မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို ကြားနာစစ်ဆေးရာမှာ တရားစီရင်ရေး အခြေခံ စံနှုန်းတွေကို လျစ်လျူရှုပြီး စစ်ဆေးနေတာ တွေ့ရတယ်လို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးမှူးတွေက ပြောဆိုလိုက်ပါတယ်။
အခုချိန်ထိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို ကြားနာ စစ်ဆေးရာမှာ လုပ်ထုံးလုပ်နည်းအရ ရပိုင်ခွင့်တွေကို ပြောင်ပြောင် တင်းတင်း အကြီးအကျယ် ချိုးဖောက်နေတာ တွေ့ရတယ်လို့ တရားသူကြီးများ နဲ့ ရှေ့နေများဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် လီယန်ဒရို ဒက်စ်ပရီ (Leandro Despouy) က ဒီကနေ့ ပြောဆိုလိုက်တာပါ။
တရားပြိုင် ဒေါ်အောင်ဆန်းစုကြည် ဘက်က တင်ပြတဲ့ သက်သေတွေ အားလုံးကိုလည်း တရားရုံးမှာ ထွက်ဆိုခွင့်ပေးဖို့ နဲ့ နိုင်ငံခြား သတင်းမီဒီယာတွေကို တရားခွင်မှာ လွတ်လပ်စွာ သတင်းရယူခွင့်ပြုဖို့နဲ့ တရားမျှတစွာ ကြားနာ စစ်ဆေးပေးရေး အာမခံချက် ရှိဖို့အတွက် မြန်မာစစ်အစိုးရကို ကုလသမဂ္ဂ စုံစမ်းစစ်ဆေးမှူးတွေက ဒီကနေ့ တောင်းဆိုလိုက်ကြပါတယ်။
တရားဥပဒေ စိုးမိုးတဲ့ ဘယ်နိုင်ငံရဲ့ အစိုးရမဆို ဥပဒေနဲ့အညီ တရားမျှတစွာအမှုတွေကို ပွင့်ပွင့်လင်းလင်းနဲ့ ကြားနာ စစ်ဆေး ရတာ ဖြစ်ပါတယ်လို့ မစ္စတာ လီယန်ဒရို ဒက်စ်ပရီ က ပြောဆိုလိုက်တာပါ။