ဒေါ်စု ဆေးကုသမှု ခံယူခွင့်ပြုရေး အန်အယ်လ်ဒီတိုက်တွန်း

၆ နှစ်ကြာ နေအိမ်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေ ပြီးတော့ သူမကို ဆရာဝန်နဲ့ နောက်ထပ် တွေ့ဆုံခွင့် ပေး ၊ မပေး စတာတွေနဲ့ပတ်သက်လို့ အစိုးရဘက်က သူမရဲ့ ပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီကိုရော ပြည်သူလူထုတွေကိုပါ အသိပေးပြောဆိုတာ မရှိတဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိနေပါတယ်။ ဒီအပေါ် အစိုးရ ဘက်က ပွင့်ပွင့်လင်းလင်း အသိပေးပြောဆိုသင့်တယ်လို့ NLD က ဝေဖန်လိုက်သလို အာဆီယံ လွှတ်တော် အမတ်များ အဖွဲ့ AIPMC ကလည်း အစိုးရရဲ့ အခုလို လုပ်ဆောင်ချက်တွေနဲ့ပတ်သက်လို့ အတော်လေးကို စိုးရိမ်မိတဲ့အကြောင်း ပြောဆို လိုက်ကြပါတယ်။ အပြည့်အစုံကိုတော့ မနန္ဒာချမ်းက တင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ ဘယ်လိုရှိတယ်ဆိုတာနဲ့ပတ်သက်လို့ NLDကိုရော ပြည်သူကိုပါ အစိုးရက အခုထိကို ပွင့်ပွင့်လင်းလင်း အသိပေးတာမျိုး မရှိသေးပါဘူး။ ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်လို့ စိုးရိမ်မှုတွေက ရှိနေသလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်း ကိုလည်း အခုထိ ထိန်းသိမ်းထားဆဲမို့ ဒါတွေနဲ့ပတ်သက်လို့ အမျိုးမျိုး ဝေဖန်သုံးသပ်သံတွေလည်း ထွက်ပေါ်နေတာပါ။ ဒီအပေါ်မှာ အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကတော့ -

“ ပွင့်ပွင့်လင်းလင်း ပြောရမယ့်ကိစ္စပဲ။ ကျွန်တော်တို့ ဒီမှာက သတင်းအမှောင်ချတဲ့ အလေ့အကျင့် ရှိနေတယ်။ ဒါဟာ မကောင်းဘူး။ ကျွန်တော်တို့ ပြည်သူလူထုတွေ သိသင့်တဲ့ သတင်းတွေကို သိခွင့်ပေးသင့်တယ်။ ဒီလိုပဲ ပြောချင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ သွေးပေါင်ချိန်ကျပြီး ရေဓာတ်လျော့နည်းတာကြောင့် သောကြာနေ့တုန်းကပဲ ဒေါက်တာ တင်မျိုးဝင်းရဲ့ လက်ထောက် ဒေါက်တာ ပြုံးမိုအိကနေ အားဆေးသွင်းပေးခဲ့ရတာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအရ နောက်ရက်မှာ ထပ်တွေ့ခွင့် ဒေါက်တာပြုံးမိုအိ က တောင်းခံထားပေမယ့် အစိုးရဘက်က အခုထိ ဝင်ခွင့် မပေးသေး ဘူးလို့ သိရတဲ့အကြောင်း ဦးဉာဏ်ဝင်း က ပြောပြပါတယ်။ ဒီအပေါ်လည်း -

“လိုရင်လိုသလို လွတ်လွတ်လပ်လပ် တွေ့ဆုံခွင့် ကတော့ မရှိဘူး။ အမှန်တော့ ဒါ ရှိသင့်တာပေါ့။ အမှန်ပြောလို့ရှိရင် ဒေါ်စု ကို နေအိမ် အကျယ်ချုပ် ကန့်သတ်ထားတဲ့အထဲမှာ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး ဘာမှ ကန့်သတ်ထားတဲ့ ဥပဒေ မရှိဘူး။ သို့သော်လည်းပဲ သူတို့ ကန့်သတ်နေတယ်။ အဲဒီလို တွေ့နေရတယ်။”
NLDအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆရာဝန် ဒေါက်တာ တင်မျိုးဝင်း ကိုလည်း ပြီးခဲ့တဲ့ ကြာသပတေးနေ့ကတည်းက အာဏာပိုင်တွေဘက်က ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တာ အခုထိ သူ့ကို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်။ ဘာကြောင့် ထိန်းသိမ်းထားတယ်။ သူ့ ကျန်းမာရေးအခြေအနေ ဘယ်လိုရှိတယ် ဆိုတာနဲ့ပတ်သက်လို့ စစ်အစိုးရဘက်က ဒေါက်တာတင်မျိုးဝင်းရဲ့ မိသားစုဝင် တွေကို အသိပေး ပြောဆိုတာမျိုး မရှိဘူးလို့ မိသားစုဝင်တဦးက ပြောပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်သက်တမ်း တိုးမြှင့်ထားတဲ့အပေါ် အယူခံလွှာကိုလည်း ပြီးခဲ့တဲ့လကုန်ကပဲ အစိုးရက ပယ်ချခဲ့လို့ ဒီ့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးဖို့ သူမရဲ့ ရှေ့နေကြီး ဦးကြည်ဝင်း က တောင်းဆိုထားတဲ့အပေါ်မှာလည်း အစိုးရက အခုထိ တစုံတရာ အကြောင်းပြန်ကြားခြင်း မရှိသေးပါဘူး။ မြန်မာစစ်အစိုးရရဲ့ အခုလို အပြုအမူ နဲ့ ပြည်သူတွေ သိအောင် ပွင့်ပွင့်လင်းလင်း ချပြ ပြောဆိုတာ မရှိတဲ့အတွက် ဒါဟာ အကြီးအကျယ် လူ့အခွင့်အရေး ချိုးဖောက်မှု တရပ်ဖြစ်တယ်လို့ AIPMC ခေါ် မြန်မာ့အရေး အာဆီယံလွှတ်တော်အမတ်များအဖွဲ့ ကလည်း ပြောဆိုလိုက်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် အခုလို နေထိုင်မကောင်းဖြစ်နေချိန်မှာ သူရဲ့ဆရာဝန်ကို နောက်ထပ် တွေ့ခွင့်မပေးတာ၊ ဒေါ်စုရဲ့ ကျန်းမာရေးအတွက် အထူးဂရုစိုက် ဆောင်ရွက်ပေးခြင်းမရှိတာ၊ ဒါတွေအပေါ် ကျွန်တော်တို့ တော်တော်လေး စိုးရိမ်မိပါ တယ်။ အစိုးရရဲ့အခုလို လုပ်ရပ်ကို ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည် အခုလို နေထိုင်မကောင်းဖြစ်နေချိန်မှာ သူမရဲ့ ဆရာဝန်ကို နောက်ထပ် တွေ့ခွင့်မပေးသေးတာ၊ ဒေါ်စုရဲ့ ကျန်းမာရေးအတွက် အထူးဂရုစိုက်ဆောင်ရွက်ပေးခြင်းမရှိတာ ဒါတွေအပေါ် ကျနော်တို့ အတော်လေးကိုပဲ စိုးရိမ်မိပါတယ်။ အစိုးရရဲ့ အခုလို လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ကျနော်တို့ ရှုတ်ချပါတယ်။

AIPMC ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Roshan Jason ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၀၃ ခုနှစ် မေ ၃၀ ဒီပဲယင်း ဖြစ်ပြီး ကတည်းက အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ဘဝနဲ့ ထိန်းသိမ်းထားတာဟာ အခုလကုန်ဆိုရင် သက်တမ်းပြည့် တော့မှာပါ။ ဒါကို အစိုးရက လွှတ်မပေးဘဲ သက်တမ်းဆက်တိုးမှာကို စိုးရိမ်တဲ့အကြောင်းလည်း သူက ပြောဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူမအပေါ် ဖမ်းဆီးထားတာကို ဥပဒေကြောင်းအရ ခုခံပိုင်ခွင့် အပြည့်အ၀ ရှိတယ်လို့လည်း မစ္စတာ Roshan ပြောခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့တပတ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံဝင်းထဲကို နိုင်ငံခြားသားတယောက် ရေကူးဝင်ရောက်ခဲ့တဲ့သတင်းတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် အစိုးရမှာ အပြည့်အ၀ တာဝန်ယူတယ်လို့လည်း မစ္စတာ Roshan က ပြောဆိုခဲ့ပါတယ်။ မြန်မာ စစ် အစိုးရအနေနဲ့ ဒီအခြေအနေတွေနဲ့ပတ်သက်လို့ သတင်းမှန်တွေကို အများသိအောင် ပွင့်ပွင့်လင်းလင်း ပြောဆိုဖို့ကို သူက အခုလို တိုက်တွန်းခဲ့ပါသေးတယ်။

“ဒီအချိန်မှာ မြန်မာစစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေ စောင့်ရှောင့်မှုတွေနဲ့ ပတ်သက် လို့ သူ့ရဲ့ ပါတီကိုရော၊ သူ့ရဲ့ဆရာဝန်ကိုရော၊ ရှေ့နေကိုပါ ပွင့်ပွင့်လင်းလင်း အသိပေး အကြောင်းကြားသင့်ပါတယ်။ အခုလို ပိတ်ပင် ကန့်သတ်ခံနေရတာတွေ၊ သတင်းအမှောင်ချနေတာတွေကို ဆက်မလုပ်သင့်တော့ဘူးလို့ ကျွန်တော်တို့ ယုံကြည် ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဆရာဝန်နဲ့ ချက်ခြင်း တွေ့ခွင့်ပေးဖို့ကိုလည်း ကျွန်တော်တို့ တောင်းဆိုပါတယ်။ ”

ဒီအချိန်မှာ မြန်မာစစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ စောင့်ရှောက်မှုတွေနဲ့ပတ်သက်လို့ သူမရဲ့ ပါတီကိုရော - သူမရဲ့ ဆရာဝန်ကိုရော - ရှေ့နေ ကိုပါ ပွင့်ပွင့်လင်းလင်း အသိပေး အကြောင်းကြားသင့်ပါတယ်။ အခုလို ပိတ်ပင်ကန့်သတ်နေတာတွေ သတင်းအမှောင်ချတာတွေကို ဆက်မလုပ်သင့်တော့ဘူးလို့ ကျနော်တို့ ယုံကြည်ပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဆရာဝန်နဲ့ ချက်ချင်းတွေ့ခွင့်ပေးဖို့ကိုလည်း ကျနော်တို့ တောင်းဆိုပါတယ်။ AIPMC မြန်မာ့အရေး အာဆီယံလွှတ်တော်အမတ်များအဖွဲ့ ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Roshan Jason ပြောဆိုခဲ့တာဖြစ်ပါ တယ်ရှင်။