ်းသပ် ပစ်ခတ်ခဲ့တာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအတွင်းမှာ မနေ့က အရေးပေါ် အစည်းအဝေး ကျင်းပခဲ့ကြပေမဲ့ ဆုံးဖြတ်ချက် တစုံတရာ ချမှတ်နိုင်ခဲ့ခြင်း မရှိပါဘူး။
သုံးနာရီကြာ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက် လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဋ္ဌ မက္ကဆီကိုနိုင်ငံ သံအမတ်ကြီး Claude Heller က မြောက်ကိုရီးယားရဲ့ လုပ်ဆောင်ချက်နဲ့ ပတ်သက်လို့ ဘယ်လို တုံ့ပြန်မလဲဆိုတာ အဖွဲ့ဝင်နိုင်ငံတွေအကြား ပိုပြီး ဆွေးနွေးညှိ့နှိုင်းဖို့ သဘောတူခဲ့ကြတဲ့အကြောင်း သတင်းထောက်တွေကို ပြောပါတယ်။
ဂျပန်နိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုကတော့ မြောက်ကိုရီးယားအပေါ် လုံခြုံရေးကောင်စီအနေနဲ့ ဆုံးဖြတ်ချက် အသစ် တရပ် ချမှတ်စေချင်ကြပါတယ်။
ကုလသမဂ္ဂဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး Yukio Takasu ကတော့ မြောက်ကိုရီးယားအပေါ် တုံ့ပြန်မှုဟာ တိကျပြီး၊ ခိုင်မာ ဖို့ လိုသလို အားလုံး တညီတညွတ်တည်း အရေးယူတာမျိုး ဖြစ်ရမယ်လို့ ပြောဆိုပါတယ်။ ဒီလို မဟုတ်ရင် ကိုယ့်ဘက် က အကြောင်းကြားချင်တဲ့ သဘောထားကို မြောက်ကိုရီးယားက တမျိုး နားလည်သွားနိုင်တယ်လို့လည်း သူက ပြောပါ တယ်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Susan Rice ကတော့ ဒီ ဒုံးပျံ ပစ်လွှတ်လိုက်တာဟာ အတိအလင်းချိုးဖေါက်မှု တခု ဖြစ်တယ်လို့ ပြောဆိုပါတယ်။
နိုင်ငံအားလုံးအနေနဲ့ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့နဲ့ တင်းမာမှုတွေ ပိုများစေမယ့် အရေးယူမှုတွေကို ရှောင်ရှားဖို့ တရုတ် သံအမတ်ကြီး Zhang Yesui က တိုက်တွန်းထားပါတယ်။