မြန်မာ့နိုင်ငံရေး ဆုတ်ယုတ်မှု အိမ်နီးချင်း ထိုင်းနိုင်ငံ စိုးရိမ်

မြန်မာ့နိုင်ငံရေး ဖြစ်စဉ်တွေမှာ ကုလသမဂ္ဂက ပါဝင်ကူညီ ဖြေရှင်းပေးဖို့ မျှော်လင့်တဲ့
အကြောင်း ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိတ်ချာချီ၀ (Abhisit Vejjajiva) က ပြောဆို
လိုက်ပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက
အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးထားပြီး တရားစွဲဆိုထားတာနဲ့ ပတ်သက်လို့ ပြောဆို
လိုက်တာပါ။ အကြောင်းစုံကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အခုလို အင်းစိန်ထောင်ပို့ပြီး
တရားစွဲဆိုတာနဲ့ ပတ်သက်လို့ အိမ်နီးချင်းနိုင်ငံတွေထဲမှာ စိုးရိမ်တဲ့အကြောင်း
ထိုင်းနိုင်ငံက ပထမဆုံး ထုတ်ဖော်ပြောလိုက်တာပါ။ ထိုင်းဝန်ကြီးချုပ် အဘီဆစ်
ဝိတ်ချာချီ၀ ပြောတဲ့အထဲမှာ သေချာပေါက် ဒါက ဆုတ်ယုတ်မှုတခုဖြစ်တယ်၊ ကုလ
သမဂ္ဂအနေနဲ့ ပါဝင်ဖြေရှင်းဖို့ လိုအပ်တယ်၊ အိမ်နီးချင်းနိုင်ငံတခုအနေနဲ့ စိုးရိမ်တယ်
ဆိုတဲ့အကြောင်း ဒီနေ့ သတင်းထောက်တွေကို အခုလို ပြောသွားပါတယ်။

ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိတ်ချာချီဝက “ဒါကတော့ သေချာပါတယ်၊ ဒါဟာ
ဆုတ်ယုတ်မှုတခု ဖြစ်ပါတယ်။ ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာ
တွေကို ဖြေရှင်းတဲ့နေရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ပြီး ဖြေရှင်းနိုင်မယ်လို့
မျှော်လင့်တဲ့အကြောင်း” ပြောဆိုသွားတာ ဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ်က အိမ်နီးချင်းနိုင်ငံတခုအနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေပေါ်မှာ
စိုးရိမ်တဲ့အကြောင်းကိုလည်း အခုလိုပြောပါတယ်။

“ကျနော်တို့အနေနဲ့ အခြေအနေတွေ အားလုံးအပေါ်မှာ စိုးရိမ်ပါတယ်။ ကျနော်တို့
မြင်ချင်တာကတော့ မြန်မာစစ်အစိုးရက သူတို့ချမှတ်ထားတဲ့ နိုင်ငံရေးလမ်းညွှန်
အစီအစဉ်တွေအတိုင်း အကောင်းဘက်ကို ဦးတည်တဲ့ တိုးတက်မှုတွေ ဆောင်ရွက်
သွားဖို့ပါပဲ။ နိုင်ငံရေးဖြစ်စဉ်တွေမှာ အားလုံးပါဝင်နိုင်ဖို့နဲ့ ဒီလိုနိုင်ငံရေးဖြစ်စဉ်တွေကို
ဆောင်ရွက်တဲ့အခါမှာ နိုင်ငံရေးအကျဉ်းသားတွေကို ဆက်ပြီးလွှတ်ပေးဖို့ဆိုတဲ့ ကိစ္စ
တွေကို ကျနော်တို့ ပြီးခဲ့တဲ့အခေါက် နောက်ဆုံးတွေ့ဆုံတဲ့အချိန်မှာ ဆွေးနွေးခဲ့ပါတယ်”
ဆိုပြီး ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိတ်ချာချီဝက ပြောသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အခုလို အင်းစိန်အကျဉ်းထောင်ကိုပို့ပြီး စစ်အစိုးရဘက်က
တရားစွဲဆိုတာနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ တုံ့ပြန်ချက်တွေကတော့ ဆက်တိုက်
ဆိုသလို ထွက်နေပါတယ်။ အိမ်နီးချင်းနိုင်ငံထဲမှာတော့ ထိုင်းဝန်ကြီးချုပ်က ပထမဆုံး
ပြောတယ်လို့ ဆိုရမှာဖြစ်ပါတယ်။