ဒေါ်စုမွေးနေ့ ကမ္ဘာတဝန်း ကျင်းပ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ကျရောက်မယ့်
သူ့ရဲ့ ၆၄ နှစ်မြောက်မွေးနေ့ကို ရန်ကုန်မြို့က အင်းစိန်အကျဉ်းထောင်ထဲမှာ ကျော်ဖြတ်
ရမှာ ဖြစ်ပါတယ်။

မေလအစောပိုင်းမှာ အမေရိကန် နိုင်ငံသားတယောက် မဖိတ်ခေါ်ဘဲ ဒေါ်အောင်ဆန်း
စုကြည်ရဲ့ နေအိမ်ခြံဝင်းထဲကို ရေကူးဝင်ရောက်ခဲ့တာကြောင့် ဒေါ်အောင်ဆန်းစုကြည်
ဟာ သူ့ကို နေအိမ်အကျယ်ချုပ် ဖမ်းဆီးထားတဲ့ စည်းကမ်းစည်းမျဉ်းတွေကို
ချိုးဖောက်ခဲ့တယ်ဆိုပြီး စစ်အစိုးရက တရားစွဲပြီး သူ့ကို အင်းစိန်အကျဉ်းထောင်ထဲမှာ
ဖမ်းဆီးထားတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး
အတွက် နိုင်ငံတကာက နိုင်ငံ့ခေါင်းဆောင်တွေ၊
နိုင်ငံရေးသမားတွေ၊ အနုပညာရှင်တွေက
လူထုအစည်းအဝေးပွဲတွေ၊ ဆုတောင်းပွဲတွေ၊
မိန့်ခွန်းပြောကြားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

www.64forsuu.com ဆိုတဲ့ ဝက်ဘ်ဆိုက်မှာ
လည်း ဒေါ်အောင်ဆန်းစုကြည်အတွက်
မွေးနေ့ဆုတောင်းတွေ ရေးသားပေးပို့ကြတာ
အခုဆိုရင် မွေးနေ့ဆုတောင်းပေါင်း ၁၀,၀၀၀
ကျော်သွားပါပြီ။ အီးယူ ဥရောပသမဂ္ဂကဆိုရင်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကားချပ်
အကြီးကြီးကို ဘရပ်ဆဲလ်မြို့တော် လူဇင်ဘတ်
က အီးယူ ပါလီမန်အဆောက်အအုံမှာ
ချိတ်ဆွဲမှာဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်မှာတော့ ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း (Gordon
Brown) ရဲ့ ဇနီးဖြစ်သူ ဆာရာ ဘရောင်း (Sarah Brown) က ဒေါ်အောင်ဆန်းစုကြည်
လွတ်မြောက်ရေး ကြိုးပမ်းမှုအနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ရုပ်ရှင်တကား ပြသမှာ
ဖြစ်ပါတယ်။ ဒီလို ဝန်ကြီးချုပ်နေအိမ်မှာ ရုပ်ရှင်ပြသမှု ပြုလုပ်တာဟာ ရာဇဝင်မှာ
ပထမဦးဆုံး ပြသမှု ဖြစ်ပါတယ်။