ပါကစ္စတန်တိုက်ပွဲကြား အရပ်သား ၅၀၀,၀၀၀ လောက် ထွက်ပြေးနိုင်

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း
ပြည်နယ်မှာ အစိုးရစစ်တပ်နဲ့ တာလီဘန်
သူပုန်တို့ကြား တိုက်ခိုက်မှု ကြီးထွားလာနေလို့
လူ ၅၀၀,၀၀၀ လောက် ထွက်ပြေးလာကြလိမ့်
မယ်လို့ တာဝန်ခံများက ခန့်မှန်း ပြောကြား
ကြပါတယ်။

ဆွပ်တ် (Swat) တောင်ကြား မင်ဂိုရာ
(Mingora) မြို့က လူတွေ ဘေးကင်းရာကို
ထွက်ပြေးလာကြတဲ့အခါ နေရာချထားဖို့
ယာယီစခန်းများ သက်ဆိုင်ရာ အာဏာပိုင်
တွေက ဆောက်လုပ်ထားတယ်လို့ ပြည်နယ်
ပြန်ကြားရေးဝန်ကြီး မီယန် အစ်ဖ်တစ်ကာ
ဟူစိန် (Mian Iftikhar Hussain) က ပြောဆို
ပါတယ်။

အရပ်သားများ ပြောင်းရွှေ့နေထိုင်နိုင်ကြရေး ညမထွက်ရအမိန့် စစ်တပ်က ပြန်လည်
ရုပ်သိမ်းလိုက်ပြီးနောက် ကြောက်လန့်နေကြတဲ့ အရပ်သားများ အဲဒီဒေသက စတင်
ထွက်ခွာနေကြပါပြီ။ မင်ဂိုရာမြို့ တစိတ်တပိုင်းကို သူပုန်တွေက ကင်းလှည့်နေကြပြီး
အချက်အချာကျတဲ့ နေရာတွေမှာ မြေမြှုပ်မိုင်းများ မြှုပ်နေကြတယ်လို့ ဒေသခံများက
ပြောပြပါတယ်။

ငြိမ်းချမ်းရေး သဘောတူညီချက်ထဲမှာ ပါတဲ့အတိုင်း သူပုန်တွေက လက်နက်မချဘဲ
သဘောတူညီချက်ကို ချိုးဖောက်တဲ့အတွက် ပါကစ္စတန်စစ်တပ်က တာလီဘန်သူပုန်များအား
အရင်လကတည်းက ထိုးစစ်ဆင် တိုက်ခိုက်နေခဲ့တာ ဖြစ်ပါတယ်။ ပက်ရှ်ဝါ
(Peshawar) မြို့အနီး စစ်တပ်ရဲ့ စစ်ကြောရေးစခန်းထဲကို အသေခံ ဗုံးဖောက်ခွဲကား
တစီး မောင်းဝင်လာလို့ အရပ်သား ၄ ယောက်နဲ့ စစ်သား ၁ ယောက် သေဆုံးသွား
ပါတယ်။

ပါကစ္စတန်နိုင်ငံအနေနဲ့ လူမှုရေး၊ နိုင်ငံရေးနဲ့ စီးပွားရေးပြဿနာကြီးတွေနဲ့ ရင်ဆိုင်
နေရပေမယ့် ရှုံးနိမ့်တဲ့နိုင်ငံတနိုင်ငံအဖြစ် အမေရိကန်နိုင်ငံဘက်က မသတ်မှတ်ဘူးလို့
အမေရိကန်နိုင်ငံရဲ့ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်နိုင်ငံဆိုင်ရာ အထူးသံတမန်
ရစ်ချတ်ဒ် ဟိုးလ်ဘရွတ်ခ် (Richard Holbrooke) က ပြောကြားလိုက်ပါတယ်။
အင်္ဂါနေ့က အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီရှေ့မှောက်
ကြားနာပွဲမှာ မစ္စတာဟိုးလ်ဘရွတ်ခ်က ပါကစ္စတန်နိုင်ငံရဲ့ ပြဿနာဟာ သိပ်ကို
ကြီးမားပေမဲ့ ဒါဟာ နိုင်ငံပြိုကွဲလုနီးပါး ဖြစ်နေတာတွေ မဟုတ်ပါဘူးလို့
ပြောပါတယ်။

တာလီဘန်တွေ တိုးပြီးလှုပ်ရှားလာတာနဲ့ ပတ်သက်ပြီး ပါကစ္စတန်မှာရော
အမေရိကန်နိုင်ငံကိုပါ စိုးရိမ်ထိတ်လန့်စေတဲ့အပြင် ပါကစ္စတန်ဟာ ရန်သူရဲ့
ဆိုးဆိုးဝါးဝါး စမ်းစစ်တိုက်ခိုက်မှုကို ခံနေရတယ်လို့လည်း ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုကတော့ ပါကစ္စတန်နိုင်ငံ ဒီမိုကရေစီရေး တည်ငြိမ်စေဖို့
အတွက် ထောက်ခံပံ့ပိုးပေးသွားမယ်လို့လည်း မစ္စတာဟိုးလ်ဘရွတ်ခ်က ပြောကြား
ခဲ့ပါတယ်။

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ဟာ ဗုဒ္ဓဟူးနေ့မှာ
ပါကစ္စတန်သမ္မတ အဇစ်ဖ် အလီ ဇာဒါရီ (Asif Ali Zardari)၊ အာဖဂန်နစ္စတန်သမ္မတ
ဟာမစ် ကာဇိုင်း (Hamid Karzai) တို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။