တရုတ်ငှက်ဖျားဆေး အတုကြောင့် နယ်စပ်လူထု ဒုက္ခရောက်

ငှက်ဖျားရောဂါ ထူပြောတဲ့ တိုင်းရင်းသား ဒေသတခုဖြစ်တဲ့ မြန်မာနိုင်ငံ မြောက်ဖျား ကချင်ပြည်နယ်မှာ ငှက်ဖျားရောဂါ ဆေးဝါးအတုတွေ ပျံ့နှံ့နေလို့ ဒေသခံတွေ ရောဂါဘယဒဏ် ခံနေရတယ်လို့ ဒေသတွင်း လူမှုရေးအထောက်အကူ ပေးနေတဲ့ ကချင်လူမှုဖွံ့ဖြိုးရေး အဖွဲ့က ပြောပါတယ်။ ဒီအတွက်ကြောင့်မို့လို့လည်း ကျန်းမာရေးဝန်ထမ်းတွေက ဒါတွေကို ရှောင်ရှားဖို့ တပိုင်တနိုင် သတိပေးနေရတယ်လို့လည်း ဆိုပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦး က ပြောပြပေးပါဦး။

မြန်မာနိုင်ငံမြောက်ဖျား ကချင်ပြည်နယ်မှာ ငှက်ဖျားရောဂါ ခံစားရတဲ့ ဝေဒနာရှင်တွေ ဆေးဝါးအတုတွေ ဝယ်ယူသုံးစွဲမိတဲ့ အဖြစ်တွေနဲ့ ကြုံကြရလို့ ရောဂါမသက်သာတဲ့ အခြေအနေမျိုးတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောကြတာပါ။ အထူးသဖြင့် တရုတ်နိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ်ဒေသ ငှက်ဖျားထူပြောရာ အရပ်က ဒေသခံတွေအဖို့ ဒီလို ကျန်းမာရေး ပြဿနာတွေနဲ့ ကြုံနေရတာလို့ ဆိုပါတယ်။ အခုဆိုရင် Artesunate လို့ခေါ်တဲ့ ငှက်ဖျားဆေး ကို အတုလုပ် ရောင်းချနေတာတွေ ကချင် ပြည်နယ်ထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတာလို့ ကျန်းမာရေး လူမှုရေး လုပ်ငန်းတွေ ဆောင်ရွက်ပေးနေတဲ့ ကချင် လူမှု ဖွံဖြိုးရေးအဖွဲ့က ဦးအောင်ဝါ က ပြောပါတယ်။

“ဆေးအတုတွေ ရှိတယ်။ ငှက်ဖျားဆေး အာတီစွန်တေး ဆိုတဲ့ ဆေးက အတုက များနေတယ်။ အဲဒီဆေးက ငှက်ဖျားဆေးပဲ ကချင်ပြည်မှာ ငှက်ဖျားပြောတော့ စားတဲ့သူတွေက ငှက်ဖျား မပျောက်ဘူး။ ကြာလာတော့ ငှက်ဖျားက ခေါင်းထဲကို ဝင် တယ်။ အခု နောက်ပိုင်းမှာ ငှက်ဖျားနဲ့ ဆုံးတာ အများကြီးပဲ။ ဆေးကတော့ မှောင်ခိုနဲ့ တရုတ်ဘက်က ဝင်တာပဲ တကဒ်မှာ လေးလုံးပါတယ်။ တရုတ် ရွမ် ၃၀ လောက် ပေးရတယ်။ ဆေးဆိုင်တွေမှာ ရတယ်။ ရွှေမှော်တို့၊ ကျောက်ဆုံးမှော်တို့မှာ လုပ်တဲ့သူတွေ ဆုံးတာများတယ်။ ”

လတ်တလော ငှက်ဖျားရောဂါ အဖြစ်များတဲ့ တောတောင်ထူထပ်ရာ ဒေသတခုဖြစ်တဲ့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် စတဲ့ ဒေသတွေမှာ ဒီလို တွင်တွင်ကျယ်ကျယ် ရောင်းနေရတဲ့ ငှက်ဖျားဆေးတွေကိုတော့ တရုတ်နိုင်ငံဖက်က ထုတ်လုပ် တင်သွင်း တယ်လို့လည်း ယူဆထားကြတာပါ။ လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်တုန်းက ဆိုရင်လည်း ဒီ ငှက်ဖျားဆေး အထုပ်ပေါင်း ၂ သောင်း ၄ ထောင်ကို တရုတ်အာဏာပိုင်တွေက နိုင်ငံတကာ ရဲတပ်ဖွဲ့အကူအညီနဲ့ ယူနန်ပြည်နယ်မှာ ဖမ်းဆီးနိုင်ခဲ့တာလည်း ဖြစ်ပါ တယ်။ ဒီလို ဆေးဝါးအတုတွေ တွင်တွင်ကျယ်ကျယ် ပျံ့နှံ့နေလို့လည်း ကျန်းမာရေး အဖွဲ့အစည်းတွေက သတိပေးနေတာ တွေလည်း ရှိပါတယ်။ မြန်မာ၊ လာအို ကမ္ဘောဒီးယား၊ နဲ့ ဗီယက်နမ် လို အရှေ့တောင်အာရှ နိုင်ငံတွေက Artesunate ငှက်ဖျားဆေးတွေရဲ့ ထက်ဝက်လောက်ဟာ ဆိုရင်လည်း အတုတွေသာ ဖြစ်တယ်ဆိုပြီးတော့ ပြီးခဲ့တဲ့နှစ်တုန်းက သိပ္ပံ မဂ္ဂဇင်းက ရေးသားပြီး သတိပေးတာမျိုးရှိခဲ့ပါတယ်။ ကချင်ပြည်နယ်မှာ ကြုံနေရတဲ့ လတ်တလော ဆေးဝါးအတု ပြဿနာ ကိုတော့ ဒေသခံ ကျန်းမာရေးဝန်ထမ်းတွေကပဲ တဆင့်စကား သတိပေးနေရတယ်လို့ ဦးအောင်ဝါ က ပြောပါတယ်။

“ဆရာဝန်တွေက ပြောတယ်။ သုံးတော့ ရောဂါမှ မပျောက်တာ။ တခြားဆေးတွေက ပျောက်တယ်။ ဒီဟာက အတုဖြစ်တာ ကြောင့် ဆေးမတိုးတာ ဖြစ်တယ်။ ဒါကြောင့် ဒီဆေး မသုံးတာကောင်းတယ်လို့ ပြောနေတယ်။”

ကချင်လူမှုဖွံဖြိုးရေးအဖွဲ့က ဦးအောင်ဝါ ဖြစ်ပါတယ်။ တကယ်တော့ အရှေ့တောင်အာရှမှာ ငှက်ဖျားရောဂါကြောင့် သေဆုံး သူ ဦးရေရဲ့ ထက်ဝက်ဟာ မြန်မာနိုင်ငံက ဖြစ်နေတာ၊ နှစ်စဉ် လူသန်းဝက်ကျော်လောက်ဟာလည်း ဒီရောဂါဒဏ် ခံစားနေ ရတာမို့ စိုးရိမ်စရာ အခြေအနေမှာ ရှိနေဆဲဖြစ်တယ်ဆိုပြီး ကုလသမဂ္ဂ ကျန်းမာရေး အေဂျင်စီတွေက ပြောဆိုထားတာပါ။