ဦးဝင်းတင် ရဲ ့ယုံကြည်ချက်

ကျနော့်ဘဝမှာ အရေးအကြီးဆုံး သဘောထားက ဘာလဲဆိုတော့ လုပ်ရမယ့်အလုပ်ကို တာဝန်အရ လုပ်ရမယ်၊ လုပ်ရတယ်၊ လုပ်ကောင်းတယ်၊ လိုအပ်တယ် ဆိုတာ ကျနော်ရဲ့ ယုံကြည်ရာဖြစ်ပါတယ်။ ကျနော်က ငယ်ငယ်ကတည်းက လုပ်ရမယ့်အလုပ်ကိုလုပ်တဲ့ အကျင့်လေးတော့ ကျနော်မှာ ရှိတယ်။ ကျနော်လုပ်ရမယ့် အလုပ်တော့ လုပ်တာပဲ။ ကျနော်ငယ်ငယ်တုန်းက ကျောင်းတက်တယ်ဆိုရင် အိမ်ကနေပြီးတော့ ဟင်းတို့ဘာတို့ ဘဲဥကြော်၊ ပဲပြုတ်ကြော် စသည်တို့ လုပ်သွားဖို့ ကျနော်လုပ်ရမယ့် အလုပ်ရှိရင် ကျနော် ပုံမှန်လုပ်တယ်ဗျ၊ နောက် ကျနော် အသက်လေးနဲနဲရလာတယ် အခါကြတော့ ကျနော် စာရေးဆရာတို့ ကဗျာဆရာတို့ ဖြစ်ချင်တဲ့အခါ ကျနော် ကဗျာတွေ၊ စာတွေ တော်တော်ရေးတယ်ဗျ၊ နောက် ကျနော် တက္ကသိုလ်တို့ ဘာတို့ ရောက်တဲ့အခါမှာလည်း ကျနော် သတင်းစာဆရာဖြစ်ချင်လာတဲ့အခါမှာလည်း ကဗျာ၊ စာပေ၊ ရသဆိုတဲ့ သဘောတွေထက် ဝတ္ထုတို့ ရသစာပေတွေ သဘောထက် အတွေးအခေါ်ဆိုင်ရာ၊ သမိုင်းဆိုင်ရာ လူမှုအတွေ့အကြုံဆိုင်ရာ၊ လူမှုအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး စာအုပ်တွေ၊ စာတမ်းတွေ အများကြီးဖတ်ပါတယ်။ ကျနော်လုပ်ရမယ့် အလုပ်ဆိုပြီးတော့ လုပ်တယ်။

နောက်တခါ ကျနော် သတင်းစာလောကထဲရောက်တော့လည်း ကျနော် လုပ်ရမယ့် အလုပ်ကို ကျနော် သည်းသည်းမဲမဲ လုပ်ပါတယ်။ ပိုက်ဆံရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ။ ဆိုပါတော့ဗျာ ၁၉၅၈-၉ လောက်က ကြေမုံသတင်းစာ ချိတ်ပိတ်ခံရတဲ့အခါမှာ ကျနော် ပြည်သူ့အိုဝေးသတင်းစာမှာ အလကားလုပ်ပေးပါတယ်။ တနှစ် ဆယ့်တလလုံးလုံး လုပ်ပေးပါတယ်။ ဒါပေမယ့် အဲဒီမှာလည်း ကျနော်လုပ်ရမယ့် အလုပ်ကိုလည်း ကျနော် သည်းသည်းမဲမဲ နေညလုပ်ပေးပါတယ်။

နောက် နိုင်ငံရေးထဲ ရောက်လာပြီးတော့ ၁၉၈၉ မှာ ကျနော်တို့ အာဏာဖိဆန်ရေး လှုပ်ရှားမှုဆိုတာလုပ်ပါတယ်။ ကျနော် အဲဒီ အာဏာဖိဆန်ရေးနဲ့ပတ်သက်လို့ အဆိုတင်၊ အာဏာဖိဆန်ရေးဆိုင်ရာ စီမံချက်တွေရေး၊ အာဏာဖိဆန်ရေးဆိုင်ရာ ကြွေးကြော်သံတွေရေးပြီးတော့ တင်တယ်။ အဲဒီအချိန်တုန်းမှာ အမျိုးမျိုး အငြင်းပွါးကြ၊ ငြင်းကြခုန်ကြ၊ အမျိုးမျိုးပြောကြတဲ့အခါမှာ အာဏာဖိဆန်ရေးဆိုတာဘာလဲ၊ မတရားတဲ့အမိန့်ဆိုဟူသမျှမှာ ဘယ်လိုဟာမျိုးကို ခေါ်တာလဲ၊ အမိန့်အာဏာဆိုတာဘာလဲ စသည်ဖြင့် အမျိုးမျိုးပြောကြတဲ့အခါမှာ ဒေါ်စု က စကားတခုပြောဘူးတယ်။ ဒေါ်စုပြောတဲ့စကားက ဘာလဲဆိုတော့ 'တာဝန်အရ' ဆိုတာ ထဲ့လိုက်ပါတဲ့။ မတရားတဲ့အမိန့်ဟူသမျှ တာဝန်အရ ဖိဆန်ကြ။ တာဝန်အရဆိုတာ ဒေါ်စုရဲ့ စကား။

ကျနော် အဲဒီအချိန်ကစပြီး ကျနော်ငယ်ငယ်တုန်းက အကျင့်ရှိခဲ့တဲ့ လုပ်ရမယ့်အလုပ် လုပ်တယ်ဆိုတဲ့အကျင့်ကနေ ကျနော် ဘာအသိဉာဏ်ရသလဲဆိုတော့ ဒေါ်စုရဲ့ စကားပေါ်မှာ မှီပြီး ကျနော် အသိဉာဏ်တခုရတယ်။ အဲဒါက ဘာလည်းဆိုတော့ လုပ်နိုင်တာတွေကို စဉ်းစားမယ်၊ လုပ်သင့်တာတွေကို စဉ်းစားရမယ်။ ဒါတွေ စဉ်းစားပြီးတဲ့အခါမှာတော့ လုပ်ရမယ့်အလုပ်ကို တာဝန်အရ လုပ်ရမယ်ဆိုတာကို ကျနော်မှာ အသိဉာဏ်လေး ရသွားတယ်ဗျ။ အဲဒီနောက်ပိုင်း ကျနော် ထောင်ထဲအနှစ် ၂၀ လောက်နေတဲ့အခါမှာလည်း ကျနော် ထောင်ထဲမှာ နေရလို့ အချိန်တွေကုန်တယ်လို့ မထင်ဘူး၊ ဖြုန်းတယ်လို့လည်း မထင်ဘူး၊ အလဟသဖြစ်တယ်လို့လည်း မထင်ဘူး။ ကျနော် အလုပ်တွေအများကြီးလုပ်နိုင်ပါတယ်။ ကျောင်းသားလူငယ်တွေနဲ့ တွဲလုပ်တယ်။

တခါတလေ ကျောင်းသားလူငယ်တွေ ခိုင်းတဲ့အလုပ်တွေလည်း ကျနော်လုပ်တာပဲ။ တခါတလေ ကျနော် ဦးဆောင်ပြီး လုပ်တဲ့အခါလည်းလုပ်တာပဲ။ ဒါပေမယ့် ကျနော် လုပ်နေသမျှအလုပ်တွေ အကုန်လုံးဟာ တာဝန်အရဆိုတဲ့အလုပ် နဲ့ တာဝန်အရဆိုတဲ့အသိနဲ့ တာဝန်အရဆိုတဲ့စိတ်ဓါတ်နဲ့ ကျနော် လုပ်တတ်ရကောင်းမှန်သိလာတယ်။ အဲဒီအချိန်ကစပြီးတော့ တော်တော်ကောင်းပါလားလို့ ဒေါ်စုရဲ့ စကားကို မှီပြီးတော့ရတဲ့ စိတ်ဓါတ်ဟာ အတော်ကောင်းပါလားလို့ ကျနော်နားလည်းလာတယ်။ တယ်ကောင်းတဲ့ အလေ့အကျင့်ပါလားလို့ ကျနော် နားလည်းလာတယ်။

အခု ကျနော် အသက်ရှစ်ဆယ် ရှိပါပြီ ကျနော် လုပ်သင့်တဲ့အလုပ်၊ လုပ်နိုင်တဲ့အလုပ် ဒါတွေ စဉ်းစားပြီးတဲ့အခါမှာတော့ ကျနော် လုပ်ရမယ့်အလုပ်ကို ကျနော် တာဝန်အရ လုပ်နေတယ်။ ကျနော် ဒီနေ့ တာဝန်အရ လုပ်တဲ့အတွက် ဒါဟာ တာဝန်အရလုပ်တယ်ဆိုတဲ့ တာဝန်အရဆိုတဲ့စကားဟာ ကျနော်ရဲ့ ယုံကြည်ချက်ဖြစ်လာတယ်။ ကျနော်ယုံကြည်တဲ့အတိုင်းလည်း ကျနော် ရိုးရိုးသားသား ကျိုးကျိုးနွံ့နွံ့နဲ့ ကျနော် လုပ်လာနိုင်တယ်။ အဲဒါဟာ အလွန်ကောင်းတဲ စိတ်ဓါတ်တခု၊ အလေ့အကျင့်တခုပဲလို့ ကျနော်နားလည်းပါတယ်။ ဒါ့အပြင် ကျနော်အဖို့တော့ အလွန်အရေးကြီးတဲ့ ကိုယ်ရဲ့ ယုံကြည်ရာတခု ဖြစ်လာတယ်လို့ ကျနော် ပြောချင်ပါတယ်။