၀က်တုပ်ကွေး နှိုးဆော်ချက် အဆင့် ကုလ ထပ်မတိုးသေး

H1N1 ဝက်တုပ်ကွေးရောဂါပိုး ကမ္ဘာသို့ ကူးစက်ပျံ့နှံ့မှု သတိပေးချက်အဆင့် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က လောလောဆယ် မြှင့်တင်ဖို့ အစီအစဉ် မရှိသေးဘူး၊ ဒါပေမယ့် ရောဂါနဲ့ပတ်သက်ပြီး မသေချာ မရေရာ ဖြစ်နေသေးလို့ သတိကြီးစွာတော့ထားရလိမ့်မယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က ဆိုပါတယ်။

ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအား တနင်္လာနေ့က ရှင်းပြရင်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တကယ်လို့ WHO က သတိပေးချက်အဆင့် မြှင့်တင်ရရင်တောင်မှ ပထဝီဒေသအလိုက် ပျံ့နှံ့မှုကြောင့် မြှင့်တင်ရခြင်းသာဖြစ်ပြီး ရောဂါပိုးရဲ့ ပြင်းထန်မှုကြောင့် မဟုတ်ပါဘူးလို့လည်း ရှင်းလင်းပြောဆိုသွားပါတယ်။

၂၁ နိုင်ငံမှာ ဝက်တုပ်ကွေးရောဂါဖြစ်မှု ၁,၀၀၀ ကျော်ရှိနေပြီလို့ WHO က အတည်ပြု ကြေညာပါတယ်။ ရောဂါစတင်တဲ့ မက္ကဆီကိုနိုင်ငံမှာ ဝက်တုပ်ကွေးရောဂါဖြစ်ကြောင်း အတည်ပြုနိုင်တဲ့လူနာ ၇၂၀ ကျော်ရှိပြီး လူနာ ၂၅ ယောက် သေဆုံး ခဲ့ပါတယ်။ အမေရိကန်၊ ဥရောပနဲ့ အာရှတိုက်တို့မှာတော့ ဝက်တုပ်ကွေးရောဂါဖြစ်မှု နေ့စဉ် တိုးနေပြီး အမေရိကန် ပြည်ထောင်စုက ၃၆ ပြည်နယ်မှာ ရောဂါဖြစ်မှု ၂၈၆ မှု ရှိနေပြီလို့ ကြေညာပါတယ်။

အမေရိကန်နိုင်ငံ ပြည်တွင်းလုံခြုံရေးဝန်ကြီး ဂျဲနက် နပိုလီတန်နို (Janet Napolitano) က အမေရိကန်နိုင်ငံက ရောဂါဖြစ်မှု အားပျော့ပြီး တယောက်မှ ဆေးရုံမတင်ရသေးပါဘူးလို့ ရှင်းလင်းပြောဆိုပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ထဲ WHO က ကြေညာထားတဲ့ သတိပေးချက် အဆင့် ၅ ဟာ ကမ္ဘာ့ကပ်ဆိုက်မှုရောက်ဖို့ တဆင့်ပဲ လိုပါတော့တယ်။