မြန်မာနိုင်ငံက ဆန်စပါး အဓိက စိုက်ပျိုးထုတ်လုပ်ရာ မြစ်ဝကျွန်းပေါ်ဒေသက စပါးခင်းတွေမှာ မကြာသေးခင်က စလို့ စပါးဖျက်ပိုးတွေ ကျလာလို့ အဆုံးအရှုံးတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေနဲ့ လယ်သမားတွေက ပြောပါတယ်။ ဒီလိုပိုးမွှားအန္တရာယ်က ကာကွယ်နိုင်ဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက အစီအမံတချို့လည်း စလုပ်နေတယ်လို့ ဆိုပါ တယ်။ နာဂစ် ဆိုင်ကလုန်းလေဘေးဒဏ် သင့်ရာက နာလန်ထူဖို့အရေး ကြိုးပမ်းနေကြရတဲ့ တောင်သူတွေ အခုလို တပူပေါ် နှစ်ပူဆင့် ကြုံနေရတဲ့ အခြေအနေတွေကို စုံစမ်းထားတဲ့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။
လေဘေးဒဏ် အဆိုးရွားဆုံးခံခဲ့ရတဲ့ မြစ်ဝကျွန်းပေါ်ဒေသက နွေစပါးခင်းတွေမှာ သီးနှံဖျက်ပိုးတွေ ကျလာလို့ လယ်သမား တွေ အခက်တွေ့နေရတာပါ။ လေဘေးဒဏ်က နာလန်ထူဖို့ ကြိုးပမ်းနေရချိန် ရာသီဥတု ဖောက်ပြန်မှုတွေ စပါးအထွက် ကျဆင်းတာတွေနဲ့ အခုနောက်ဆုံး ရိတ်သိမ်းချိန်ကျမှ ပိုးမွှားဘေးအန္တရာယ် ကြံြုကရတဲ့ အဖြစ်မျိုးနဲ့ ထပ်တိုးနေရတာလို့ ဘိုကလေးမြို့က လယ်သမားတဦးက ပြောပြပါတယ်။
“ပိုးတွေကျတယ်။ တချို့ ပိုးကျတဲ့ လယ်တွေဆိုလို့ရှိရင် ရိတ်လို့မရတဲ့အခြေအနေမှာ ရှိတယ်။ လူတွေကတော့ ဘယ်လိုဖြစ် လဲ ဆိုတော့ အခု စပါးတွေကလည်း ရိတ်သိမ်းချိန်မှာ ပိုးတွေကျတော့ စားဝတ်နေရေး သိပ်မပြေလည်ဘူးပေါ့။ ပိုးကျတဲ့ စပါးကို နည်းနည်းကောင်းတာလေးတွေ ဘာတွေတွေ့ရင်တော့ ယစ်ယက်ပြီး အဲဒါလေးတွေကိုပဲ ရိတ်သိမ်းနေကြတာ။ ဟိုတုန်းက ၅၀ ထွက်တဲ့လယ်က အခု ၁၀ တောင်ရဖို့ မလွယ်ဘူး အဲဒီလို အခြေအနေတွေ ရှိတယ်။ ဒီနှစ်က စပါးတွေက လည်း အရမ်း အထွက် ဆုတ်ကြတယ်။ အထွက်ဆုတ်တာက ရာသီဥတုမမှန်လို့ အထွက်ဆုတ်တာလည်း ပါတယ်။ ဒီနွေဘက် ကျတော့ ပိုးကျပြီးတော့ တော်တော်ကို အထွက်ဆုတ်ကြတယ်။”
ဘိုကလေးမြို့က လယ်သမားတဦးပါ။ လတ်တလော မြစ်ဝကျွန်းပေါ် ဒေသ စပါးခင်းတွေကို ကျနေတဲ့ သီးနှံဖျက်ပိုးတွေ ဟာဆိုရင် Brown Plant Hopper (BPH) လို့ အတိုကောက် ခေါ်ဝေါ်သုံးစွဲတဲ့ အင်းဆက်ပိုးတမျိုးလို့လည်း သိရပါတယ်။ ဒီလို စပါးခင်းတွေ ပျက်စီးတဲ့အထိ ဖြစ်နေရတဲ့ အခြေအနေတွေကို ကာကွယ်နိုင်ဖို့အတွက် ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုး ရေး အဖွဲ့ (FAO) နဲ့ တခြား သက်ဆိုင်ရာ အဖွဲ့အစည်းတွေက အစီအမံတွေ လုပ်နေပြီလို့လည်း နီးစပ်သူဝန်ထမ်း တယောက် က ပြောပါတယ်။ အခုဆိုရင် ဖျာပုံ၊ ဘိုကလေး စတဲ့ ဒေသတွင်းက ကျေးရွာအုပ်စု တချို့က ဧကပေါင်း ၁၅၀ လောက်ကို ပိုးသတ်ဆေးပက်ဖျန်းတာတွေ လုပ်ထားတယ်လို့လည်း ဆိုပါတယ်။ ဒါပေမဲ့လည်း စပါးခင်း အများအပြားကတော့ ဒီလို အစီအမံတွေကို အချိန်မီမရနိုင်ခဲ့လို့ ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မြစ်ဝကျွန်းပေါ် ဒေသမှာ စေတနာ့ဝန်ထမ်း အကူအညီ ပေးရေး လုပ်ငန်းလုပ်ဆောင်နေသူ တယောက်က ပြောပြပါတယ်။
“စပါးတွေက ပိုးတွေက မမြင်ရဘူး။ အဲဒီ အပင်တွေက ဘယ်လိုဖြစ်လာလဲဆိုတော့ အပင်တွေက အရွက်ကလေးတွေက နေ့ချင်းညချင်း ညှိုး ညှိုးလာပြီးတော့ အပင်မဲှ့ ပုံစံမျိုးဖြစ်လာပြီးတဲ့အခါမှာ သုံးရက်လောက်လည်းနေရော စပါးတွေက နီမြန်းသွားရော။ ပြီးတော့မှ စပါးတွေ ပိုးကျတယ်ဆိုတာ သိတယ်။ အဲဒီလို သိတဲ့အချိန် သိသိချင်းပေါ့ဗျာ လယ်ယာ စိုက်ပျိုးရေး ဌာနကတော့ လိုက်လံပြီး ကြီးကြပ်ဆောင်ရွက်ပေးနေတာတွေ တွေ့ရတယ်။ ဒါပေမဲ့လည်း လက်လှမ်းမမီတော့ ဘူးပေါ့လေ။ ပြောမယ်ဆိုလို့ရှိရင် ၁၀၀ မှာ ၃၀ % လောက် တချို့နေရာတွေမှာ ပျက်စီးးတယ်လို့ ကျနော် သိရတယ်။ အဲ - နောက်တချက်ကလည်း မိုးကြောင့် ဖြစ်ပေါ်လာတဲ့အကျိုးဆက်ကလည်း စပါး တော်တော်များများကို ပျက်စီးစေတယ်ပေါ့နော်။ တချို့နေရာတွေမှာ ဥပမာပေါ့ မနေ့ကဆိုလို့ရှိရင် ကိုင်းတော၊ မအူ ဘက်မှာဆိုရင် စပါးတွေက တချို့ အပင်ပေါက်နေတာ တွေ့ရတယ်။ နောက်ပြီးတော့ ကျနော်တို့ ဟိုင်းဆီဆိုင်နယ် မစိမ်း တို့၊ တကံဘက် တို့မှာဆိုရင် လည်း စပါးတွေ တချို့ အပင်ပေါက်ပြီးတော့ ပြောမယ်ဆိုလို့ရှိရင် ကြိတ်လို့ရှိရင် ဆန်ကွဲ သာသာအနေနဲ့ပဲ ကြိတ်လို့ရမယ့် အနေအထားမှာ တွေ့ရတယ်။ လယ်သမားတွေအနေနဲ့ကတော့ နာဂစ်မုန်တိုင်းဒဏ် ခံရတာ ဒါကတော့ ပထမတပိုင်းပေါ့၊ နောက်တခါ ဒုတိယအနေနဲ့က သူတို့ရဲ့ဘ၀ ပြန်လည် တည်ဆောက်ရေးတွေမှာလည်း မလုံမခြုံနဲ့ အခက်အခဲတွေ မျိုးစုံ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကြောင့် ထပ်ပြီးတော့ သူတို့ မိုးစပါးပျက်စီး၊ နွေစပါးမရ အခြေအနေမျိုးတွေမှာကတော့ လယ်သမားတွေအတွက် တော်တော်ပဲ အခက်အခဲ အကျပ်အတည်းပေါင်းစုံ ရင်ဆိုင်နေရတယ်လို့ ပြောရမှာပဲ။”
စေတနာ့ဝန်ထမ်း အကူအညီပေးရေး လုပ်ငန်းလုပ်ဆောင်နေသူ တယောက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ စပါးကျီလို့ တင်စားပြောဆိုရတဲ့ မြစ်ဝကျွန်းပေါ်ဒေသမှာ နာဂစ် ဆိုင်ကလုန်းလေဘေးဒဏ် သင့်ရာက နာလန်ထူဖို့အရေး ကြိုးပမ်းနေ ကြရတဲ့ တောင်သူတွေ နွေစပါးရိတ်သိမ်းချိန် သီးနှံဖျက်ပိုးဒဏ် ခံနေကြရလို့ တပူပေါ် နှစ်ပူဆင့် ကြုံနေရတဲ့ အခြေအနေ တွေကို သူက ပြောပြသွားတာပါ။