အာဏာသိမ်းချိန်ကစပြီး လက်ရှိဗမာစစ်အစိုးရ တွေးကြောက်တဲ့ကိစ္စတွေထဲမှာ နိုင်ငံခြားက စစ်ရေးအရ ဝင်ရောက်စွက်ဖက်နိုင်တာလည်း ပါဝင်ပါတယ်။ အမေရိကန်သမ္မတ George Bush လက်ထက်မှာ အာဏာရှင်ကြီးစိုးတဲ့အီရတ်ကို မင်းဆိုးမင်းညစ်လို့ သတ်မှတ်တာရယ်ကြောင့် စစ်ရေးအရ စွက်ဖက်လာမှာကို အမြဲစိုးရိမ်ပူပန်နေပုံရပါတယ်။ ပျဉ်းမနားကြပ်ပြေးမှာ နေပြည်တော်တည်ဆောက်ပြီး မြေအောက်မှာ ဥမင်လှိုင်ခေါင်းတူးရတာဟာလည်း စစ်ရေးစွက်ဖက်မှုကို ကာကွယ်နိုင်ဖို့ပဲဖြစ်ပါတယ်။ နာဂစ်လေဘေးဒုက္ခသည်တွေကို ကယ်ဆယ်ဖို့ အသင့်စောင့်နေတဲ့ အမေရိကန်ရေတပ်ကြီးကို အဝင်မခံတာလည်း နိုင်ငံခြားစစ်တပ်ဝင်လာမှာကို စစ်ခေါင်းဆောင်ပိုင်းက အကြောက်လွန်နေလို့ပါပဲ။
ပြည်တွင်းကလက်နက်ကိုင်လှုပ်ရှားမှုကို နိုင်ငံခြားက စစ်ရေးအကူအညီပေးပြီး စစ်အစိုးရကို ဖြုတ်ချမှာကိုလည်း စိုးရိမ်ပူပန်လေ့ရှိပါတယ်။ တောင်အမေရိကတိုက်မှာ အတိုက်အခံအဖွဲ့အစည်းတွေဟာ နိုင်ငံရေးအင်အားရော စစ်အင်အားရောရှိတာကြောင့် နိုင်ငံခြားက စစ်ကူယူတဲ့ အစဉ်အလာရှိပါတယ်။ မြန်မာပြည်မှာတော့ အတိုက်အခံအဖွဲ့အစည်းမှာ စစ်အင်အားမရှိပါဘူး။ အစိုးရစစ်တပ်အင်အားဟာ တိုင်းရင်းသားလက်နက်ကိုင် အင်အားထက် ဆယ်ဆလောက်ပိုးများတာရယ်၊ အင်အားကောင်းတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်စဲထားတာရယ်ကြောင့် ဗမာစစ်အစိုးရကို ပြည်တွင်းလက်နက်ကိုင်တွေက ဖြုတ်ချဖို့ဆိုတာ အလားအလာမရှိသလောက်ပါပဲ။
လွန်ခဲ့တဲ့ မေလကုန်က အမေရိကန်ကာကွယ်ရေးဝန်ကြီး Robert Gates စင်္ကာပူညီလာခံမှာ ပြောသွားတဲ့ မိန့်ခွန်းကိုကြည့်ရင် အမေရိကန်အစိုးရသစ်ဟာ စစ်ရေးအရစွက်ဖက်ဖို့ စိတ်မကူးတာကို ထင်ရှားပါတယ်။ ဗမာအစိုးရ ဒု-ကာကွယ်ရေးဝန်ကြီးလည်း ဒီညီလာခံကို တက်ရောက်ပါတယ်။ ဒေသခံအစိုးရတွေနဲ့ ထိထိရောက်ရောက် လက်တွဲလုပ်ကိုင်နိုင်ဖို့အတွက် အာဆီယံချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးစာချုပ်ကို လက်မှတ်ထိုးဖို့ အမေရိကန်က စေ့စပ်ဆွေးနွေးနေတယ်လို့ သိရပါတယ်။ ဒီ စာချုပ်ကို တရုတ်-အိန္ဒိယ-ဂျပန်-တောင်ကိုးရီးယား-ရုရှား က လက်မှတ်ထိုးပြီးပြီ။ ဒီစာချုပ်ကို အမေရိကန်က လက်မှတ်ထိုးမယ်ဆိုရင် ဗမာစစ်အစိုးရနဲ့ ဆက်ဆံရေးပြောင်းသွားနိုင်ပါတယ်။
အာဆီယံချစ်ကြည်ရေးနဲပ ပူးပေါင်းဆောင်ရွက်ရေး TAC စာချုပ် အပိုဒ် (၂) မှာ လက်မှတ်ထိုးသူတွေဟာ ပြည်တွင်းရေးမှာ မစွက်ဖက်ရ အင်အားမသုံးရလို့ တားမြစ်ထားပါတယ်။ TAC စာချုပ်ဝင်နိုင်ငံရဲ့ နယ်နမိတ် (သို့မဟုတ်) အချုပ်အချာအာဏာ နဲ့ နိုင်ငံရေး စီးပွားရေးတည်ငြိမ်မှုကို အန္တရာယ်ဖြစ်စေမယ့် အပြုအမှုမျိုးကို ရှောင်ကြဉ်ရမယ်လို့အပိုဒ် (၁၀) က ဆိုထားတာမို့ အမေရိကန်ရဲ့ စီးပွားရေးဒဏ်ခတ်အရေးယူမှုကို ဆန့်ကျင်ထားသလို ဖြစ်နေပါတယ်။ ဒါပေမယ့် ဘယ်လိုအပြုအမှုမျိုးဟာ အန္တရာယ်ဖြစ်စေတယ် ဆိုတာကိုတော့ အာဆီယံ TAC စာချုပ်မှာရှင်းပြထားတာ မတွေ့ရပါဘူး။
ဒေသခံနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်တာကြောင့် အိုဘားမားအစိုးရဟာ အာဆီယံ TAC စာချုပ်ကို လက်မှတ်ထိုးဖို့အတွက် စတင်စေ့စပ်ဆွေးနွေးနေပြီလို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Robert Gates ပြောသွားတာဟာ ဗမာစစ်အစိုးရအတွက် အလွန်အရေးကြီးပါတယ်။ အာဆီယံအဖွဲ့ဝင်တွေဖြစ်တဲ့ ထိုင်း-ဖိလစ်ပိုင်-စင်္ကာပူဟာ အမေရိကန်နဲ့ ရင်းနှီးပါတယ်။ မလေးရှား-ဗီယက်နမ် နဲ့ အမေရိကန်ဟာ ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ဖို့ စီစဉ်နေပါတယ်။ အင်ဒိုနီးရှား-အမေရိကန် ပူးတွဲဆောင်ရွက်တည်ဆောက်ဖို့ ကြိုးပမ်းနေပါတယ်။ အယင်က ဂရုမစိုက်ခဲ့တဲ့ ကမ္ဘောဒီးယား နဲ့ လာအိုကိုလည်း အမေရိကန်အစိုးရက လက်တွဲနေပါပြီ။ တနည်းဆိုရင်တော့ ဗမာစစ်အစိုးရလွဲပြီး အာဆီယ့ ကိုးနိုင်ငံဟာ အမေရိကန်နဲ့ ဆက်ဆံရေးမြှင့်တင်ဖို့ ကြိုးပမ်းနေကြပါတယ်။
စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုမရှိတာနဲ့ စစ်တပ်အားကြီးမားတာကိုကြည့်ပြီး လုံခြုံပြီတည်ငြိမ်ပြီလို့ မပြောနိုင်ကြောင်း Dr. Robert Gates က ရှင်းပြပါတယ်။ စီးပွားရေးပြဿနာဟာ လုံခြုံရေးပြဿနာ ဖြစ်လာနိုင်ပါတယ်။ အုပ်ချုပ်မှုညံ့ဖျင်းရင် တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းမှုကို ထိခိုက်နိုင်ပါတယ်။ ရာဇဝတ်မှုများပြားပြီး ရောဂါဘယထူပြောလာရင် အားနည်းတဲ့နိုင်ငံဟာ ပျက်စီးတဲ့နိုင်ငံဘဝကို ရောက်သွားနိုင်ပါတယ်။ ဒီ ပြဿနာတွေကို တနိုင်ငံ၊ နှစ်နိုင်ငံထဲ ဖြေရှင်းလို့ရတာမဟုတ်ပဲ စုပေါင်းဖြေရှင်းတာ အကောင်းဆုံးလို့ အမေရိကန်က ယူဆကြောင်း Robert Gates က ရှင်းပြပါတယ်။
မြန်မာပြည်မှာ တကယ့်အပြောင်းအလဲဖြစ်ဖို့လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေး အကျဉ်းသားအားလုံးလွတ်ပေးပြီး တွေ့ဆုံဆွေးနွေးပွဲ လုပ်ဖို့လိုကြောင်း Robert Gates က ပြောပါတယ်။ စင်္ကာပူဝန်ကြီးချုပ်ဟောင်း Goh Chok Tong ကြပ်ပြေးနေပြည်တော် လာတုန်းကလည်း ဒီသဘောကိုပဲ ထပ်ပြောသွားပါတယ်။ မြန်မာ့ပြဿနာဟာ အာဆီယံအမေရိကန် ဆက်ဆံရေးမြှင့်တင်မှုကို ထိခိုက်နိုင်တဲ့ အခြေအနေ ရောက်နေပုံရပါတယ်။ အာဆီယံ TAC ချစ်ကြည်ရေး နဲ့ ပူးပေါင်းဆောင်ရွက်ရေး စာချုပ်ကို အမေရိကန်က လက်မှတ်မထိုးရင် ဆင်ပြောင်ကြီး အမြီးကျမှာ တစ်ဆို့သလို ဗမာစစ်အစိုးရ ခေါင်းမာမှုကြောင့် အာဆီယံအဖွဲ့ရဲ့ ရည်မှန်းချက် အကောင်အထည်မပေါ်ပဲ ဖြစ်သွားနိုင်ပါတယ်ခင်ဗျာ။