ဟွန်ဒူးရပ်စ်ကို အမေရိကတိုက်နိုင်ငံများ အဖွဲ့ဝင်အဖြစ်က ရပ်ဆိုင်း

ပြီးခဲ့တဲ့ သတင်းပတ်ထဲမှာ စစ်တပ်အာဏာသိမ်းပြီး ရာထူးကနေ ဖြုတ်ချတာခံခဲ့ရတဲ့ သမ္မတ မန်ညူရယ် ဇေလာရာ (Manuel Zelaya) ကို သမ္မတအဖြစ် ပြန်ခန့်အပ်ဖို့ ပျက်ကွက်ခဲ့တဲ့ ဟွန်ဒူးရပ်စ်နိုင်ငံကို အိုအေအက်စ်(OAS) လို့ခေါ်တဲ့ အမေရိကတိုက် နိုင်ငံများအဖွဲ့ဝင်အဖြစ်ကနေ ရပ်ဆိုင်းထားဖို့ အိုအေအက်စ် အဖွဲ့ဝင်နိုင်ငံတွေက တညီတညွှတ်တည်း မဲပေး ဆုံးဖြတ်ခဲ့ပါတယ်။ အိုအေအက်စ် အဖွဲ့ ကိုယ်စားလှယ်တွေဟာ စနေနေ့ညမှာ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့မှာ တွေ့ဆုံဆွေးနွေးပြီး မဲပေးခဲ့ကြတာပါ။

၁၉၆၂ခုနှစ်မှာ ကျူးဘားနိုင်ငံကို အဖွဲ့ဝင်အဖြစ်က ရပ်ဆိုင်းပြီးနောက် ဒါဟာ အိုအေအက်စ်ရဲ့ ပထမဆုံး အဖွဲ့ဝင် နောက် တနိုင်ငံကို အဖွ့ဲဝင်အဖြစ်က ရပ်ဆိုင်းခဲ့တာပါ။ ဆွေးနွေးပွဲကို အာဂျင်တီးနား သမ္မတ ခရစ်တီးနား ဖာနန်ဒက်စ် (Cristina Fernandez de Kirchner)၊ ပါရာဂွေး သမ္မတ ဖာနန်ဒို လူဂို (Fernando Lugo)တို့လည်း တက်ရောက်ခဲ့ကြပါတယ်။ ဆွေးနွေးပွဲမှာ မစ္စတာ ဇေလာရာက သူဟာ တနင်္ဂနွေနေ့မှာ ဒီသမ္မတ ၂ဦးနဲ့အတူ လိုက်ပါပြီး သူ့ရဲ့ သမ္မတ တာဝန်ကို ပြန်ယူဖို့အတွက် ဟွန်ဒူးရပ်စ်ကို ပြန်မယ်လို့ ပြောပါတယ်။ အီဂွေဒေါ သမ္မတ ရာဖဲ ကိုရီယာ Rafael Correaလည်း တနင်္ဂနွေနေ့မှာ ဝါရှင်တန်ကို လာဖို့ ရှိပါတယ်။