မြောက်ကိုရီးယား နိုင်ငံက ကြာသပတေးနေ့မှာ သူတို့ရဲ့ အရှေ့ဘက် ကမ်းခြေအလွန်မှာ တာဝေးပစ် ဒုံးကျည် ၄ စင်း ပစ်လွှတ်ခဲ့ပါတယ်။ ပထမ ၂ စင်းကို မနက် စောစောပိုင်းမှာ တခုနဲ့ မိနစ် ၄၀ ခြား ပစ်လွှတ်ခဲ့ပြီး ကီလိုမီတာ ၁၀၀ အကွာ ဂျပန်ပင်လယ်ပြင်ထဲမှာ ကျရောက်ခဲ့ပါတယ်။ နောက် ကျန် ၂ စင်းကိုတော့ ကိုရီးယား အရှေ့ဘက် ကမ်းခြေကနေ နောက် နာရီ အနည်းငယ်အကြာမှာ ခြားပြီး ပစ်လွှတ်ခဲ့ပါတယ်။
အထီးကျန် ဖြစ်နေတဲ့ မြောက်ကိုရီးယား နိုင်ငံဟာ မကြာခင် ရက်တွေမှာ ဒုံးကျည်တွေကို ပိုပြီး ပစ်လွှတ်နိုင်တယ်လို့ တောင်ကိုရီးယား JoongAng Ilbo သတင်းမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် အမေရိကန်နိုင်ငံ လွတ်လပ်ရေးနေ့ဖြစ်တဲ့ ဇူလိုင်လ ၄ ရက်နေ့မှာ ဟာဝိုင်အီ ကျွန်းဘက်ကို တာဝေးပစ် ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ကြိုးစားနိုင်တယ် ဆိုတဲ့ ခန့်မှန်းချက်တွေလည်း ပေါ်ထွက်နေပါတယ်။ ဒါပေမယ့် စစ်ရေး ပြင်ဆင်မှုတွေတော့ မတွေ့ရသေးပါဘူး လို့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရသူက ပြောပါတယ်။