မြန်မာနိုင်ငံမှာ နာဂစ်ဆိုင်ကလုန်း လေမုန်တိုင်းဒဏ် ခံခဲ့ရတာ တနှစ်ပြည့်လုနီးလာပေမဲ့ လေဘေးဒဏ်သင့်သူတွေ ရှင်သန် ရပ်တည်ရေး၊ ပြန်လည်ထူထောင်ရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်ကြိုးပမ်းနေရဆဲဖြစ်တယ်လို့ ဒေသခံတွေ၊ ကူညီ
ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ပြောဆိုလိုက်ကြပါတယ်။ ဒီအတွက် လတ်တလော ကြုံနေရတဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့နဲ့ ရေရှည်ရပ်တည်ရေးအတွက် ကူညီပံ့ပိုးမှုတွေ ဒီ့ထက်ပိုလုပ်သွားဖို့ လိုနေဆဲပဲ လို့ ဆိုကြပါတယ်။ လေဘေးဒဏ်သင့်ခဲ့တာ မေလ ၂ ရက် လာမယ့်စနေနေ့ဆိုရင် တနှစ်ပြည့်တော့မယ့်အချိန် မုန်တိုင်း ဘေးဒဏ်ခံဒေသက အခြေအနေတွေ ဘယ်လိုရှိနေတယ်ဆိုတာ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။
လူပေါင်း ၁၄၀,၀၀၀ လောက် သေကျေ ပျောက်ဆုံးတဲ့အထိ ဖြစ်ခဲ့တဲ့ နာဂစ်ဆိုင်ကလုန်း လေမုန်တိုင်းဒဏ် ခံခဲ့ရတာ တနှစ် ပြည့်တော့မှာ ဖြစ်ပေမယ့် လေဘေးဒဏ်ခံခဲ့ရတဲ့ မြစ်ဝကျွန်းပေါ်ဒေသက အခြေအနေတွေကတော့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်
နေရဆဲ ဖြစ်တယ်ဆိုပြီး နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေက ပြောဆိုလိုက်ကြတာပါ။ မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ လူပေါင်း ၂,၄၀၀,၀၀၀ လောက်ရှိမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းတွက်ဆထားတဲ့အထဲက အများစုကို နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တွေက မုန်တိုင်းလွန်ကာလတလျှောက် အရေးပေါ်အကူအညီတွေနဲ့ ပြန်လည်ထူထောင်ရေးအတွက် ထောက်ပံ့မှုတွေ လုပ်ခဲ့ပါတယ်။
ဒါပေမယ့်လည်း အခုလို မုန်တိုင်းဒဏ်သင့်ခဲ့တာ တနှစ်ပြည့်လာတော့မယ့် အချိန်အထိ ဒုက္ခသည်တွေဟာ သူတို့ခြေထောက် ပေါ် ပြန်ပြီးရပ်တည်နိုင်တဲ့ အခြေအနေမျိုးမရောက်နိုင်သေးဘဲ လိုအပ်ချက်တွေ အများအပြား ရှိနေဆဲဖြစ်တယ်လို့ ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ (WFP) ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပေါလ် ရစ္စလေ (Paul Risley) က ဆိုပါတယ်။
“ကျနော်တို့ WFP အနေနဲ့ ၁၂ လကြာလာခဲ့တဲ့အချိန် မြစ်ဝကျွန်းပေါ်ဒေသက အဆင်းရဲဆုံးနဲ့ အလိုအပ်ဆုံး အခြေအနေနဲ့ ကြုံနေရသူပေါင်း များစွာအတွက် အရေးပေါ်စားနပ်ရိက္ခာ ထောက်ပံ့မှုတွေ၊ တခြား ရည်ရွယ်ထားတဲ့ အစားအသောက်တွေ
ဆက်ပေးသွားရလိမ့်ဦးမယ်ဆိုတာ တွေ့ရပါတယ်။ အထူးသဖြင့်ကတော့ အရောက်အပေါက်နည်းတဲ့ အနောက်ဘက်နဲ့ တောင်ဘက်ပိုင်းဒေသတွေမှာ ဖြစ်ပါတယ်။” လို့ WFP ပြောခွင့်ရပုဂ္ဂိုလ် ပေါလ် ရစ္စလေက ပြောသွားတာပါ။
လေဘေးသင့် ဒုက္ခသည်တွေအနေနဲ့ တနှစ်ပြည့်လာပေမယ့် ပျက်စီးသွားတဲ့ သူတို့တတွေရဲ့ ဘဝတွေကို ပြန်လည် ထူထောင်နိုင်ရေး မပြောနဲ့၊ အသက်ရှင်သန် ရပ်တည်နိုင်ရေးအတွက် အခြေခံကျတဲ့ လိုအပ်ချက်တွေကိုတောင် မဖြည့်ဆည်းနိုင် ဖြစ်နေရတဲ့အခြေအနေကို မြစ်ဝကျွန်းပေါ် ဒေသခံတယောက်ကလည်း အခုလို ပြောပြပါသေးတယ်။
“အိမ်ဆိုလည်း အဖြစ်ပေါ့၊ နေလို့ဖြစ်မယ့် အနေအထားမျိုးဖြစ်အောင် ကျမတို့ဘက်က ထွက်တဲ့ သက်ကယ် ဝယ်မိုးထားရ တယ်ပေါ့။ ကျန်တဲ့ ကိုယ်ပြိုသွားတဲ့အထဲက ရတဲ့ဟာလေးတွေယူပြီး ပြန်ဆောက်ပြီးနေတယ်။ စားသောက်တာလည်း ဒီလိုပဲ၊ ကိုယ်ပိုင်စနစ်နဲ့၊ ဈေးသည်ဆိုလည်း ဈေးရောင်းပြီး ရှာဖွေစားသောက်ရတယ်။ တိုးတက်မှုအခြေအနေကတော့ မရှိဘူး။ ကျမတို့ ဒုက္ခနဲ့ရှိတယ်ဆိုတဲ့ အခြေအနေမျိုးပဲ ပြောရမှာပဲ။
“အရင်က ဒီမှာရှိတာ သာမန်ဈေးသည်တယောက် ဈေးရောင်းမယ်ဆိုရင် သုံးလေးထောင်ရောင်းနိုင်တဲ့ ဈေးသည်မျိုးက အခု တထောင် ထောင့်ငါးရာဖိုးတောင် တော်တော်ရောင်းယူရတယ်။ ဆိုက်ကားဆရာတယောက်ဆိုရင် အရင်က ဒီမှာ
လေးငါးထောင်လောက်ရအောင် နင်းလို့ရတယ်။ အခုရက်ပိုင်းအတွင်းမှာ ထောင့်လေးငါးရာရဖို့တောင် တော်တော် နင်းယူ နေရတယ်။ တကယ့်တကယ် ဒုက္ခရောက်နေတဲ့လူတွေက ဝါးလုံးနဲ့ သင်ပေါင်းနဲ့ဆောက်တဲ့ အိမ်အခြေအနေကနေ
ဘယ်လိုမှ တက်မလာသေးဘူး။ နေရေးထိုင်ရေးတောင် တော်တော်အခက်အခဲရှိတဲ့လူတွေ ရှိသေးတယ်။”
မြစ်ဝကျွန်းပေါ်ဒေသမှာ လူသားချင်းစာနာမှု အကူအညီတွေပေးရေး လုပ်ငန်းတွေ လုပ်နေတဲ့ Safe the Children အဖွဲ့က ဆိုရင်လည်း ကလေးငယ် ၂၀၀,၀၀၀ အပါအဝင် လူပေါင်း ၅၀၀,၀၀၀ လောက်ဟာ အခုအချိန်အထိ ဖြစ်သလို ဆောက်ထား တဲ့ နေရာတွေမှာ နေထိုင်နေရတယ်၊ မကြာခင် ရောက်လာတော့မယ့် မိုးရာသီမှာ ဒီလူတွေဟာ အခက်ကြုံကြရလိမ့်မယ် ဆိုပြီးတော့လည်း သတိပေးထားပါတယ်။
မုန်တိုင်းဒဏ်သင့်သူတွေအဖို့ ဒီလို စားဝတ်နေရေး အခက်အခဲတွေအပြင် နောက်ထပ် စိန်ခေါ်မှုအဖြစ် ကြုံနေရတာကတော့ စိတ်ပိုင်းဆိုင်ရာပြဿနာ ဖြစ်တယ်လို့လည်း ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်နေတဲ့ အဖွဲ့အစည်းတခုဖြစ်တဲ့ နိုင်ငံတကာ
ကြက်ခြေနီအသင်း (IFRC) ဆိုပါတယ်။
“စိတ်ဓာတ်ရေးရာအရ ထိတ်လန့်တုန်လှုပ်မှုဟာ နိုင်ငံတကာ ကြက်ခြေနီအသင်းကြီးအတွက် စိုးရိမ်မကင်းဖြစ်ရဆုံး ကိစ္စ တခုပါ။ အသက်မသေ ရှင်ကျန်ရစ်သူတွေ၊ အထူးသဖြင့် ကလေးငယ်တွေဟာ ကြောက်ရွံ့တုန်လှုပ်မှုတွေ ခံစားနေကြရဆဲ ဖြစ်တဲ့ လက္ခဏာတွေကို ပြသနေတုန်းပါပဲ။ အခုဆိုရင်လည်း မုတ်သုံရာသီ ရောက်လာတော့မယ့်အချိန် မိုးရွာတာ လေပြင်း တိုက်တာမျိုးတွေရှိရင် လူတွေက အိမ်ထဲက အိမ်ပြင်မထွက်ဘဲ နေကြတာမျိုး ကျနော်တို့ တွေ့နေရပါတယ်။” ဆိုပြီး နိုင်ငံတကာကြက်ခြေနီအဖွဲ့ (IFRC) ရဲ့ ဒေသဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးမှူး ဘန်း စကီးလ် (Bernd Schell) က ပြောသွား တာပါ။
ဒီလို နာဂစ်အိပ်မက်ဆိုးက ရုန်းမထွက်နိုင်ဖြစ်နေရတဲ့ ဒေသခံတွေရဲ့ စိုးရိမ်စိတ်တွေနဲ့ ပတ်သက်လို့ ဧရာဝတီတိုင်း ဘိုကလေးမြို့ခံ တယောက်ကလည်း သူ့အတွေ့အကြုံကို အခုလို ဆိုပါတယ်။
“နှစ်ပတ်လည် နီးလာလေ ရွာထဲကလူတွေကတော့ ခဲမှန်ဘူးတဲ့ စာသူငယ်လို့ပေါ့ နားစွင့်နေကြတာပေါ့။ မုန်တိုင်းသတင်းတို့၊ မိုးလေဝသ အခြေအနေတို့၊ ပြီးခဲ့တဲ့သင်္ကြန်တုန်းကတောင် မုန်တိုင်းတခု ကြားလို့ မြို့ပေါ် အများကြီးပဲ တက်လာကြတာ။ တချို့ဆို ခွက်တွေ၊ ပန်းကန်တွေ၊ အကုန်လုံးယူပြီး တက်လာကြတယ်။ မိန်းကလေးနဲ့ ကလေးတွေများတယ်၊ တက်လာကြ တာ။ လူအင်အားကို မနည်းဘူး။
“သူတို့ အဲဒီလိုပဲ နားစွင့်နေကြတာ။ တော်တော်ကြောက်နေကြတယ်။ ဒီအိပ်မက်ဆိုးကြီးကတော့ သူတို့အနေနဲ့ ဘယ်တော့မှ မေ့ပျောက်နိုင်မယ့် အိပ်မက်ဆိုးကြီး မဟုတ်ဘူး။ တကယ် နာဂစ်ကြောင့် ထိခိုက်ထားတဲ့ အိမ်ထောင်စုတွေဟာ အိမ်တအိမ် မှာ မသေဖူးတဲ့လူမှ မရှိတာ၊ နာဂစ်နဲ့ပတ်သက်ပြီး။ အဲဒီလိုဖြစ်ထားတော့ နောက်ဖြစ်လာနိုင်မယ့်၊ တနှစ်ပြည့်ခါနီးလေ သူတို့ အတွက် သတိထားလေလေ ဖြစ်နေတယ်။”
ဒီလို လေဘေးဒဏ်သင့်သူတွေ ကြုံနေရတဲ့ စိတ်ပိုင်း ရုပ်ပိုင်း ပြဿနာတွေကို အဘက်ဘက်က ပြန်လည်ကုစားဖို့ အပါအဝင် သူတို့ဘဝတွေ ပြန်လည်ထူထောင်နိုင်ဖို့အတွက် နိုင်ငံတကာ အတိုင်းအတာနဲ့ အကူအညီတွေကို ဆက်ပြီးပေးသွားဖို့လိုတယ်
ဆိုပြီးတော့လည်း ပြောနေကြတာပါ။ ဒီလိုလုပ်ဆောင်သွားနိုင်ဖို့လည်း ၃ နှစ်တာကာလအတွက် အမေရိကန်ဒေါ်လာ ၆၉၁ သန်း လိုမယ်ဆိုပြီးတော့လည်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေက ပြောဆိုထားတာ ဖြစ်ပါတယ်။