မြောက်ကိုရီးယား နဲ့ ပေါင်းလို့ ဘယ်လို အကျိုးသက်ရောက်မလဲ

မြောက်ကိုရီးယား အကူအညီနဲ့ မြေအောက် ဥမင်လှိုဏ်ခေါင်းတွေကို မြန်မာစစ်အစိုးရ တည်ဆောက်ခဲ့တယ် ဆိုတဲ့ ဓာတ်ပုံတွေ သတင်းတွေ ထွက်လာချိန်မှာပဲ စစ်လက်နက် ပစ္စည်းတွေ တင်ဆောင်လာဖွယ် သံသယ ရှိတဲ့ မြောက်ကိုရီးယား သင်္ဘောတစင်း မြန်မာနိုင်ငံဘက် ဦးတည်ခုတ်မောင်းနေတယ် ဆိုတဲ့ သတင်းတွေကလည်း နိုင်ငံတကာမှာ ထွက်နေတာပါ။ ဒါပေမဲ့ မြန်မာစစ်အစိုးရကတော့ မြောက်ကိုရီးယား သင်္ဘော မြန်မာနိုင်ငံဘက် ခုတ်မောင်းလာနေတယ် ဆိုတာ မဟုတ် ပါဘူးလို့ ငြင်းသွားပါတယ်။ မြန်မာနိုင်ငံမှာ မြောက်ကိုရီးယား အကူအညီ နဲ့ ဥမင်လှိုဏ်ခေါင်းတွေ ဖောက်နေတယ် ဆိုတဲ့ အကြောင်းကိုတော့ မြန်မာစစ်အစိုးရ က မငြင်းသေးပါဘူး။ ဆိတ်ဆိတ်နေခြင်းက ဝန်ခံခြင်း သဘောပါလား။ ဦးကျော်ဇံသာ က သုံးသပ် တင်ပြထားပါတယ်။

စစ်အစိုးရကတော့ တကယ်တမ်း ဒါကို ဝန်ခံလိမ့်မယ် မဟုတ်ပါဘူး။ ဒါက သူတို့နိုင်ငံအတွက် စစ်ရေးလျို့ဝှက် ဖြစ်ပါတယ်။ နိုင်ငံအတော်များများကလည်း ဒီလိုကိစ္စမျိုးကို ထုတ်ပြီး ပြောကြားလေ့ မရှိပါဘူး။ မြောက်ကိုရီးယားသင်္ဘော မြန်မာနိုင်ငံကို လာတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ ငြင်းခဲ့တာကလည်း အဲဒါကို နိုင်ငံတကာ က စိတ်ဝင်စားပြီးတော့ အမေရိကန်လို နိုင်ငံ မျိုးက သူတို့ စိတ်ဝင်စားတယ်၊ စောင့်ကြည့်နေပါတယ် ဆိုတဲ့ အပြောအဆိုကြောင့်သာ မြန်မာစစ်အစိုးရက ထုတ်ဖော် ငြင်းတာ ဖြစ်ပါလိမ့်မယ်။ ဒီတော့ ဥမင်တွေ တူးပြီးတော့ မြောက်ကိုရီးယား နဲ့ စစ်ရေး ဆက်သွယ်နေတယ်၊ အဝေးပစ် ဒုံးကျည်တွေ လုပ်နေတယ် ဆိုတာတွေကလည်း အလားတူစွာ နိုင်ငံတကာက ဝေဖန်မှုတွေ လုပ်လာတဲ့အခါမှာ စစ်အစိုးရ က ထုတ်ဖော် ပြောကြားကောင်း ပြောလာပါလိမ့်မယ်။ ငြင်းကောင်း ငြင်းလာပါလိမ့်မယ်။ ဒါပေမဲ့ အခု လောလောဆယ် အထောက်အထားကလည်း တော်တော်လေး ခိုင်လုံနေတယ်လို့ ကျနော်ကတော့ သုံးသပ်ပါတယ်။ ဒါ ကိုအောင်ဇော် တို့၊ ဘက်တေးလ် လစ်တနာ တို့ဟာ မြန်မာ့အရေး ကျွမ်းကျင်တဲ့ သတင်းစာသမားတွေ ဖြစ်ကြပါတယ်။ ဆိုတော့ အထောက်အထား စာရွက်စာတမ်းတွေလည်း အပြင်မှာ ပုံနဲ့တကွ အများကြီး ထွက်ပေါ်နေတယ်။ ဒါကြောင့် စစ်အစိုးရက ဝန်ခံသည်ဖြစ်စေ၊ မဝင်ခံသည်ဖြစ်စေ မှန်ကန်တဲ့အချက်တွေလို့ ဆိုရမှာ ဖြစ်ပါတယ်။

ဒါဆိုရင် မြန်မာအစိုးရက နိုင်ငံတကာ အသိုင်းအဝိုင်း အလယ်မှာ အားလုံးရဲ့ လက်ညှိုးထိုး ခံနေရတဲ့ မြောက်ကိုရီးယား နိုင်ငံနဲ့မှ သွားပြီး အပေါင်းအသင်း ဖြစ်နေတယ် ဆိုတော့ မြန်မာနိုင်ငံရဲ့ အခြေအနေ ဘယ်လိုများ ဖြစ်လာမလဲ၊ ဘယ်လို မြင်ပါသလဲ။ -

နိုင်ငံတကာက လက်ညှိုးထိုး ခံနေရတဲ့ မြောက်ကိုရီးယားနိုင်ငံ နဲ့ အပေါင်းအသင်း ဖြစ်တော့ သူလည်းပဲ ဝိုင်းပြီး လက်ညှိုး ထိုး ခံရမှာပါပဲ။ အခုလည်းပဲ တကယ်တော့ နည်းနည်း လက်ညှိုးထိုးမယ့်အထဲမှာ ပါနေပြီပေါ့လေ။ ဒါပေမဲ့ ပိုပြီး ဆိုးတာက မြောက်ကိုရီးယားကို လူတွေက ရှုတ်ချကြတယ်။ ကုလသမဂ္ဂ ပြဋ္ဌာန်းချက်တွေ ဘာတွေ နဲ့ လုံခြုံရေး ကောင်စီက ရှုတ်ချ တဲ့အခါမှာ ဒါဟာ ဒေသတွင်း လုံခြုံရေးကို အန္တရာယ် ဖြစ်စေတဲ့အတွက် ဆိုပြီးတော့ နိုင်ငံပေါင်းစုံက ပါဝင် လက်မှတ်ထိုး လာကြတယ်။ တရုတ်တောင်မှပဲ ဒီတခါ မငြင်းတော့ဘူး။ သူတို့နိုင်ငံအတွက်လည်း မြောက်ကိုရီးယား အနုမြူဟာ အန္တရာယ် ဆိုတာ သူတို့လည်း သဘောပေါက်ပါတယ်။ မြန်မာနိုင်ငံကို အရေးယူမယ့် ကိစ္စမှာကျတော့ နိုင်ငံတကာက ဘာစဉ်းစားလဲ ဆိုတော့ မြန်မာနိုင်ငံအရေးဟာ ပြည်တွင်းရေးသာ ဖြစ်တယ်၊ ဒေသလုံခြုံရေးကို မထိခိုက်ဘူး ဆိုပြီးတော့ အာဆီယံတို့ တရုတ်တို့က ဒီအကြောင်းပြချက်နဲ့ သူတို့ ဝင်မပါဘဲ နေခဲ့ကြတာ၊ အခု မြောက်ကိုရီးယားနဲ့ ပေါင်းပြီးကတည်း က အိမ်နီးချင်း နိုင်ငံတွေကို ပစ်နိုင်တဲ့ လက်နက်တွေကိုပါ လုပ်လာပြီ ဆိုတော့ မြန်မာ့အရေးဟာလည်း ဒေသတွင်း နိုင်ငံ တွေကို ထိခိုက်နိုင်တယ် ဆိုတာ ပိုပြီး ပေါ်လွင်လာတဲ့သဘော ဖြစ်လာပါလိမ့်မယ်။ ဆိုတော့ နိုင်ငံတကာ ရဲ့ ဆုံးဖြတ်မှုကို မြောက်ကိုရီးယား နဲ့အတူ တန်းတူခံလာရမယ့် သဘော ရှိနေပါတယ်။ ဒါဟာ မြန်မာနိုင်ငံ စစ်အစိုးရ အတွက်လည်း မကောင်းပါဘူး။ နိုင်ငံတကာ နဲ့ ပိုပြီးတော့ အထီးကျန် ဆန်လာမယ်။ အထီးတည်း နိုင်ငံ ဖြစ်လာမယ်။ ပြည်သူတွေ အတွက်လည်း မကောင်းဘူး။ ဒီလို အထီးကျန် ဖြစ်လာခြင်းအားဖြင့် တိုင်းပြည်ကို ဆင်းရဲပြီး စုတ်ပြတ်သည်ထက် စုတ်ပြတ် လာမယ် ဆိုတော့ ပြည်သူတွေ ဟာလည်း မြောက်ကိုရီးယား ပြည်သူများလို ဖြစ်လာမယ်လို့ ယူဆပါတယ်။ တကယ်တမ်း အကောင်းဆုံး ထွက်ပေါက်ကတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ နိုင်ငံတကာကို ကြောက်စရာလည်း မလိုဘူး။ အိမ်နီးချင်း ထိုင်းနိုင်ငံတို့ ဘာတို့ကိုလည်း ကြောက်စရာ မရှိပါဘူး။ Democracy never goes to war ဆိုပြီးတော့ ပြောထားတဲ့အတိုင်းပါပဲ။ သူတို့ဟာ ဒီမိုကရေစီ နိုင်ငံ အချင်းချင်း ပြဿနာ ရှိရင်တောင်မှ တန်းတူရည်တူ ဖြေရှင်းနိုင်လိမ့်မယ်လို့ ယူဆရပါတယ်။