ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင် တရားစွဲမည်

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ မနက်မှာပဲ ရုံးထုတ် စစ်ဆေးဖို့အတွက် မြန်မာ စစ်အာဏာပိုင်တွေက စီစဉ်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေက ဗွီအိုအေ မြန်မာပိုင်းကို ပြောပြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံဝင်းထဲကို နိုင်ငံခြားသား တယောက် တရားမဝင် ဝင်ရောက်ခဲ့တာနဲ့ ဆက်စပ် နိုင်တယ်လို့ ရှေ့နေ ဦးကြည်ဝင်းက ယူဆပေမဲ့ ဘာအမှုနဲ့ တရားစွဲမှာလဲ ဆိုတာကိုတော့ သူကိုယ်တိုင် အခုအချိန်အထိ အတိအကျ မသိသေးဘူးလို့ ပြောပါတယ်။ အကြောင်းစုံကို ကိုသားညွှန့်ဦးက ရှေ့နေ ဦးကြည်ဝင်းကို ဆက်သွယ် မေးမြန်းထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အခု မနက်ပိုင်း အင်းစိန်ထောင်ရှေ့ ရုံးမှာ တရားရုံး ထုတ်ဖို့ စီစဉ်ထားတဲ့အပြင် အင်းစိန်ထောင် အနီးက နေအိမ်တခုမှာ ပြောင်းရွှေ့ထားဖို့ အာဏာပိုင်တွေက စီစဉ်နေတယ်လို့ သိရပါတယ်။ ဘာအမှုနဲ့ စွဲမလဲဆိုတာကိုတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အတိအကျ မသိရသေးဘူးလို့ ရှေ့နေဖြစ်သူက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေဖြစ်သူ ဦးကြည်ဝင်းဟာ မနေ့ ညနေပိုင်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ နှစ်ကြိမ် တိတိ တွေ့ဆုံခွင့် ရခဲ့တာကြောင့် ရှေ့နေ ဦးကြည်ဝင်းက ဗွီအိုအေကို အခြေအနေတွေ အခုလို ရှင်းပြပါတယ်။

“မနေ့က တွေ့ခွင့် ရတယ်။ ၄နာရီက ၅နာရီခွဲ။ နေပြည်တော်က ပယ်လိုက်တဲ့ အမှုနဲ့ ပတ်သက်ပြီးတော့ အဓိကပေါ့။ အဲဒါကို သွားပြီးတော့ တင်ပြ ရှင်းပြ။ နောက်တော့ အမေရိကန် ရေကူးသမား ခြံထဲဝင်လာတဲ့ ကိစ္စတွေလည်း နဲနဲပါးပါး ပြောပေါ့ကွယ်။ ပြန်ထွက်လာတော့ Special Branch သတင်းဓာတ်ပုံ အဖွဲ့ ရုံးမှာ ပြန်ပြောကြတဲ့အခါ တင်ပြ ဆွေးနွေးကြပေါ့။ နောက်တော့ တိုတို ဖြတ်ပြောရရင်။ တခေါက်ပြန်ပြီးတော့ ခြံထဲကို ဝင်ရမယ်။ တွေ့တော့ အဲဒီမှာ ဒေါ်စုနဲ့ တွေ့တယ်။ ဒေါ်စုပြောပြလို့ သိရတာ။ သူတို့ကို ရုံးထုတ်မယ်ပေါ့။ အင်းစိန်မှာ ရုံးထုတ်မယ်။ ဒါကြောင့်မို့လည်း ဒီအိမ်ကနေ အင်းစိန်က အိမ်တအိမ်မှာ သွားပြီးတော့ နေရမယ်။ ထောင်တဲ့ နီးတဲ့ နေရမှာ သွားပြီးနေရမယ်လို့ ဖြစ်တယ်။

သားညွှန့်ဦး။ ။ ဒေါ်ခင်ဝင်းတို့ရော ပါလားခင်ဗျ။

ဦးကြည်ဝင်း။ ။ ခင်ဝင်းရော သူ့သမီးရော ပါတယ်။

သားညွှန့်ဦး။ ။ ဒေါ်အောင်ဆန်းစုကြည်တို့ကို ထားမယ့် အင်းစိန်ထောင်နားက အိမ်ဆိုတာက နောက်ပိုင်းမှာ တောက်လျှောက် ထားမယ့် သဘောလား။

ဦးကြည်ဝင်း။ ။ မပြောတတ်ဖူး အသေးစိတ်ကတော့။

သားညွှန့်ဦး။ ။ အဲဒါကို ဘယ်သူက စီစဉ်ပေးတာလဲ။ အာဏာပိုင်တွေက စီစဉ်ပေးထားတာလဲ။

ဦးကြည်ဝင်း။ ။ ဘယ်သူဘယ်ဝါက စီစဉ်ထားတာကို အန်ကယ်တို့ မသိဘူး။ စီစဉ်ထားပြီ အဲဒီကို သွားရမယ်တဲ့။

သားညွှန့်ဦး။ ။ အန်ကယ်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံမှန် ကျန်းမာရေးကရော ဘယ်လို ရှိပါသလဲ။

ဦးကြည်ဝင်း။ ။ ပုံမှန် အမြင်အားဖြင့်တော့ မဆိုးပါဘူး။ အမြင်အားဖြင့်တော့ ကောင်းပါတယ်။ စိတ်ကြောင့်မို့ ကိုယ်က ဆောင်တယ်။

သားညွှန့်ဦး။ ။ ဒေါက်တာ တင်မျိုးဝင်းနဲ့ ပတ်သက်ပြီးတော့ရော ဘာပြောသေးလဲခင်ဗျ။

ဦးကြည်ဝင်း။ ။ အဲဒါက မသိဘူးခင်ဗျ။ အခု ဒီနေ့ စွဲတင်မယ့်ထဲမှာ တင်မျိုးဝင်း ပါလာမလား။ ဟို အမေရိကန် ပါလာမလား။ ပါဖို့တော့ များတယ်။ ဘယ်လို့လည်း ဆိုတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ စွဲတာကိုး။ အန်ကယ်တို့ကတော့ မနက် ၉ နာရီ အင်းစိန်ထောင်ဂိတ်ကို အရောက်သွားမယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ကန့်သတ်ချက် အမိန့်ထဲမှာတော့ နိုင်ငံခြား သံရုံး တာဝန်ရှိသူတွေ နို်င်ငံရေး ပါတီက ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခွင့်ကို ပိတ်ပင်ထားသလို၊ နေအိမ်ကနေ ပြင်ပကို ထွက်ခွာခွင့် တားမြစ်ထားတာ ဖြစ်တယ်လို့ ဦးကြည်ဝင်းက ရှင်းပြပါတယ်။ ဒါပေမဲ့ အခု ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို ခိုးဝင်ခဲ့တဲ့ ဂျွန်ဝေလီယံ ယက်ထောနဲ့ ပတ်သက်လို့တော့ အမှု တင်နိုင် မနိုင် မရှင်းလင်းသေးပါဘူး။ တဖက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစု ဆရာဝန်ဖြစ်သူ ဒေါက်တာ တင်မျိုးဝင်း ကိုလည်း အာဏာပိုင်တွေက ထိန်းသိမ်း ထားရာမှာ ဒီအမှုနဲ့ ပတ်သက်နေတယ်လို့ ယူဆစရာ ရှိနေပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက် နယ်မြေ အထွေထွေ အတွင်းရေးမှုး ကိုမြင့်စိုးကတော့ အခု အဖြစ်အပျက်နဲ့ ပတ်သက်လို့ သူ့အမြင်အခုလို ပြောပါတယ်။

“နအဖ က တရားစွဲထားတဲ့ ၁၀ (ခ)က လာမယ့် ၂၇ရက်နေ့မှာ ၆နှစ် ပြည့်ပါမယ်။ အဲဒါပြီးရင် နအဖ အနေနဲ့ ဘယ်လို ပုဒ်မနဲ့ မှ ထပ်ပြီး ထိန်းသိမ်းထားလို့ မရပါဘူး။ အခု ခန့်မှန်းတာကတော့ လွန်ခဲ့တဲ့ ရက်ပိုင်းမှာ ဝင်လာတဲ့ အမေရိကန် နိုင်ငံသား တယောက် ကိစ္စနဲ့ ပတ်သက်တယ်လို့ ယူဆပါတယ်။ ဒေါက်တာ တင်မျိုးဝင်းကို ထိန်းသိမ်းထားပြီဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဖို့ ပြင်ဆင်နေပြီလို့ နားလည်ပါတယ် ခင်ဗျ။ အဓိက တာဝန်ရှိတာကတော့ နအဖပါပဲ ခင်ဗျ။ တခါလည်း မဟုတ်ပါဘူး။ ၂၀၀၈တုန်းကလည်း ဒေါက်တာ တင်မျိုးဝင်းက နအဖကို ခြံထဲကို လူစိမ်း တယောက် ဝင်လာတယ်ဆိုတာကို သတင်းပို့ထားပြီးသား ဖြစ်ပါတယ်။ အဲဒီအချိန်ကတည်းကိုက နအဖရဲ့ ဒေါ်အောင်ဆန်းစုကြည် အတွက် လုံခြုံရေးမှာ လျော့ရိလျော့ရဲ နိုင်တယ်။ လက်လွတ်စပယ် ထားတယ်ဆိုတာ ထင်ရှားပါတယ်။ အဲဒါကို သတိပေးတဲ့ အနေနဲ့ ဒေါက်တာ တင်မျိုးဝင်းက သတင်းပို့ခဲ့ပေမယ့်လည်း နအဖ အနေနဲ့ တစုံတရာ အရေးယူ ဆောင်ရွက်တာမျိုး မသိရဘူး။ ပြည်သူလူထုကိုလည်း သတင်းထုတ်ပြန်ထားတာမျိုး မလုပ်ပါဘူး။ အခုအချိန်မှာ ၆နှစ်လည်း ပြည့်ဖို့ ရက်ကလည်း နီးလာပြီမို့ ဒေါက်တာ တင်မျိုးဝင်းကို ခြံထဲကို ပေးတောင် မဝင်ဘဲ တခါတည်း ဖမ်းလိုက်တာ ဖြစ်ပါတယ်။ ”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို ခိုးဝင်ခဲ့တဲ့ အမေရိကန် နိုင်ငံသား ဂျွန်ဝီလီယံ ယက်ထောကိုတော့ မြန်မာ့ရုပ်မြင်သံကြား သတင်းတွေ ဓာတ်ပုံနဲ့တကွ ဖော်ပြပြီးတော့ သူ့ကို အမေရိကန် သံရုံး တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခွင့် ပေးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောဆိုထားပါတယ်။