အီရန်သမ္မတ ရွေးကောက်ပွဲ အကြိတ်အနယ် ယှဉ်ပြိုင်

အီရန်ပြည်သူ အမြောက်အများ ဟာ သောကြာနေ့ က သမ္မတ ရွေးကောက်ပွဲ မှာ မဲသွားထည့်ခဲ့ကြပါတယ်။ သမရိုးကျ သမား လက်ရှိသမ္မတ မာမွတ် အမာဒီနီဂျက် (Mahmoud Ahmadinejad) နဲ့ ပြုပြင်ပြောင်းလဲရေး သမား ယခင် ဝန်ကြီးချုပ် မား ဟူစိန် မူဆာဗီ (Mir Hossein Mousavi) တို့ အကြိတ်အနယ် ယှဉ်ပြိုင်နေကြပါတယ်။

လူတွေ မဲလာထည့်ခဲ့ကြတာ က အရင် ကထက် မကြုံဘူးလောက်အောင် များပါတယ်လို့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ကမ်ရန်း ဒါနက်စ်ဂျို (Kamran Daneshjou) က ပြောပါတယ်။ မဲရုံတွေ ကို အီရန် စံတော်ချိန် ည ၈ နာရီအထိ ဆက်ဖွင့်ထားမှာပါ လို့ သူ က ဆိုပါတယ်။ မဲပေးနိုင်ခွင့်ရှိသူ ၄၆ သန်း အနက် မဲလာပေးကြသူ စံချိန်တင်လိမ့်မယ်လို့ ကြိုတင် ခန့်မှန်းထားခဲ့ကြပါတယ်။

အီရန် ထိပ်တန်း ခေါင်းဆောင်ကြီး အယာတိုလာ အလီ ခါမေနီ လည်း သောကြာနေ့ စောစောပိုင်း က မဲလာထည့်ပါတယ်။ သူလိုပဲ မဲထည့်ကြဖို့ သူ က လူထု ကို တိုက်တွန်းလိုက်ပါတယ်။ အီရန် လူထု ကို ငြိမ်ငြိမ်သက်သက် ရှိကြဖို့ သူ က ပြောလိုက်ပြီး၊ မဲရုံ မှာ တင်းမာမှု ဖြစ်ပွားအောင် ကြိုးစားသမျှ ကို ဖျက်ပစ်ကြဖို့ သူ က တောင်းဆိုလိုက်ပါတယ်။

သမ္မတ အမာဒီနီဂျက် လည်း သောကြာနေ့ က မဲထည့်ပါတယ်။ အီရန် နိုင်ငံ အတွက် တောက်ပြောင်၊ တိုးတက်မယ့် အနာဂတ် ဖြစ်ဖို့ သူ က ကတိပေးထားပါတယ်။

ပြုပြင်ပြောင်းလဲရေး လိုလားတဲ့ ဘုန်းတော်ကြီး၊ မယ်ဒီ ကာရူဘီ (Mehdi Karroubi) နဲ့ ယခင် တော်လှန်ရေး အစောင့်တပ် မိုရှန်း ရီဇေအီ (Mohsen Rezaei) တို့လည်း ရွေးကောက်ပွဲ မှာ ဝင်ပြိုင်ကြပါတယ်။ အီရန် ရဲ့ စီးပွားရေး၊ နျူကလီးယာ အစီအစဉ် နဲ့ နိုင်ငံခြား ဆက်ဆံရေး စတဲ့ ပြဿနာတွေ ဟာ မဲပေးပွဲ မှာ အဓိက အခန်းကဏ္ဍ က ပါဝင်ကြပါတယ်။