တာလီဘန်သူပုန်တွေရဲ့ အဓိက ထိန်းချုပ်ရာ မင်ဂိုရာမြို့ကို ပါကစ္စတန်တပ်တွေ ဝင်ရောက်

ပါကစ္စတန်နိုင်ငံ Swat တောင်ကြားက အဓိက မြို့မှာ လုံခြုံရေးတပ်ဖွဲ့တွေ တလမ်းဝင် တလမ်းထွက် သွားနေကြပြီးတော့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပါတယ်။ စစ်တပ်က မင်ဂိုရာ မြို့ထဲကို စနေနေ့က ဝင်ရောက်နိုင်ခဲ့ပြီးတော့ တာလီဘန် တွေကို တိုက်ခိုက်နေတယ်လို့ စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် အာကာအာဘက်စ် က ပြောပါတယ်။

မြို့ရဲ့ တစိတ်တပိုင်းဟာ အကြမ်းဖက်သမားတွေ ရှင်းလင်းသွားပြီဖြစ်ပြီးတော့ ထိပ်တန်းတပ်မှူးတဦး အပါအဝင် တာလီဘန် ၁၇ ဦး သေဆုံးသွားတယ်လို့ မစ္စတာ အာဘက်စ် က သတင်းထောက်တွေကို ပြောပါတယ်။

စစ်ဆင်ရေးတွေဟာ မခံနိုင်လောက်အောင် နှေးကွေးပါတယ်။ မင်ဂိုရာမြို့မှာရှိတဲ့ အရပ်သားတွေကို တာလီဘန်တွေက လူသားဒိုင်းတွေအဖြစ်နဲ့ အသုံးပြုမှာကို စိုးရိမ်ပါတယ်လို့ ဗိုလ်ချုပ် အာဘက်စ် ကပဲ ပြောပါတယ်။ ပါကစ္စတန်စစ်တပ်က ဒီမြို့ကို ရောက်ဖို့အတွက် ရက်ပေါင်းများစွာ လာခဲ့ကြရတာဖြစ်ပါတယ်။ အဲဒီမှာ တိုက်ခိုက်မှုတွေ အပြင်းအထန် ဖြစ်ပွားမယ့်အရေး ကြောင့် ဒေသခံ ထောင်ပေါင်းများစွာက အရင်တပတ်ကပဲ မင်ဂိုရာ မြို့ကနေ ထွက်ခွာသွားခဲ့ကြပါတယ်။