အင်ဒိုနီးရှားရွေးကောက်ပွဲ သမ္မတ ဆူဆီလို ပါတီ ရှေ့ကပြေး

လက်ရှိ အင်ဒိုနီးရှားသမ္မတ ဆူဆီလို ဘမ်ဘန်း ယူဒိုယိုနို (Susilo Bambang Yudhoyono) နောက်ထပ် သက်တမ်း ၅ နှစ် တာဝန်ထမ်းဆောင်ခွင့်ရှိမရှိ အဆုံးအဖြတ်ပေးမယ့် ပါလီမန်လွှတ်တော် ရွေးကောက်ပွဲကို အင်ဒိုနီးရှား နိုင်ငံသားတွေ ဒီနေ့ ကြာသပတေးနေ့မှာ မဲပေးခဲ့ကြပါတယ်။

မဲလိမ်မဲခိုးမှုနဲ့ ဒေသတွင်း ဆူပူအကြမ်းဖက်မှုတွေအပေါ် စိုးရိမ်ပူပန်နေကြတဲ့ ကြားကပဲ ကြာသပတေးနေ့မှာ မဲပေးခဲ့ကြတာ ဖြစ်ပါတယ်။ ထောင်ပေါင်း များစွာ သော လွှတ်တော်ကိုယ်စားလှယ်တွေကို မဲပေးခွင့်ရှိသူ သန်းပေါင်း ၁၇၀ လောက် က မဲပေးခဲ့ကြတာပါ။ ဒါပေမယ့် လက်ရှိအာဏာရ ဒီမိုကရက်တစ်ပါတီက ထောက်ခံမှု အများဆုံးရလိမ့်မယ်လို့ လူထုဆန္ဒ ကောက်ယူမှုတွေမှာ ဖော်ပြနေပါ တယ်။

လွှတ်တော်ကိုယ်စားလှယ် ၅၆၀ အတွက် မဲဆန္ဒရှင်တွေက မဲပေးခဲ့ကြတာဖြစ်ပြီး လာမယ့်ဇူလိုင်လမှာ ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲမှာ ဘယ်သမ္မတလောင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်မယ်ဆိုတာကို ဆုံးဖြတ်ပေးပါလိမ့်မယ်။

မဲပေးပွဲမစခင် နာရီပိုင်းအလိုလေးမှာပဲ အင်ဒိုနီးရှားနိုင်ငံ ပါပူဝါဒေသမှာ အကြမ်းဖက်မှု ဖြစ်ပွားခဲ့တဲ့အတွက် လူ ၆ ယောက် သေဆုံးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ခရိုင်မြို့တော် ဂျာရာပူးရားမှာရှိတဲ့ ရဲစခန်းကို လူထုက ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့လည်း ဒေသခံ ရဲတပ်ဖွဲ့က ပြောပါတယ်။

ကမ္ဘာမှာ မွတ်စလင်ဘာသာဝင် အများဆုံးနေထိုင်ရာ အင်ဒိုနီးရှားနိုင်ငံမှာ မကြာခင်က အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် နိုင်ငံရေးအရ တင်းမာမှုတွေ ဖြစ်လိမ့်မယ်လို့ စိုးရိမ်ပူပန်မှုတွေ ထွက်ပေါ်နေပါတယ်။