၀က်တုပ်ကွေးဖြစ်သူဦးရေ အမေရိကန်မှာ တိုးလာ

မက္ကဆီကိုနိုင်ငံမှာ ဝက်တုပ်ကွေးရောဂါကြောင့် လူ ၁၅၀ ကျော် သေဆုံးလို့ ကမ္ဘာတဝန်း အဲဒီရောဂါထိန်းချုပ်ဖို့ ကြိုးပမ်း နေစဉ် အမေရိကန်နိုင်ငံမှာလည်း ဝက်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၆၅ ယောက်အထိ ရှိလာပါပြီ။

ဝက်တုပ်ကွေးရောဂါ တိုက်ဖျက်ရေး ဒေါ်လာ ၁ ဘီလီယံခွဲ သုံးစွဲခွင့်ပြုဖို့ ကွန်ဂရက်စ်ထံ သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က တောင်းခံထားပြီး မက္ကဆီကိုနဲ့ နယ်နိမိတ် ဆက်စပ်နေတဲ့ ကယ်လီဖိုးနီးယားပြည်နယ်မှာတော့ အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာထားရပါတယ်။

ပြည်နယ်အတွင်း သေဆုံးသွားသူ ၂ ယောက် ဝက်တုပ်ကွေးရောဂါနဲ့ ပတ်သက်သလားဆိုတာ စုံစမ်းစစ်ဆေးနေကြောင်း လော့စ်အိန်ဂျလိစ်တိုင်းမ် သတင်းစာက ရေးသားဖော်ပြပါတယ်။

မက္ကဆီကိုနိုင်ငံကနေ ရောဂါစတင် ပျံ့နှံ့နေလင့်ကစား နယ်စပ်ကို မပိတ်ဘူး၊ လူတွေကိုလည်း စစ်ဆေးသွားမှာ မဟုတ်ဘူး လို့ အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီး ဂျဲနက်နပိုလီတန်နို (Janet Napolitano) က ပြောဆိုပါတယ်။

ဝက်တုပ်ကွေးရောဂါကြောင့် မက္ကဆီကိုမှာ လူ ၁၅၀ ကျော်သေဆုံးပြီး အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ကော့စတာရီကာ၊ အစ္စရေးလ်၊ စပိန်နဲ့ နယူးဇီလန်နိုင်ငံတို့မှာလည်း ဝက်တုပ်ကွေးရောဂါ ဖြစ်နေသူများသာရှိပြီး အသေအပျောက်တော့ မရှိသေးပါဘူး။

သြစတြေးလျ၊ ပြင်သစ်၊ ဒိန်းမတ်နဲ့ တောင်ကိုရီးယား အပါအဝင် အခြားနိုင်ငံတွေမှာ ဝက်တုပ်ကွေးရောဂါလို့ မသင်္ကာရတဲ့ လူနာများ ရှိနေပြီလို့ သတင်းရရှိပါတယ်။