သမ္မတအိုဘားမား မက္ကဆီကို ခရီးစဉ် နယ်စပ်လုံခြုံရေးနဲ့ မူးယစ်တိုက်ဖျက်ရေး ဆွေးနွေးမည်

သမ္မတအိုဘားမား ဒီနေ့ မက္ကဆီကိုနိုင်ငံကို ချစ်ကြည်ရေးခရီး သွားတဲ့အခါ နယ်စပ်ဒေသ လုံခြုံရေးနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကိစ္စတွေကို အဓိကဆွေးနွေးမှာ ဖြစ်ပါတယ်။

သမ္မတအိုဘားမားဟာ မက္ကဆီကိုသမ္မတ ဖိလစ်ပီ ကာလ်ဒါရွန်း (Felipe Calderon) နဲ့ တွေ့ဆုံပြီး လူဝင်မှုကြီးကြပ်ရေး၊ ကမ္ဘာ့ဘဏ္ဍာရေးကိစ္စ အပါအဝင် နှစ်နိုင်ငံ အကျိုးတူ စီးပွားရပ်တွေကို ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောဆိုပါတယ်။

မနက်ဖြန် မက္ကဆီကိုနိုင်ငံကနေ အမေရိကတိုက်နိုင်ငံများ ထိပ်သီးစည်းဝေးပွဲ ကျင်းပရာ ထရီနီဒက် တိုဘေးကိုးနိုင်ငံကို ခရီးဆက်မှာဖြစ်ပါတယ်။

မက္ကဆီကိုမှာ မနှစ်က တနှစ်တည်းမှာပဲ လူ ၇,၀၀၀ ကျော် သေဆုံးခဲ့ရတဲ့ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်နေတဲ့ အကြမ်းဖက်မှု တွေဟာ အမေရိကန်ပြည်ထောင်စုအတွက် အကြီးအကျယ် စိတ်ပူနေရတဲ့ ပြဿနာတွေပဲ ဖြစ်ပါတယ်။ အဲဒီ အကြမ်းဖက်မှု တွေရဲ့ ဂယက်ဟာ နယ်စပ်တွေကို ကျော်ဖြတ်ပြီး ရိုက်ခတ်လာနိုင်တာကြောင့် အမေရိကန်ပြည်ထောင်စုက စိတ်ပူနေတာ ဖြစ်ပါတယ်။

ဒီမူးယစ်ဆေးဝါး မှောင်ခိုမှုနဲ့ အကြမ်းဖက်မှုတွေမှာ အမေရိကန်ပြည်ထောင်စုဘက်ကနေ ငွေသားနဲ့ သေနတ်တွေ အပါအဝင် ပံ့ပိုးခြင်းအားဖြင့် တဘက်တလမ်းက တာဝန်ရှိတယ်လို့လည်း သမ္မတအိုဘားမားက ပြောဆိုလိုက်ပါတယ်။