၀က်တုပ်ကွေး ကာကွယ်ဆေး ဖော်စပ်နိုင်ရေး သိပ္ပံပညာရှင်တွေ ကြိုးပမ်း

ဝက်တုပ်ကွေး ဗိုင်းရပ် ပျံ့နှံမှုကို ကမ္ဘာအဝှမ်း လူထု ကျန်းမာရေး အရာရှိတွေက ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေကြချိန်မှာပဲ၊ ဆေးသိပ္ပံ ပညာရှင်တွေကလည်း အခု ဗိုင်းရပ် မျိုးစိတ်သစ်အတွက် ကာကွယ်ဆေးထုတ်ဖို့ အပြင်းအထန်ကို ကြိုးပမ်း နေကြပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဗွီအိုအေသတင်းထောက် Jessica Berman သတင်းရေးသားပေးပို့ထားတာကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

Johns Hopkins တက္ကသိုလ် လူထု ကျန်းမာရေးဌာနက မော်လီကြူး ဇီ၀ ပညာရှင် Andrew Pekosz အဆိုအရတော့ အခု တိုင်းပြည် အချိုု့မှာတွေ့လာရတဲ့ H1N1 ဝက်တုပ်ကွေး ဗိုင်းရပ်မျိုးနဲ့ ပတ်သက်လို့ ပညာရှင်တွေ သိရှိထားမှု အတော် နည်းတယ်လို့ ပြောရမှာပါ။ တိုင်းပြည် တပြည်ကနေ တပြည် ဝက်တုပ်ကွေး ဗိုင်းရပ် ပျံ့နှံ့မှုနှုန်းကြောင့်လည်း ဒီရောဂါဟာ ကမ္ဘာရဲ့ ကပ်ရောဂါတခု ဖြစ်လာနိုင်ပါတယ်။

အခု ဗိုင်းရပ်ဟာ လူ အသက်ရှု လမ်းကြောင်းကို ထိခိုက်စေတဲ့ A အမျိုးအစား တုပ်ကွေးဖြစ်ပြီး ရောဂါ ပြင်းထန်ရင်တော့ အသက်ဆုံးရှုံးမှုပါ ဖြစ်တတ်ပါတယ်။ ဗိုင်းရပ်ဟာ လူတဦးကနေ တဦးကိုလည်း အလွယ်တကူကို ကူးစက်ပါတယ်။

ဒီဗိုင်းရပ်ဟာ ဝက် လူ ငှက်တို့မှာ ဖြစ်တဲ့ တုပ်ကွေး မျိုးရိုးဗီဇတွေ ရှိပြီး၊ ဘယ်သူမှ ဒီဗိုင်းရပ်ကို ခံနိုင်ရည်မရှိဘူးလို့ Pekosz က ပြောပါတယ်။

"ဒါဟာ ဗိုင်းရပ်အသစ်ပါ။ ဘယ်လို ဇီဝဖွဲ့စည်းမှုတွေရှိတယ်ဆိုတာ ကျနော် အတိအကျ မပြောနိုင်သေးပါဘူး။ တုပ်ကွေး ဗိုင်းရပ် မျိုးစိတ်တွေဟာ မတူညီတာနဲ့အမျှ တိရိစ္ဆာန်နဲ့ အခြား လူတွေမှာ ရောဂါဖြစ်နိုင်ခြေဟာလည်း တူညီမှု မရှိပါဘူး။ အခုတော့ ဒီဗိုင်းရပ်ကြောင့် ရောဂါဖြစ်နိုင်ခြေဟာ အတော်လေးကို ရှုပ်ရှုပ်ထွေးထွေး ရှိနေပါတယ်။"

အခု ဒီဗိုင်းရပ် ကာကွယ်ဆေး ထုတ်နိုင်ဖို့ ကြိုးပမ်းနေတဲ့ PATH လို့ခေါ်တဲ့ နိုင်ငံတကာ လူမှုအဖွဲ့အစည်းက Kathy Nauzil ကတော့ သတင်းကောင်း တခုကို ပြောပါတယ်။ အခု တွေ့ရတဲ့ ဝက်တုပ်ကွေး ဗိုင်းရပ်ရဲ့ မော်လီကျူး ဖွဲ့စည်းမှုကို သုံးသပ် ကြည့်တော့ တကမ္ဘာလုံးမှာ အခု တွေ့နေရတဲ့ ဗိုင်းရပ်က တမျိုးတည်းပဲ ဖြစ်နေတာပါတဲ့..

"ဗိုင်းရပ်က အသွင်ပြောင်း သွားတယ်ဆိုတာ မတွေ့ရပါဘူး။ မက်ဆီကိုနဲ့ အမေရိကန်ပြည်ထောင်စုက နေရာ အတော် များများမှာ တွေ့ရတဲ့ ဗိုင်းရပ်က တပုံစံတည်းဖြစ်နေပါတယ်။"

အခု တွေ့ရတဲ့ ဝက်တုပ်ကွေးဟာ လူတွေကို ကူးစက်ပြီး မျိုးရိုးဗီဇ ပြောင်းလဲပုံ မရတောကြောင့် ကာကွယ်ဆေး ထုတ်လုပ် ဖို့ ပိုပြီး လွယ်ကူလိမ့်မယ်လို့ သူက ပြောပါတယ်။ CDC အမေရိကန် ပြည်ထောင်စု ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး ဌာနကလည်း ကာကွယ်ဆေး ထုတ်နိုင်ဖို့အတွက် ဝက်တုပ်ကွေး ဗိုင်းရပ် နမူနာတွေကို ဆေးကုမ္ပဏီတွေကို ပို့ပေးနိုင်ဖို့ ပြင်ဆင်နေပါတယ်။ အခုတော့ ရှိနေတဲ့ အကဲစမ်းချက်ကတော့ ဝက်တုပ်ကွေး ကာကွယ်ဆေးတွေကို ဘယ်လိုဖြန့်ချီမလဲ ဆိုတာကို ဆုံးဖြတ်တဲ့ကိစ္စ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

လာမယ့် တုပ်ကွေး ရာသီအတွက် ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးတွေဟာ အခု H1N1 တုပ်ကွေးကို ထိရောက်မှု မရှိတာ ကြောင့် ဒါတွေကို အခုလက်ရှိ တုပ်ကွေးကာကွယ်ဆေးနဲ့ပေါင်းပြီး ထုတ်မလား သူ့ချည်းသက်သက် ကာကွယ်ဆေး အနေ နဲ့ ထားမလားဆိုတာ လူထုကျန်းမာရေးအရာရှိတွေ ဆုံးဖြတ်ဖို့လိုအပ်တယ်လို့ John Hopkins တက္ကသိုလ်က Andrew Pekosz က ပြောပါတယ်။

"H1N1 ဝက်တုပ်ကွေးဗိုင်းရပ်အပေါ်အခြေတည် ထုတ်လုပ်မယ့် တုပ်ကွေးဗိုင်းရပ် ကာကွယ်ဆေးတွေ လာမယ့် တုပ်ကွေး ရာသီမှာသုံးဖို့အတွက် လုပ်မယ်ဆိုရင် ကျနော်တို့ ဆုံးဖြတ်ရမှာတခုရှိပါတယ်။ ဒီအတွက် ကျနော်တို့ ဘယ်လောက် အားစိုက်ကြမလဲဆိုတာပါ။ နို့မဟုတ်ရင်တော့ ကျနော်တို့အတွက် တကယ်အထောက်အပံ့ဖြစ်မယ့် ကာကွယ်ဆေးထုတ်ဖို့ အချိန်မရလိုက်ပဲ ရှိပါလိမ့်မယ်။"

အခုတော့ WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ရော အမေရိကန် ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး ဌာနတို့ကပါ တုပ်ကွေး ဗိုင်းရပ်သစ် ကာကွယ်ဆေးအတွက် ဆေးကုမ္ပဏီတွေနဲ့ အတူ ပူးပေါင်းလုပ်ဆောင်နေပါတယ်။