ဆယ်စုနှစ်ငါးစုကြာ ရှိခဲ့ပြီဖြစ်တဲ့ တောင်ကိုရီးယားနဲ့ အပစ်အခတ် ရပ်စဲရေးကို
ဖျက်သိမ်းလိုက်ပြီလို့ မြောက်ကိုရီးယားက ကြေညာပြီး နောက်တရက် ကြာသပတေး
နေ့မှာပဲ ၂၀၀၆ ခုနှစ်ကတည်းက ကိုရီးယားကျွန်းဆွယ်တဝိုက်မှာ ရှိနေခဲ့တဲ့
တောင်ကိုရီးယားတပ်တွေနဲ့ အမေရိကန်တပ်တွေရဲ့ စောင့်ကြပ်နေမှုကို အမြင့်ဆုံး
သတိအနေအထားအထိ မြှင့်တင်လိုက်ပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယား ပူးတွဲတပ်ဖွဲ့တွေဟာ မြောက်ကိုရီးယားနဲ့ပတ်သက်တဲ့
စုံစမ်းထောက်လှမ်းမှုတွေကို တိုးမြှင့်လိုက်ပြီး စောင့်ကြည့်နေမှု အဆင့်ကိုလည်း
အဆင့် ၃ ကနေ အဆင့် ၂ အထိ မြှင့်တင်လိုက်တယ်လို့ ကာကွယ်ရေးအရာရှိတွေက
ပြောပါတယ်။
မြောက်ကိုရီးယားတွေ ၂၀၀၆ ခုနှစ်မှာ ပထမအကြိမ် နျူကလီးယား ဖောက်ခွဲစမ်းသပ်
ခဲ့စဉ်တုန်းကတော့ ဒီပူးတွဲတပ်ဖွဲ့တွေဟာ သူတို့ရဲ့စောင့်ကြပ်မှုကို ခုလောက်ထိ
မတိုးမြှင့်ခဲ့ကြသေးပါဘူး။ မြောက်ကိုရီးယားက ၁၉၅၃ ကိုရီးယားပြည်တွင်းစစ်
ပြီးကတည်းက သတ်မှတ်ထားခဲ့တဲ့ အပစ်အခတ် ရပ်စဲရေးဟာ ပြီးဆုံးသွားခဲ့ပြီလို့
ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့တာပါ။
တကယ်လို့ တောင်ကိုရီးယားနဲ့ အမေရိကန် စစ်သင်္ဘောတွေက နျူကလီးယား
လက်နက်တွေ သယ်ဆောင်လာတဲ့ မြောက်ကိုရီးယား သင်္ဘောတွေကို တားဆီးတာမျိုး
လုပ်လာမယ်ဆိုရင် စစ်ရေးအရ ဖြေရှင်းရလိမ့်မယ်လို့လည်း မြောက်ကိုရီးယားက
ခြိမ်းခြောက်ခဲ့ပါတယ်။
ဒီတပတ်ထဲမှာ မြောက်ကိုရီးယားက မြေအောက် နျူကလီးယားစမ်းသပ်မှု ပြုလုပ်ပြီး
နောက်ပိုင်း အမေရိကန်ဦးဆောင်တဲ့ လုံခြုံရေးဆိုင်ရာ လက်နက်ဖျက်သိမ်းရေး
သဘောတူညီချက်ကို တောင်ကိုရီးယားက ပါဝင်သဘောတူခဲ့ပြီးနောက်
မြောက်ကိုရီးယားက ခြိမ်းခြောက်ခဲ့တာ ဖြစ်ပါတယ်။
ဒီအတောအတွင်းမှာပဲ မြောက်ကိုရီးယားကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေး
ယူမယ့်ကိစ္စအပေါ် တရုတ်ကလည်း သဘောတူ ထောက်ခံတယ်လို့ အမေရိကန်
အထက်လွှတ်တော်အမတ် ဂျွန် ကယ်ရီ (John Kerry) က ပြောပါတယ်။