အဆိုးဆုံးအဆင့်ကို ကျော်သွားပြီဆိုတဲ့ အာရှစီးပွားရေးအခြေအနေ

မေ ၂၅၊ ၂၀၀၉ - မကြာသေးခင်ကထွက်လာတဲ့ စီးပွားရေးဆိုင်ရာ ကိန်းဂဏန်းတွေအရကတော့ အာရှတိုက်ရဲ့စီးပွားရေးဟာ အဓိက ညွှန်းကိန်းတွေမှာ အကြီးအကျယ်ကျနေတုန်းပဲဆိုတာ တွေ့ရပါတယ်။ ဒါပေမယ့် ပြန်ပြီး နာလန်ထူလာတဲ့အစအနတွေ ရှိလာနေပြီ လို့ တချို့စီးပွားရေးပညာရှင်တွေက ပြောလာပါပြီ။ အာရှတိုက်စီးပွားရေးဟာ ဘယ်လိုပုံစံမျိုးနဲ့ ပြန်ပြီး နာလန်ထူလာမယ့်ပုံ ရှိနေပါ သလဲ၊ ဗွီအိုအေသတင်းထောက် Heda Bayron ဟောင်ကောင်ကနေ ပေးပို့ထားတဲ့ သတင်းဆောင်းပါးနဲ့အတူ ကိုကျော်ကျော်သိန်းက ဒီသီတင်းပတ်ရဲ့စီးပွားရေးအစီအစဉ်မှာ တင်ပြထားပါတယ်။

အာရှတိုက်က စီးပွားရေးပညာရှင်တိုင်းကို ဒီမေးခွန်းတခု မေးခဲ့ပြီးသားပါ - အဆိုးဆုံးအခြေအနေကို ကျော်လွန်သွားပြီလား - ဆိုတဲ့မေးခွန်းပါပဲ။ ဒေသတဝန်းမှာ ကိန်းဂဏန်းအချက်အလက်တွေကတော့ တပြေးညီ ကိုက်ညီမှု မရှိကြပါဘူး။

သတင်းဆိုးတခုကတော့ ဂျပန်နိုင်ငံဘက်က လာပါတယ်။ ပြီးခဲ့တဲ့နှစ် အလားတူကာလနဲ့နှိုင်းယှဉ်ရင် မတ်လမှာကုန်ဆုံးတဲ့ ပထမ သုံးလပတ် ဂျပန်နိုင်ငံစီးပွားရေးဟာ ၁၅ ရာခိုင်နှုန်း ကျသွားခဲ့ပါတယ်။ ဒါဟာဖြင့် နှစ်ပေါင်း ၅၀ ကျော်အတွင်း အဆိုးရွားဆုံး ကျဆင်းမှုပါပဲ။ ဂျပန်စီးပွားရေးရဲ့ အဓိကအစိတ်အပိုင်းဖြစ်တဲ့ ပြည်ပကုန်ပစ္စည်းတင်ပို့မှုက ၂၆ ရာခိုင်နှုန်း လျော့သွားပါတယ်။

ဒါပေမယ့် ပြန်ပြီးနာလန်ထူလာတာကိုပြတဲ့ အစိမ်းရောင်အစို့အတက်တွေလို့ တချို့က ကင်ပွန်းတတ်ကြတဲ့ အခြေအနေတချို့ ရှိလာနေပါတယ်။ ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံမှာ လူတွေ ငွေစုဆောင်းတာ၊ ဝယ်ယူသုံးစွဲတာတွေ ကနေ တိုင်းပြည်စီးပွားရေးအခြေအနေကိုပြတဲ့ စားသုံးသူတွေရဲ့ ယုံကြည်ကိုးစားမှု Consumer Confidence ဟာ ဧပြီလမှာ ဆယ်လအတွင်း အမြင့်ဆုံးအခြေအနေကို ရောက်ခဲ့ပါတယ်။ ဖေဖော်ဝါရီလနဲ့ နှိုင်းယှဉ်ရင် မတ်လမှာ ပြည်ပကုန်ပစ္စည်းတင်ပို့တာ ပြန်တိုးလာပါတယ်။

ဂျပန်ဘဏ္ဍာရေးဝန်ကြီး Kaoru Yosano ကတော့ ရှေ့ကိုမျှော်ကြည့်နေပါပြီ။

ဇန်နဝါရီလကနေ မတ်လထိကာလကတော့ အဆိုးဆုံးဖြစ်ခဲ့ပုံရပြီး စီးပွားရေး နည်းနည်းတော့ ပြန်တက်လာပြီလို့ ဂျပန်ဘဏ္ဍာရေး ဝန်ကြီးက ပြောပါတယ်။

တခြားနိုင်ငံတွေမှာလည်း အလားအလာကောင်းတွေ ထွက်လာနေပါတယ်။ နောက်နှစ်မှာ စီးပွားရေး ပြန်ကောင်းလာမယ်လို့ အင်ဒိုနီးရှားသမ္မတက ပြောလိုက်သလို ဒီနှစ်ကုန်မှာ စီးပွားရေး အနည်းငယ်ပြန်တက်လာမယ်လို့ ဟောင်ကောင်ဘဏ္ဍာရေး ဝန်ကြီးက ခန့်မှန်းထားပါတယ်။ စီးပွားရေးက ဆုတ်ယုတ်ကျဆင်းဆဲ အခြေအနေမှာပဲရှိနေသေးပေမယ့် အဆိုးဆုံးအခြေအနေ ကိုတော့ ကျော်လွန်သွားပြီလို့ တိုင်ဝမ်သမ္မတက ကြေညာပါတယ်။

ခြောက်ရာခိုင်နှုန်းကနေ ကိုးရာခိုင်နှုန်းကြား စီးပွားရေးကျဆင်းမှုနဲ့အတူ ပိုဆိုးတဲ့နှစ်တနှစ်ဖြစ်လိမ့်မယ်လို့ စင်္ကာပူသမ္မတက သတိ ပေးခဲ့ပါတယ်။ ဒါပေမယ့် ဒီ့မတိုင်ခင်သုံးလပတ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဒီနှစ်ပထမသုံးလပတ်မှာ စင်္ကာပူနိုင်ငံရဲ့ ပြည်တွင်းထုတ် လုပ်မှုတန်ဖိုး GDP ကျဆင်းမှု နှေးသွားပြီလို့ မေလ ၂၁ ရက် ကြာသပတေးနေ့မှာပဲ စင်္ကာပူကုန်သွယ်ရေးဝန်ကြီးဌာနက ပြောပါ တယ်။ GDP ဟာ စီးပွားရေးအခြေအနေတခုလုံးကို တိုင်းတာတွက်ချက်တဲ့နည်းလမ်းတခု ဖြစ်ပါတယ်။

အာရှဒေသနိုင်ငံတွေထဲမှာ စီးပွားရေးုဆုတ်ယုတ်ကျဆင်းမှုနဲ့ မကြုံရတဲ့ တရုတ်နိုင်ငံမှာလည်း အရောရောအထွေးထွေး အရိပ် လက္ခဏာတွေ တွေ့နေရပါတယ်။ လက်လီ အရောင်းအဝယ်တွေ ပြီးခဲ့တဲ့နှစ်ကနဲ့နှိုင်းယှဉ်ရင် ဧပြီလမှာ ၁၅ ရာခိုင်နှုန်း တိုးခဲ့ပါ တယ်။ ဒါဟာဖြင့် တရုတ်နိုင်ငံရဲ့ ဒေါ်လာသန်းပေါင်း ငါးသိန်းရှစ်သောင်းခြောက်ထောင်ပါ စီးပွားရေးပြန်တိုးတက်စေမယ့် အစီအစဉ် အလုပ်ဖြစ်တယ်ဆိုတာကို သက်သေပြတာပဲလို့ တရုတ်အာဏာပိုင်တွေကဆိုပါတယ်။

ဒါပေမယ့်လည်း ပြည်ပတင်ပို့ကုန်ကတော့ ဆက်ပြီး ကျနေတုန်းပါ။ ပြီးခဲ့တဲ့နှစ် အလားတူကာလနဲ့နှိုင်းယှဉ်ရင် ဧပြီလမှာ ပြည်ပ တင်ပို့ကုန် ၂၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ စက်ရုံထုတ်ကုန်တွေကိုတိုင်းတာတဲ့ စက်မှုကုန်ထုတ်လုပ်မှုဟာ ခုနစ်ရာခိုင်နှုန်း ကျော် ကျဆင်းခဲ့ပါတယ်။ ဒီရာခိုင်နှုန်းဟာ မျှော်လင့်ထားတာထက် အများကြီးပိုပြီး ကျဆင်းခဲ့တာပါ။

Xu Lin ဟာ တရုတ်နိုင်ငံ၊ အမျိုးသားဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြုပြင်ပြောင်းလဲရေးကော်မရှင်က ငွေကြေးနဲ့ ဘဏ္ဍာရေးရာဆိုင်ရာ ညွှန်ကြားရေးမှူးပါ။ လျှပ်စစ်ဓာတ်အားသုံးစွဲမှုဆိုင်ရာ ကိန်းဂဏန်းတွေမှာ တွေ့ရတဲ့အတိုင်း နိုဝင်ဘာလကတည်းကဆိုရင် စီးပွားရေးပြန်တက်လာတဲ့ အရိပ်လက္ခဏာတွေ ပြနေပြီလို့ သူကပြောပါတယ်။ လျှပ်စစ်ဓာတ်အားသုံးစွဲမှုဟာ စက်မှုကုန်ထုတ် လုပ်ငန်းတွေရဲ့ အခြေအနေကိုပြတဲ့ ညွှန်းကိန်းတခုပါပဲ။ အခုချိန်မှာ အစိုးရရဲ့ အဓိက စိုးရိမ်ချက်ကတော့ ဒီအရှိန်ကို ဆက်ပြီး ထိန်းထားနိုင်ဖို့ပဲလို့ သူကပြောပါတယ်။

"စီးပွားရေးအခြေအနေက V အက္ခရာပုံစံနဲ့ ပြန်ပြီး နာလန်ထူလာနေတာကို လက်ရှိညွှန်းကိန်းတွေကပြထားပါတယ်။ ဒါပေမယ့် တချို့ညွှန်းကိန်းတွေကတော့ ဒီအချက်နဲ့ လွဲကောင်းလွဲနိုင်ပါတယ်။ ဒါပေမယ့် ဧပြီလမှာရှိနေခဲ့တဲ့ ညွှန်းကိန်းတွေအရဆိုရင် V အက္ခရာပုံစံနဲ့ ပြန်ကောင်းလာနေတာကနေ မတူတဲ့လမ်းကြောင်းတခုကို ပြောင်းသွားခဲ့ပြီလို့ ကျနော်တို့ သက်သေမပြနိုင်ပါဘူး။ လမ်းကြောင်းပြောင်းနေပြီဆိုတာကို ပြတဲ့ ညွှန်းကိန်းတွေ ထပ်ထွက်လာမယ်ဆိုရင်တော့ V အက္ခရာပုံစံ ပြန်ကောင်းလာတာကို ခိုင်မာစေမယ့် နောက်ထပ်လုပ်ဆောင်မှုမျိုးတွေ ကျနော်တို့ လုပ်ကောင်းလုပ်ရပါလိမ့်မယ်။"

ဘယ်သူမဆို အကောင်းဆုံးမျှော်လင့်နိုင်တာကတော့ V အက္ခရာပုံစံ ပြန်ပြီး နာလန်ထူလာတာမျိုးပါပဲ။ စီးပွားရေးက မြန်မြန်ဆန် ဆန်ပဲ အောက်ကို ပြုတ်ကျသွားပြီးတဲ့နောက် သိသိသာသာ ပြန်တက်လာမျိုးပါ။ ဒါပေမယ့် စီးပွားရေးပညာရှင်တွေက U အက္ခရာ ပုံစံ နာလန်ထူလာတာမျိုးကိုလည်း ပြောကြပါတယ်။ ကျသွားပြီးတဲ့နောက် အကျအခြေအနေမှာ ရေရှည်ပြီးတော့မှ တဖြည်းဖြည်း ချင်း ပြန်ကောင်းလာတာမျိုးပါ။ အဆိုးဆုံးကတော့ L အက္ခရာပုံစံ နာလန်ထူတာမျိုးပါပဲ။ ဇောက်ထိုးကျသွားပြီးတဲ့နောက် အချိန် တော်တော်ကြာတဲ့ထိ တကယ့်တိုးတက်မှုမရှိတာမျိုးပါ။ W အက္ခရာပုံစံလည်းရှိပါသေးတယ်။ စီးပွားရေးစပြီး နာလန်ထူလာပြီး တဲ့နောက် သိပ်မကြာခင်မှာပဲ ဆုတ်ယုတ်ကျဆင်းတဲ့ဘက်ကို ပြန်ရောက်သွားတဲ့ပုံစံဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်အတွင်း ကမ္ဘာ့စီးပွားရေးနိုင်ငံကြီးတွေရဲ့ အစိုးရတွေက ငွေတွေအလုံးအရင်းနဲ့ သုံးစွဲခဲ့ကြတာကြောင့် W ပုံစံ နာလန် ထူတာမျိုးကတော့ ဖြစ်နိုင်ခြေမရှိပါဘူးလို့ သြစတြေးလျအမျိုးသားဘဏ်ရဲ့ စီးပွားရေးပညာရှင်ချုပ် Alan Oster ကပြောပါတယ်။

"အတိုးနှုန်းတွေ၊ ငွေကြေးမူဝါဒတွေကနေတဆင့် စီးပွားရေးထဲကို ငွေတွေအများကြီး ထိုးထည့်လိုက်တဲ့အခါ အလုပ်ဖြစ်သွား တယ်လို့ ကျနော်ထင်ပါတယ်။ W ပုံစံဖြစ်ဖို့ဆိုရင် အခြေအနေတခုခုလိုပါတယ်၊ ၁၉၈၀ ပြည့်နှစ် ကာလတွေကဖြစ်ခဲ့သလို အတိုးနှုန်းတွေ တက်၊ ပြီးတဲ့အခါ ရေနံဈေးနှုန်းက လိုက်တက် ဆိုတာမျိုးပေါ့။ အခြေအနေတခုခုတော့ စဖြစ်နေပြီ၊ လာပြီး ရိုက်ခတ်တော့မယ်ဆိုတာမျိုး ပြောဖို့လိုပါတယ်။"

အာရှဒေသတွင်းအစိုးရတွေဟာ အကျပ်အတည်းထဲကနေ ရုန်းထွက်နိုင်ဖို့အတွက် ငွေအမြောက်အများ သုံးစွဲနေကြပါတယ်။ စီးပွားရေးလုပ်ဆောင်မှုတွေ ပြန်ပြီး အသက်ဝင်နိုးထလာစေဖို့ နိုင်ငံသားတွေကို ငွေတွေပေး၊ အဝေးပြေးလမ်းမအသစ်ကြီးတွေ ဆောက်၊ စီမံကိန်းအသစ်တွေအတွက် ရန်ပုံငွေတွေချပေး စသည်အားဖြင့် လုပ်နေကြပါတယ်။ တရုတ်လို တချို့နိုင်ငံတွေက ဆိုရင် စီးပွားရေးပြန်ကောင်းလာဖို့ ပထမအကြိမ်သုံးစွဲငွေနဲ့ မလုံလောက်သေးရင် နောက်ထပ် ထပ်သုံးဦးမယ်ဆိုပြီးတော့တောင်မှ ပြောထားကြပါတယ်။

"ဗဟိုအစိုးရအတွက်ကတော့ V ပုံစံ ပြန်ပြီးနာလန်ထူလာအောင် စီးပွားရေးကို အထောက်အပံ့ပြုဖို့ ကျနော်တို့မှာ လုံလောက်တဲ့ အရင်းအမြစ်တွေရှိတယ်လို့ ကျနော်ထင်ပါတယ်။"

တရုတ်နိုင်ငံ၊ အမျိုးသားဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြုပြင်ပြောင်းလဲရေးကော်မရှင်က ငွေကြေးနဲ့ ဘဏ္ဍာရေးရာဆိုင်ရာ ညွှန်ကြားရေးမှူး Xu Lin ပါ။

ဘယ်လို ပုံသဏ္ဍန်မျိုးနဲ့ပဲဖြစ်ဖြစ် စီးပွားရေးပြန်ပြီး နာလန်ထူလာပါစေ၊ သေချာတဲ့အချက်တခုကတော့ ရှိတယ်လို့ စီးပွားရေး ပညာရှင်တွေကပြောကြပါတယ်။ အဲဒါကတော့ အဆိုးဆုံးအကျပ်အတည်းကို အာရှတိုက်ကျော်လွန်တဲ့အချိန်မှာ စီးပွားရေး အခင်း အကျင်းဟာ ပြောင်းလဲပြီးသားဖြစ်နေလိမ့်မယ် ဆိုတာပါ။ ပြည်ပတင်ပို့ကုန်နဲ့ မောင်းနှင်တဲ့ အာရှတိုက်ရဲ့စီးပွားရေးဟာ ပိုကောင်း တဲ့တိုးတက်မှုပုံစံကို စပြီး ရှာဖွေကြရပါလိမ့်မယ်။ ဒီ ဆုတ်ယုတ်ကျဆင်းမှုကြီးပြီးသွားရင်တော့ တရုတ်နိုင်ငံက ပြည်ပကုန်တင်ပို့ သူတွေဟာ ကွဲပြားတဲ့စီးပွားရေးအခြေအနေတွေနဲ့ ရင်ဆိုင်ကြရမှာဖြစ်ပြီး တိုးတက်မှုအတွက် ပြည်တွင်းဝယ်လိုအားကို ပိုပြီး မှီခို အားထားရလိမ့်မယ်လို့ Xu ကသုံးသပ်ထားပါကြောင်းတင်ပြရင်း ဒီသီတင်းပတ်အစီအစဉ်ကို နိဂုံးချုပ်လိုက်ပါတယ်။