မြန်မာပြည်မှာ မကြာခင် ရောက်လာတော့မယ့် မုတ်သုံမိုးရာသီဟာ မုန်တိုင်းက
လွတ်လာခဲ့ကြတဲ့ ဧရာဝတီတိုင်း နာဂစ်ဒုက္ခသည်တွေအတွက် ခြိမ်းခြောက်မှုတခု
ဖြစ်နေလို့ ဒုက္ခသည်တွေကို အကူအညီ ပိုပြီးပေးကြဖို့ ကုလသမဂ္ဂ အရာရှိတွေက
စိုးရိမ်တကြီး ပြောဆိုနေကြပါတယ်။ နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့တာ တနှစ်ပြည့်သွားပြီ
ဆိုပေမယ့်လည်း ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသက ပြည်သူတော်တော်များများအတွက်
လုံခြုံစိတ်ချရတဲ့ နေဖို့ထိုင်ဖို့ အခြေအနေတွေ မရှိသေးဘဲ ဖြစ်နေတဲ့အချိန်မှာ မုတ်သုံ
ရာသီ နောက်တကြိမ် ထပ်ပြီးကြုံရဦးမှာ ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့
ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။
ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာရှိတဲ့ ကုလသမဂ္ဂရုံးမှာ မေလ ၁၂ ရက်နေ့က ဧရာဝတီ
တိုင်းမှာရှိတဲ့ နာဂစ်မုန်တိုင်းဒုက္ခသည်တွေ ထပ်ပြီး အသက်ဆုံးရှုံးမှုတွေ မဖြစ်ရလေ
အောင် ကြိုတင်ကာကွယ်ကြဖို့၊ နိုင်ငံတကာက အကူအညီတွေ တိုးမြှင့်ပြီးပေးဖို့ အသိ
ပေးတဲ့ သတင်းစာရှင်းလင်းပွဲတခု လုပ်ခဲ့ပါတယ်။
“အခုလောလောဆယ်မှာ အရေးတကြီး လိုအပ်နေတာတွေကတော့ စိုက်ပျိုးရေးရာသီ
ရောက်လာပြီဖြစ်လို့ စိုက်ပျိုးရေးနဲ့သက်ဆိုင်တဲ့ ကူညီထောက်ပံ့မှုတွေ လိုအပ်နေတာ
ပါ။ မုတ်သုံရာသီကလည်း လာနေပြီဆိုတော့ လူတွေနေထိုင်ဖို့ နေအိမ်အဆောက်အဦး
တွေ လိုအပ်နေတာပါ” လို့ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာ မြန်မာနိုင်ငံ
ဌာနေကိုယ်စားလှယ် မစ္စတာ ဘစ်ရှိုး ပါရာဂျူလီ (Bishow Parajuli) က ပြောသွား
တာပါ။
ဒုက္ခသည်တွေအတွက် နေစရာအိမ်တွေနဲ့ ပတ်သက်လို့ ဆူနာမီလှိုင်းဒဏ် ခံခဲ့ရသူတွေ
နဲ့ မြန်မာပြည်က နာဂစ်ဒုက္ခသည်တွေနဲ့ အကူအညီရမှု ပမာဏက သိပ်ကွာနေတဲ့
အကြောင်းကိုတော့ ကုလသမဂ္ဂ ပြန်လည်နေရာချထားရေး အစီအစဉ်က အရာရှိ
မာရီကို ဆာတို (Mariko Sato) က ရှင်းပြပါတယ်။
“ဥပမာအနေနဲ့ ဆူနာမီလှိုင်းဒဏ် ခံခဲ့ရတဲ့ သီရိလင်္ကာနိုင်ငံက ဒုက္ခသည်တွေအတွက်
မိသားစုတခုကို ပျမ်းမျှအားဖြင့် အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ရပါတယ်။ မြန်မာပြည်က
နာဂစ်ဒုက္ခသည်တွေကတော့ မိသားစုတခုကို ၂၃ ဒေါ်လာပဲ ရပါတယ်။ ဒီငွေနဲ့ အမိုး
ကောင်းကောင်း မပြင်နိုင်ပါဘူး။
“မုန်တိုင်းဒေသက လူဦးရေ ၅၀၀,၀၀၀ လောက်ဟာ နေရေးထိုင်ရေးကိစ္စမှာ
တော်တော်ဆင်းဆင်းရဲရဲနဲ့ နေနေရတဲ့ အခြေအနေမှာ ရှိနေတုန်းပါပဲ။ ကျမတို့ အခု
ရင်ဆိုင်နေရတာက လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကို နောက်တကြိမ်
ကြုံနေရတာပါ။ ဘာဖြစ်လို့လဲဆိုတော့ တာပေါ်လင်စတွေ၊ သက်ကယ်တွေကလည်း
စုတ်ပြဲကုန်ပြီ၊ ပျက်စီးကုန်ပြီ။ ဒါတွေဟာ မုတ်သုံမိုးရာသီ မလာခင်မှာကို ချက်ချင်း
ပြုပြင်ဖို့ လိုနေတာပါ။ ယာယီနေထိုင်ဖို့ ဆောက်ထားတဲ့ အခြေအနေကနေ အမြဲတမ်း
နေထိုင်လို့ရမယ့် အိမ်တွေ ဆောက်နိုင်ရေး အကူအညီတွေ ပေးနိုင်ကြဖို့ပါ။ ဒီလိုမှ
မဟုတ်ရင်တော့ တာပေါ်လင်စတွေ အသစ်ထပ်လဲပေးဖို့ကို ကျမတို့က ထပ်ပြီး
တောင်းဆိုရပါလိမ့်မယ်။”
ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် မစ္စတာ
ဘစ်ရှိုး ပါရာဂျူလီကတော့ အကူအညီပေးတဲ့သူတွေရတဲ့ အထောက်အပံ့ကလည်း
နည်းနေတယ်လို့ ဆိုပါတယ်။
“မြန်မာပြည်ဟာ နိုင်ငံရပ်ခြားကပေးတဲ့ အထောက်အပံ့တွေ အနည်းဆုံးရတဲ့
တိုင်းပြည်တခုပါပဲ။ ပျမ်းမျှအားဖြင့် ၂ ဒေါ်လာကျော်ကျော်ပဲ ရတာပါ။ လူသားချင်း
စာနာမှုဆိုင်ရာ အကူအညီပေးမှုတွေမှာ လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတွေ၊ အလုပ်
သမားတွေအတွက်ရတဲ့ ထောက်ပံ့မှုတွေကလည်း တော်တော့ကို နည်းပါးနေတာ
ကြောင့် ဒီအကူအညီတွေကို တိုးမြှင့်ပေးမှသာ ဒုက္ခသည်တွေကိုလည်း ပိုပြီးကူညီ
နိုင်ပါလိမ့်မယ်” လို့ ပြောသွားခဲ့ပါတယ်။
အခုလောလောဆယ် အမေရိကန်ပြည်ထောင်စုမှာ ရောက်နေတဲ့ စာရေးဆရာမ
ခက်မာဟာ မြစ်ဝကျွန်းပေါ်သူတဦးဖြစ်ပြီး နာဂစ်မုန်တိုင်းဒေသမှာ အကူအညီပေးမှု
တွေကိုလည်း လနဲ့ချီပြီး လုပ်ကိုင်ခဲ့တဲ့သူ ဖြစ်ပါတယ်။ အခု ကုလသမဂ္ဂ အရာရှိတွေ
ပြောသလို စိုးရိမ်စရာ အခြေအနေတွေဟာ ဧရာဝတီတိုင်းအတွင်း မုတ်သုံရာသီမှာ
တကယ်ဖြစ်လာနိုင်တယ်လို့ သူကလည်း တွက်ထားပါတယ်။
“အခု ကုလသမဂ္ဂက ပြောသလိုမျိုး ဒုက္ခသည်တွေရဲ့ နေထိုင်ရေးအနေအထားက
မုတ်သုံရာသီအတွက် စိုးရိမ်စရာကောင်းတယ်ဆိုတာ မှန်နေပါတယ်။ ၂၀၀၈ ခုနှစ်
မေလ ၆ ရက်နေ့ကနေ သြဂုတ်လ ၂၈ ရက်နေ့က ကျမတို့ နောက်ဆုံးခရီးစဉ်ပေါ့။
ဆိုတော့ မုတ်သုံရာသီတခုလုံး ခရီးတွေထွက်ခဲ့ကြတယ်လို့ ပြောလို့ရပါတယ်။
ခရီးစဉ်တလျှောက်မှာ ကျမတို့အနေနဲ့ ကြည့်ရတာတော့ တကယ်လည်း စိုးရိမ်စရာ
ကောင်းပါတယ်။ တချို့ဆိုရင် မုန်တိုင်းကြောင့် ကျိုးသွားတဲ့ အိမ်တိုင်လေးတွေကို
ပြန်ထောင်ပြီး အလှူရှင်တွေဆီကရတဲ့ တာလပတ်တွေနဲ့ကာပြီး ပြန်နေကြရတာလေ။
“သိတဲ့အတိုင်းပဲ မြစ်ဝကျွန်းပေါ်ဆိုတာက မိုးရာသီဆိုရင် တပြင်လုံးက ရေတွေချည်းပဲ။
ကျမက မြစ်ဝကျွန်းပေါ်မှာ မွေးခဲ့တဲ့လူဆိုတော့ ဒီအခြေအနေကိုလည်း ကောင်းကောင်း
သိတယ်။ မြေကြီးနင်းဖို့ဆိုတာ တော်တော်ခက်ခဲတဲ့ အခြေအနေ။ တကယ်သာ
မိုးပြင်းပြင်း လေပြင်းပြင်းတိုက်မယ်ဆိုရင် ဒီအိမ်လေးတွေက ဘယ်လိုမှ ခံနိုင်မှာ
မဟုတ်ဘူး။ သူတို့နေရတဲ့ အနေအထားက စိုးရိမ်စရာ ကောင်းနေပါသေးတယ်။”
စာရေးဆရာမ ခက်မာ ပြောပြသွားတာ ဖြစ်ပါတယ်။
နောက်လကနေစပြီး မြန်မာပြည်မှာ မိုးရာသီ တကျော့ပြန်လာပါတော့မယ်။ မိုးရာသီ
ဟာ ဆန်စပါးကို အဓိကထားရတဲ့ မြန်မာပြည်အတွက် အားကိုးရတဲ့ ရာသီပါ။ စပါး
အထွက်အများဆုံးဖြစ်တဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသအတွက် ငွေဖြစ်မယ့်ရာသီပါ။
အခုအတိုင်းဆိုရင်တော့ ရွှေဖြစ်ငွေဖြစ်ကိန်းတွေထက် အသက်နဲ့ဘ၀ လုံခြုံရေးက
မြစ်ဝကျွန်းပေါ် ဒေသခံတွေအတွက် ပိုပြီးအရေးကြီးနေတယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။