မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝင်းထဲကို တိတ်တဆိတ် ရေကူးပြီး ရောက်သွားခဲ့တဲ့ နိုင်ငံခြားသားတဦးကို ဖမ်းဆီး ထိန်းသိမ်းလိုက်တယ်လို့ အာဏာပိုင်တွေဖက်က ပြောဆိုခဲ့ပေမဲ့လည်း အခြေအနေတွေကို ဒီထက် ပိုပြီးမသိနိုင်သေးတာမို့ စိုးရိမ်မကင်း ဖြစ်နေတဲ့ အမျိုးသားဒီမိုကရေစီဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) ကတော့ ဒါကို တိတိကျကျ ထုတ်ပြန်ပြောဆိုဖို့ ပြောလိုက်ပါတယ်။
တချိန်တည်းမှာပဲ အမေရိကန်နိုင်ငံသား တဦးလို့ဆိုတဲ့ ဖမ်းဆီးခံထားရသူရဲ့ အခြေအနေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ သံရုံး က တွေ့ဆုံခွင့်ရဖို့လည်း ဆက်ပြီး တောင်းခံနေပေမဲ့ မရနိုင်သေးဘဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒါနဲ့ပတ်သက်လို့ စုံစမ်းထား တဲ့ ကိုအောင်လွင်ဦက နောက်ဆုံးသိရသမျှတွေကို တင်ပြထားပါတယ်။
ရန်ကုန်မြို့ အင်းလျားကန် နံဘေးက ဒေါ်အောင်ဆန်းစုကြည် ရဲ့ နေအိမ်ကို ရေကူးဝင်ရောက်ခဲ့တဲ့ အမေရိကန် နိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားသူ Mr John Willian Yeattaw ဆိုသူကို ဖမ်းဆီးစစ်ဆေးနေတဲ့အကြောင်း ထုတ်ဖော် ပြောဆို ထားပေမဲ့လည်း ဒီထက်ပိုပြီး သဲသဲကွဲကွဲ သိလိုနေကြတာပါ။ အထူးသဖြင့်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ဖမ်းဆီးခံထားရတာ သက်တမ်းကုန်ဆုံးဖို့ ရက်ပိုင်းသာ လိုတော့တဲ့အချိန် အခုလို သတင်းတွေ ထွက်ပေါ်လာ တာမို့လည်း နောက်ဆက်တွဲ ရိုက်ခတ်မှုတွေ ရှိလာလေမလားဆိုပြီး စိုးရိမ်မကင်းဖြစ်တာတွေကလည်း ရှိနေတာပါ။ အစိုးရရဲ့ သတင်းထုတ်ပြန်မှုတွေ ရှင်းရှင်းလင်းလင်း မရှိဖြစ်နေရချိန် သံသယတွေသာ ပွားလာနေရတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) ပါတီ အတွင်းရေးမှူး အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးဝင်းတင် ကဆိုပါတယ်။
“ကျနော် မြင်ပုံမြင်နည်းကတော့တမျိုးပေါ့ဗျာ။ ဒါ သူတို့ လုံခြုံရေးတာဝန်ရှိတယ်၊ သူတို့ဘက်က အကြီးအကျယ် ပျက်ကွက် တာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ခြံကိုလည်း သူတို့ စောင့်နေတယ်ဗျာ။ အိမ်ကိုလည်း စောင့်နေတယ်ဗျာ။ ဒီကြားထဲကနေပြီး တော့ သူခိုးဝင်တယ်ဆိုတာတောင် လွန်လှပြီဗျာ။ နိုင်ငံခြားသားတို့ဘာတို့ ရောက်တယ်ဆိုတာ သူတို့ရဲ့ ညံ့ဖျင်းမှုပေါ့။ အစိုးရရဲ့ ညံ့ဖျင်းမှုပေါ့။ အစိုးရရဲ့ လုံခြုံရေးအစီအမံတွေ မသေသပ်မှု၊ မသပ်ရပ်မှုအပေါ်မှာ သွားထိတယ်လို့ ဒီလိုပြောလို့ ရတာပဲ။ ဒါက တချက်ပေါ့ဗျာ။ နောက်တချက်က - ဒီကိစ္စဟာ ဒေါ်စုကလည်း လွတ်ခါနီးပြီပေါ့ဗျာ။ ဒီလ ၂၇ ရက်နေ့ဆို လွတ်ရက်စေ့ပြီ။ အဲဒီလိုအချိန်မျိုးမှာ ဒီသတင်းကို ထုတ်ပြန်တဲ့အပေါ်မှာ ကြည့်ရတဲ့အတိုင်းဆိုရင် ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ တခုခုများ ပြန်ပြီးတော့ အချိတ်အဆက်တွေပေါ့ဗျာ၊ လုပ်ဖို့များ ကြံနေသလားလို့တောင် တွေးလို့ရတာပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ လုပ်ကြံမှုတွေ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားသားနဲ့ ဆက်တယ်။ ဒေါ်အောင်ဆန်းစုကြည်ဆီကို နိုင်ငံခြားကနေပြီးတော့ စာတွေဘာတွေ ပို့တယ် စသဖြင့်၊ သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည် ကနေပြီးတော့ နိုင်ငံခြားသား ကိုတဆင့် - ဥပမာဆိုရင်တော့ - အမှာစကားတွေဘာတွေ ပြောတယ် ဘာညာဆိုတဲ့ ဒီလို စွပ်စွဲ ချက်တွေများ ဖြစ်မလား ဆိုတဲ့ သံသယရှိစရာ အများကြီးကောင်းတာပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ သာမန်အားဖြင့်ဆိုရင် ဒီလောက် လုံခြုံရေးကြား ကနေ ဖောက်ထွက်လာတယ် ဆိုတဲ့ဟာက ဘယ်လိုမှကို မဖြစ်နိုင်တဲ့ အနေအထား ဖြစ်တာကိုး။ အဲဒီတော့ ဒါ အများကြီး သံသယရှိစရာ ကောင်းတဲ့အချက်လို့ပဲ ကျနော်က ပြောချင်တာပေါ့။”
ဖမ်းဆီးခံထားရသူဟာ အမေရိကန် နိုင်ငံသား တဦးလို့ ဆိုထားတာမို့လည်း ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးကလည်း ပိုပြီး သိနိုင်ဖို့၊ ဖြစ်ပျက်ခဲ့တာနဲ့ ပတ်သက်လို့ သူတို့ဖာသာ တိတိကျကျ ဖော်ထုတ်နိုင်ဖို့အတွက် အဖမ်းခံထားရသူနဲ့ တွေ့ဆုံခွင့်ရဖို့ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန စတဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေဆီ တောင်းခံထားတယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း အာဏာပိုင်တွေဖက်ကတော့ ဒီတောင်းဆိုချက်ကို အခုတိုင် လက်မခံငြင်းဆန် နေဆဲပဲလို့ လည်း သံရုံးတာဝန်ရှိသူတွေက ပြောပါတယ်။
ဒီလို အခြေအနေမှာ သံသယတွေ ကင်းရှင်းရအောင် အာဏာပိုင်တွေဖက်က အဖြစ်အပျက်ကို ရှင်းရှင်းလင်းလင်း ဖြစ်ဖို့လို တယ်လို့လည်း ဦးဝင်းတင် က ဆိုပါတယ်။
“အကောင်းဆုံးကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ရှင်းလင်းဖို့က အစိုးရက ဘယ်လိုကြံရွယ်တယ်ဆိုတာမျိုး ကျနော်တို့ဘက်က သံသယတွေ၊ သို့မဟုတ်ရင်လည်း လုံခြုံရေးကိစ္စ ဒီလောက် လျော့နည်းရသလား ဆိုတဲ့ ကျနော်တို့ဘက်က အပြစ်တင်ချက် တွေပေါ့ဗျာ။ ဒါတွေ ရှင်းသွားအောင်ဆိုရင် စစ်မေးချက်တွေကနေပြီးတော့ ဘာတွေ အဖြေရသလဲ။ ဘာတွေပေါ်လာသလဲ။ ဒါကို ရှင်းရှင်းလင်းလင်း ထုတ်ပြန်ဖို့ လိုတာပေါ့ဗျာ။ ထုတ်ပြန်ဖို့ပဲပေါ့။ ဒါနဲ့ပတ်သက်လို့လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသံကိုလည်း နားထောင်ဖို့ လိုတာပေါ့ဗျာ။ အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မပေးနိုင်ရင်တောင်မှ ဒေါ်အောင်ဆန်းစုကြည်ကို သွားမေးပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ဒါနဲ့ပတ်သက်ပြီးတော့ statement တခုပေးပါပေါ့။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြေညာချက်ပေါ့။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထား၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်၊ ကျမ ဒီကိစ္စနဲ့ပတ်သက်လို့ လုံးဝမသိဘူး။ သို့မဟုတ် ဒီကိစ္စနဲ့ပတ်သက်လို့ ကျမကို ဥပမာ ဆိုတာက အစိုးရကို လုံခြုံရေးအဖွဲ့ တွေက အများကြီး စောင့်ရှောက်ပေးတဲ့အတွက် အကူအညီရတယ်ပေါ့။ ဒီလို ပြောချင်တာပြောလေ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသံလည်း နားထောင်ရမှာပေါ့။ ဘာဖြစ်လို့လဲဆိုရင် ရှင်းရှင်းပြောရရင် ဒီလို အနေအထားမျိုး မှာက သူခိုးဝင်တာတောင်မှ မဖြစ်နိုင်တာ။ ဒီအတိုင်းဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို တနေ့မှာ ဝင်သတ်သွားရင် နိုင်ငံခြားသားတယောက် ဝင်သတ်သွားတယ်ဆိုတဲ့ အပြောအဆိုမျိုးကို ကျနော်တို့ ဘယ်လို လက်ခံနိုင်မှာလဲ။ ကျနော်တို့ ဘယ်လိုမှ လက်မခံနိုင်ဘူးပေါ့။ ဒီလိုသာ မလုံခြုံဘူးဆိုရင် သတ်တဲ့သူက ဝင်ပြီးတော့ မလုပ်ဘူး လို့ မပြောနိုင်ဘူး။ ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက်လည်း စိုးရိမ်တယ်။ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ် အပြစ်တွေ တင်လာမယ့် စွပ်စွဲချက်တွေ ထပ်ပြီး ထုတ်လာမယ့်၊ သို့မဟုတ်လည်း သူ့ရဲ့လုပ်ရပ်ကို ရွှေ့ဆိုင်းနိုင်တဲ့ အနေ အထားမျိုးတွေ ဖြစ်လာမှာလည်း ကျနော်တို့က စိုးရိမ်တယ်။ အဲဒီတော့ အကောင်းဆုံးကတော့ အဖြေဖြစ်ဖို့ အကောာင်းဆုံး နည်းက အစိုးရကနေပြီးတော့ ပွင့်ပွင့်လင်းလင်း မှန်မှန်ကန်ကန်နဲ့ သူတို့ရဲ့ ဒီနိုင်ငံခြားသားအပေါ်မှာ စစ်မေးချက်တွေကို ထုတ်ပြန်ကြေညာဖို့ပဲ ဒါပဲပေါ့ဗျာ။”
ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးအတွက် စိုးရိမ်မကင်းဖြစ်နေတဲ့ အဲန်အယ်လ်ဒီ အတွင်းရေးမှူး ဦးဝင်းတင်ပါ။
ဒီလို အမေရိကန်နိုင်ငံသား တဦးကို ဖမ်းဆီးမိတယ်ဆိုတဲ့ သတင်းထုတ်ပြန်တဲ့ တချိန်တည်းလိုလိုမှာပဲ၊ ဒေါ်အောင်ဆန်းစုကြည် ရဲ့ နေအိမ်ခြံဝင်းတဝိုက် လုံခြုံရေး အစီအမံတွေ တိုးမြှင့်ခဲ့ပေမဲ့ အခုတော့ ဒါတွေကို ပြန်ပြီး ရုပ်သိမ်းလိုက်ပြီလို့လည်း သိရပါတယ်။ အစောပိုင်းမှာတုန်းက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှိရာ တက္ကသိုလ် ရိပ်သာလမ်းက ယာဉ်အသွားအလာတွေကို ပိတ်ဆို့ထားခဲ့သလို လုံခြုံရေး ရဲတပ်ဖွဲ့ဝင် ၂၀ လောက် ဟာလည်း နေအိမ်ဝင်းထဲကို သွားရောက်တာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့လည်း ဒီကနေ့မှာတော့ လုံခြုံရေးတပ်ဖွဲ့ တွေချထားတာ၊ ယာဉ်အသွားအလာတွေကို ပုံမှန်အခြေအနေမှာပဲ ပြန်ဖြစ်နေပြီဆိုပြီး မျက်မြင်တွေ့သူတွေက ပြောပါတယ်။