ဒေါ်အောင်ဆန်းစုကြည်ကို အမြန်လွှတ်ဖို့ သမ္မတအိုဘားမား တောင်းဆို

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ချက်ချင်း
ပြန်လွှတ်ပေးဖို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က
တောင်းဆိုလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် ဖမ်းဆီးထိန်းသိမ်း
ထားတဲ့အတွက် မြန်မာစစ်အစိုးရကို မစ္စတာအိုဘားမားက ရှုတ်ချတဲ့အကြောင်း
အင်္ဂါနေ့ကထုတ်ပြန်တဲ့ အိမ်ဖြူတော် ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

နေအိမ်အကျယ်ချုပ်နဲ့ ကန့်သတ်မိန့်ကို ချိုးဖောက်တယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်
အပေါ် စွဲချက်တင် ရုံးတင်စစ်ဆေးမှုတွေဟာ အခြေအမြစ်မရှိဘူးလို့လည်း မစ္စတာ
အိုဘားမားက ပြောပါတယ်။

ဒီလအစောပိုင်းတုန်းက ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝင်းထဲကို တိတ်တဆိတ်
ဝင်ရောက်ခဲ့တဲ့ အမေရိကန်နိုင်ငံသား ဂျွန် ဝီလျမ် ယက်ထော (John William Yettaw)
ကို နေအိမ်မှာ လက်ခံခွင့်ပြုပြီး တားမြစ်ထားတဲ့ ကန့်သတ်မိန့်ကို ချိုးဖောက်တယ်ဆိုပြီး
ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်စစ်ဆေးနေတာ ဖြစ်ပါတယ်။

အင်္ဂါနေ့က အထူးတရားခွင် စစ်ဆေးမှုအတွင်း ဒေါ်အောင်ဆန်းစုကြည်က သူ့မှာ
အပြစ်မရှိကြောင်း ချေပခဲ့ပါတယ်။ ပြီးခဲ့တဲ့မေလ ၄ ရက်နေ့ မနက်အစောပိုင်းမှာ
ဂျွန် ဝီလျမ် ယက်ထောဟာ အင်းလျားကန်ကိုဖြတ်ကူးပြီး သူ့အိမ်ဝင်းအတွင်း ရောက်ရှိ
လာတဲ့အကြောင်းနဲ့ နောက်တနေ့ မိုးမလင်းခင်အချိန်အထိ မစ္စတာယက်ထောကို
သူ့အိမ်မှာ နေထိုင်ခွင့်ပေးခဲ့ပြီး အဲဒီလိုရောက်လာတာနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေ
ကို အကြောင်းမကြားခဲ့ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က တရားခွင်မှာ ထွက်ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တရားခွင်မှာထွက်ဆိုတဲ့ အင်္ဂါနေ့မှာ မြန်မာစစ်အစိုးရ
အာဏာပိုင်တွေဘက်က ရန်ကုန်အခြေစိုက် သံတမန်တွေနဲ့ စာနယ်ဇင်းသမားတချို့ကို
ဖိတ်ကြားပြီး သတင်းစာရှင်းလင်းပွဲတခု လုပ်ခဲ့သလို တရားခွင်ကိုလည်း ဝင်ရောက်
လေ့လာခွင့် ပေးခဲ့ပါတယ်။