ဂမ်ဘာရီ ဇွန်လ၂၅ရက် မြန်မာနိုင်ငံသွားဖို့ခန့်မှန်း

မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အီဗရာဟင် ဂမ်ဘာရီ ဟာ လာမယ့်ရက်ပိုင်းအတွင်းမှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ရှိတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေပါတယ်။ မစ္စတာ ဂမ်ဘာရီအနေနဲ့ ကြိုတင်ကြေညာထားခြင်း မရှိဘဲ ရုတ်တ ရက် သွားရောက်မယ့် ဒီတကြိမ် ခရီးစဉ်အတွင်းမှာ အန်အယ်လ်ဒီ ပါတီအပါအဝင် တခြား နိုင်ငံရေးပါတီတွေ အဖွဲ့စည်းတွေနဲ့ တွေ့ ဆုံနိုင်ပါမလား။ မစ္စတာ ဂမ်ဘာရီရဲ့ ဒီတခေါက် လာမယ့် ခရီးစဉ်နဲ့ပတ်သက်လို့ နိုင်ငံရေးခေါင်းဆောင်တချို့ရဲ့ အမြင်သဘောထား ဘယ်လို ရှိသလဲဆိုတာကို မနန္ဒာချမ်းက ဆက်သွယ်မေးမြန်းထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာပြည်ဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် အီဗရာဟင် ဂမ်ဘာရီ ဟာ ကြိုတင် ကြေညာထားခြင်း မရှိဘဲနဲ့ လာမယ့် ကြာသပတေးနေ့ ဇွန်လ ၂၅ ရက်နေ့မှာ မြန်မာ ပြည်ကို သွားရောက်မယ်ဆိုပြီး သတင်းတွေ ထွက်လာပါတယ်။ အခါတိုင်း အခုလို ကုလသမဂ္ဂ အထူး သံတမန် တဦး မြန်မာပြည်ကို သွားမယ်ဆိုရင် ကြိုတင်ပြောဆိုလေ့ရှိပါတယ်။ ဒါပေမဲ့ အခုလို မပြောတဲ့အပေါ်မှာ ခန့်မှန်းချက်တွေကတော့ အမျိုးမျိုး ထွက်နေတာပါ။ အန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်လည်း ဖြစ်၊ ဝါရင့်သတင်းစာဆရာကြီးတဦးလည်း ဖြစ်တဲ့ ဦးဝင်းတင် ကတော့

“ရှင်းရှင်း ပြောရရင် စစ်အစိုးရကလည်း အလွန်ခေါင်းမာနေတဲ့ အနေအထားမှာ ရှိနေတယ်။ အဲဒီအတွက် ကမ္ဘာနဲ့ လာ ထိတွေ့ခြင်းဟာ နောက်ဆုံးများ ဖြစ်ကောင်းဖြစ်မလားလို့ ကျွန်တော်က တွေးမိတယ်။ ဒါကြောင့် ကုလသမဂ္ဂ အနေနဲ့ သတိထားပြီးတော့ ပထမဆုံးနဲ့ နောက်ဆုံး တွေ့ဆုံတာမျိုး မဖြစ်အောင်လို့ တက်နိုင်သမျှ သိမ်သိမ် မွေ့မွေ့ လုပ်နေတယ်လို့ ယူဆတယ်။ ဒီဟာနဲ့ ပတ်သက်လို့ သံခင်း တမန်ခင်း ပုံသဏ္ဍာန်ကို တစုံတရာ ပြောစရာမရှိသော်လည်း ဒီလောက်ကြီး လျှို့ဝှက်လုပ်စရာ မလိုပါဘူး။ ဒါက နိုင်ငံရေး လာလုပ် တာကိုး။ နိုင်ငံရေး ပြဿနာ ရှေ့လမ်းကြောင်းတွေကို ချမှတ်ဖို့ လာလုပ်တာကိုး။ ဒီနိုင်ငံရေး အင်အားစုတွေ မပါဝင်ဘဲနဲ့ မဖြစ်ဘူး။ အဲဒါကို ဂမ်ဘာရီ အနေနဲ့ သတိထားမိမယ်လို့ ကျွန်တော် ယူဆမိပါတယ်။”

ဒါ့အပြင် စီအာပီပီ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီရဲ့ အဖွဲ့ဝင်လည်းဖြစ်၊ UNA တိုင်းရင်းသား နိုင်ငံရေးပါတီများ မဟာမိတ်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်တဲ့ ဇိုမီးအမျိုးသားကွန်ဂရက်ဥက္ကဌ ဦးကျင်ရှင်းထန် ကလည်း

“အထူးသဖြင့် သူ ကမန်းကတမ်း လာဖို့ ဘာများ အကြောင်း ပေါ်သလဲတော့ မသိဘူး။ အခု လာမယ် ဆိုတော့ အံ့သြနေတာ တခုပါပဲ။ ခုနစ်ခါ ရှစ်ခါလောက် လာပြီးသွားတာ ကျွန်တော်တို့ တချိန်လုံးပဲ လာလိမ့်မယ်။ တွေ့ လိမ့်မယ်လို့ မျှော်လင့်ထားတာတွေ တခါမှ မဖြစ်ဘူးဆိုတော့၊ ဒီတခါလည်း ပိုပြီးတော့ တင်းကျပ်တဲ့အချိန် ဖြစ်နေတော့ ဘယ်လို ဖြစ်မလဲ မသိဘူး။ ပွင့်ပွင့်လင်းလင်း ပြောသင့်တယ်။ ကျွန်တော်တို့ အမြင်မှာက အခု ရှုပ်ထွေးနေတဲ့ မြန်မာ့ နိုင်ငံရေးဟာ အားလုံး ပါဝင်တွေ့ဆုံမှ အဆင်ပြေနိုင်မယ့် အခြေအနေမှာ ရှိတယ်။”

တချို့ နိုင်ငံရေးလေ့လာသုံးသပ်တွေကတော့ အရင်ကလည်း ကုလသမဂ္ဂ ကိုယ်စားလှယ်တွေ မြန်မာပြည်ကို အကြိမ်ကြိမ် သွားရောက်ခဲ့ပေမဲ့ အခုချိန်ထိ ပြေလည်မှု ရမလာဘဲ အခြေအနေတွေ ပိုပြီးဆိုးရွားလာတဲ့အပေါ် ဝေဖန်တာတွေလည်း ရှိခဲ့ပါတယ်။ ဒီအပေါ်မှာ UNA တိုင်းရင်းသားနိုင်ငံရေးပါတီများ မဟာမိတ်အဖွဲ့ရဲ့ ပြော ရေး ဆိုခွင့်ရှိသူ ဦးကျင်ရှင်းထန် ကလည်း တူညီတဲ့ အမြင်မျိုး ရှိတဲ့အကြောင်း အခုလို ပြောဆိုခဲ့ပါတယ်။

“အလားတူပါပဲ။ ကျန်တဲ့ အချိန်မှာ ဂမ်ဘာရီလာတယ်။ လာပြီးတော့ ဘာမှလည်း အကြောင်းမထူးဘူး။ ကျွန်တော်တို့ လူမျိုးစုအုပ်စုကလည်းပဲ သူ လာတာ ဘာမှ ဖြစ်မလာဘူးဆိုပြီး ကျွန်တော်တို့ ပြောလိုက်တာ ရှိတယ်။”

ဝါရင့်သတင်းစာဆရာကြီး ဦးဝင်းတင်ကတော့ မစ္စတာ ဂမ်ဘာရီရဲ့ ခရီးစဉ်ဟာ ပွင့်လင်းဖို့ လိုအပ်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တွေ့သင့် တွေ့ထိုက်တဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ အားလုံးနဲ့ တွေ့သင့်ကြောင်း၊ တကယ်လို့သာ တွေ့သင့်တွေ့ထိုက်တဲ့သူတွေနဲ့ စစ်အစိုးရက တွေ့ဆုံခွင့် မပေးနိုင်ဘူးဆိုရင် ဒီခရီးစဉ်ကို မလာသင့်တဲ့အကြောင်း အခုလို ဆက်ပြောပြပါတယ်။

“ရှင်းရှင်းပြောရရင် ဒီပြဿနာဖြေရှင်းရာမှာ ဒေါ်အောင်ဆန်းစုကြည် မပါဘဲနဲ့ လုံး၀ မဖြစ်နိုင်ဘူး။ လုံး၀ လက်မခံနိုင်ဘူး။ လုံးဝကို ကျောခိုင်းတယ်။ ဒေါ်စု ဘေးဖယ်ထားပြီး နိုင်ငံရေး ရေစီးကြောင်းက ဘေးဖယ် ထားမယ်၊ ထောင်ထဲ ထည့်ထား မယ် ဆိုရင် လုံးဝကို လက်မခံနိုင်ပါဘူး။ ရှင်းရှင်း ပြောရရင် အန်အယ်လ်ဒီ တခုတည်း ရှင်းလို့မရဘူး။ ဒီဟာက အားလုံး ပါဝင်ရမယ်ဆိုတဲ့ နိုင်ငံတကာကရော လက်ခံထားတဲ့ နိုင်ငံရေး ဖြစ်စဉ်ကြီးတခုလုံးကို ဖြေရှင်းဖို့ တိုင်းရင်းသားတွေလည်း မပါလို့ မဖြစ်ဘူး။ အဲဒီတော့ တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍကလည်း အလွန် ကြီးမားပါတယ်။ တွေ့ဖို့လည်း အကြောင်းပေါ်မှာမဟုတ်ဘူးလို့ သူတို့က ထင်တယ်။ သိနေတယ် ဆိုရင်၊ သူတို့ဘက်က အချင်းချင်း အသံတွေ ပေးပြီးသားဖြစ်နေမယ်။ စစ်အစိုးရ က လည်း ကြိုပြီး ငြင်းပယ်ထားတာမျိုး ရှိမယ်ဆိုရင် မစ္စတာ ဂမ်ဘာရီအနေနဲ့ မလာတာဘဲ ကောင်းပါတယ်။”

ဒါကတော့ မြန်မာပြည်ကို ရုတ်တရက်သွားရောက်မယ့် မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂ အထူး သံ ကိုယ်စား လှယ် အီဗရာဟင် ဂမ်ဘာရီ ရဲ့ ခရီးစဉ်နဲ့ပတ်သက်လို့ အန်အယ်လ်ဒီ အတွင်းရေးမှူး အဖွဲ့ဝင်တဦးလဲဖြစ်၊ ဝါရင့်သတင်းစာဆရာကြီးတဦးလဲဖြစ်တဲ့ ဦးဝင်းတင် နဲ့ CRPP ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီ အဖွဲ့ဝင် ဦးကျင်ရှင်းထန်တို့ရဲ့ အမြင်နဲ့သဘောထားတွေကို ကြားခဲ့ရ တာပါ။ ဒါ့အပြင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကိုယ်တိုင်ကလဲ မြန်မာပြည်ကို ဂျူလိုင်လဆန်းမှာ သွားရောက်ဖို့ ရှိတယ်ဆိုပြီး ကုလသမဂ္ဂ ကနေ တရားဝင် ပြောဆိုထားတာပါ။ မစ္စတာ ဘန်ကီမွန်း မြန်မာပြည်ကို သွားချင်တဲ့ အကြောင်း ကတော့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေအားလုံး ပြန်လွှတ်ပေးရေးအတွက် မြန်မာ စစ်အစိုးရကို တိုက်တွန်းဖို့ပဲလို့ ဆိုပါတယ်ရှင်။