မြန်မာ့အရေး လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ဖို့ ဗြိတိန်နဲ့ အမေရိကန်တောင်းဆို

မြန်မာနိုင်ငံအရေး နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ခေါ်ယူဆွေးနွေးဖို့ ဗြိတိန်နဲ့ အမေရိကန်ပြည်ထောင်စုတို့က တောင်းဆိုနေပါတယ်။ လုံခြုံရေးကောင်စီရဲ့ ဦးစားပေးကိစ္စတွေမှာ မြန်မာ့အရေးကိစ္စလည်း ပါဝင်တာမို့ အခု ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်ကိစ္စကို အတွင်းရေးမှူးချုပ်အနေနဲ့ လုံခြုံရေးကောင်စီကို ပြန်တင်ပြဖို့ လိုလားနေကြတာပါ။ အကြောင်းစုံ စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက ပြောပြပေးပါ။

ဇူလှိုင် ၈ရက် ဒေသစံချိန် ညနေပိုင်းမှာပဲ ကုလသမဂ္ဂ နယူးယောက်ဌာနချုပ်မှာ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့မိတ်ဆွေများနိုင်ငံ အစည်းအဝေး ကျင်းပခဲ့ပါတယ်။ အတွင်းရေးမှူးချုပ်ရဲ့ ခရီးစဉ်နဲ့ပတ်သက်လို့ အတွင်းရေးမှူးချုပ်ကိုယ်စား အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာအီဗရာဟင်ဂမ်ဘာရီက မြန်မာခရီးစဉ်ကိစ္စ အဖွဲ့ဝင်နိုင်ငံတွေကို ရှင်းပြတာပါ။ ဒီနောက် အပြန်အလှန်ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်။ သီးခြား တံခါးပိတ်အစည်းအဝေးဖြစ်တာမို့ အသေးစိတ်ကိုတော့ မသိရပါဘူး။ ဒါပေမဲ့ အခုလို တံခါးပိတ် အစည်းအဝေးထက် လုံခြုံရေးကောင်စီအတွင်း မြန်မာ့အရေး တရားဝင် ဆွေးနွေးမှုလုပ်ဖို့ ဗြိတိန်နဲ့ အမေရိကန်ပြည်ထောင်စုတို့ကတော့ တောင်းဆိုထားတယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်ပြည်ထောင်စု အမြဲတမ်း ကိုယ်စားလှယ်ရုံး ပြန်ကြားရေးအရာရှိ Patrick Vanatrell က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“မြန်မာ့အရေးကိစ္စ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ အစည်းအဝေး ခေါ်ယူဖို့ တောင်းဆိုမှုကို အမေရိကန်ပြည်ထောင်စု အနေနဲ့ ထောက်ခံပါတယ်။ သည်အဆိုပြုချက်ကိုတော့ ဗြိတိန်နိုင်ငံက တင်သွင်းထားတာပါ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် နယူးယောက် ဌာနချုပ်ကို ပြန်ရောက်လာရင် သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ကိစ္စ လုံခြုံရေးကောင်စီကို တင်ပြပြီး အဲဒီမှာ ညှိုနှိုင်းဖို့ တောင်းဆိုထားတာပါ။”

မြန်မာ့မိတ်ဆွေနိုင်ငံများ အဖွဲ့ထံ မစ္စတာ ဂမ်ဘာရီက ခရီးစဉ်ကိစ္စ တင်ပြ ဆွေးနွေးနေတာကို ကန့်ကွက်တဲ့သဘောတော့ မဟုတ်ပါဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေးက ဦးစားပေး ကိစ္စတခုဖြစ်လေတော့ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာခရီးစဉ်ကိစ္စ ဆွေးနွေးသင့်တဲ့ နေရာတခုလို့ အမေရိကန်ပြည်ထောင်စုက ယူဆတဲ့ အကြောင်း Patrick Vanatrell က ပြောပါတယ်။ အခုလို နိုင်ငံအချို့နဲ့ သီးခြား တံခါးပိတ်ဆွေးနွေးနေတာအပြင် လုံခြုံရေး ကောင်စီမှာလည်း တရားဝင် ဆွေးနွေးသင့်တယ်လို့ ဆိုတာပါ။ အမေရိကန်ဘက်ကတော့ အခု မစ္စတာဘန်ခရီးစဉ်မှာ ဘာ ရလဒ်ကောင်းတွေမှ မတွေ့ရဘူးလို့ ယူဆပါတယ်။

“မြန်မာနိုင်ငံမှာ တိုးတက်မှုပြတဲ့အနေနဲ့ အမျိုးသားရင်ကြားစေ့ရေးအတွက် အခွင့်အလမ်းကောင်းတွေ ယူနိုင်စွမ်းမရှိတဲ့အပေါ် မြန်မာစစ်အစိုးရအပေါ် အလွန်တရာ စိတ်ပျက်ရပါတယ်။ အခု အတွင်းရေးမှူးချုပ်ရဲ့ ခရီးစဉ်အတွင်းမှာလည်း ဘာရလဒ်မှ ထွက်မလာပါဘူး။ ကျွန်တော်တို့အနေနဲ့ကတော့ မြန်မာနိုင်ငံတွင်း နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ပေးဖို့ ဆက်ပြီး တောင်းဆိုနေမှာပါ။”

အတွင်းရေးမှူးချုပ်ရဲ့ မြန်မာမိတ်ဆွေများ အဖွဲ့မှာတော့ မြန်မာ့အရေး စိတ်ဝင်စားတဲ့ အမေရိကန် ဗြိတိန်လို အနောက်နိုင်ငံတွေနဲ့ အထူးသဖြင့် အာရှ မြန်မာအိမ်နီးချင်းနိုင်ငံတွေ ပါဝင်ပါတယ်။ မစ္စတာ ဘန်ကီမွန်း မြန်မာနိုင်ငံအပြန် ထိုင်းမှာရှိတဲ့ ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့တုန်းကလည်း မြန်မာနိုင်ငံအရေးကို မြန်မာမိတ်ဆွေများအဖွဲ့ကတဆင့် အဓိကထား ကိုင်တွယ်ဆွေးနွေးသွားမယ်လို့ ပြောခဲ့ပါတယ်။

အတိုက်အခံ အတော်များများကတော့ အခု မစ္စတာဘန်ရဲ့ မြန်မာနိုင်ငံခရီးစဉ် ဘာရလဒ် လက်ဆုပ်လက်ကိုင်မပြနိုင်ပဲ ပြန်လာရတာကြောင့် ကုလသမဂ္ဂရဲ့ မြန်မာ့အရေးကြားဝင်ညှိုနှိုင်းပေးမှုအပေါ် သံသယဖြစ်လာကြပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်က မစ္စတာ ဘန် အနေနဲ့ မြန်မာနိုင်ငံရေးမှာ ဘာမှ လုပ်ပေးနိုင်စွမ်း မရှိဘူးဆိုတာ ပြနေတာပဲလို့ ပြောပါတယ်။

“အမှန်အတိုင်း ပြောရရင် ဗမာစကားနဲ့ ပြောရရင် ဘန်ကီမွန်းက အနှပ်ခံရတယ်ပေါ့။ သူလာတဲ့ကိစ္စက ဒေါ်စုလွတ်မြောက်ရေး ကိစ္စ တကမ္ဘာလုံးက ဝိုင်းပြီး အော်နေလို့ ဒေါ်စုလွတ်ရေး၊ ဒေါ်စုအမှု ဖြတ်သိမ်းရေးကို လာလုပ်တယ်။ အဲဒါကို သူ မလာခင်ကလည်း ငြင်းတယ်။ သူကိုယ်တိုင် လာတဲ့အခါလည်း ၂ခါပြောတဲ့အခါလည် ငြင်းလိုက်တဲ့အခါ ပြီးသွားပြီ။ ဘန်ကီမွန်း လာတဲ့ ကြားဝင် ဖျန်ဖြေမှု ကဏ္ဍကလည်း ပြီးဆုံးသွားပြီ။ ကုလသမဂ္ဂကလည်း လူတွေရဲ့ ထင်မြင်ချက်ထဲမှာ အများကြီး မှေးမိန် သေးသိမ်သွားပြီ။ ”


ဒါပေမဲ့လည်း ဒီခရီးစဉ် မအောင်မြင်တာကို အဖက်ဆယ်ဖို့ဆိုရင် ကုလသမဂ္ဂဘက်က လုပ်စရာတွေ လုပ်ဖို့ လိုအပ်တယ်လို့ ဦးဝင်းတင်က ပြောပါတယ်။

"ဒီခရီးဟာ အောင်မြင်တဲ့ခရီး မဟုတ်ဘူး။ အရှုံးပေါ်တဲ့ ခရီးပဲ။ ရှေ့လုပ်စရာတွေ ဆက်ရှိမှသာလျှင် အဖတ်ဆယ်လို့ရမယ် ဖြစ်ပါတယ်။ "


မစ္စတာဘန်ကတော့ မြန်မာအစိုးရဘက်က ဘာတွေ လုပ်ဆောင်လာမလဲဆိုတာကို မပြတ်စောင့်ကြည့်သွားမယ်လို့တော့ ပြောပါတယ်။ ဒါပေမဲ့ မြန်မာ့မိတ်ဆွေများအဖွဲ့ကနေပဲ အဓိကထား ကိုင်တွယ်သွားလိုပုံရပါတယ်။ ဗြိတိန် အမေရိကန်တို့ဘက်ကတော့ လုံခြုံရေးကောင်စီ ခေါ်ဖို့ကိုပဲ တိုက်တွန်းနေပါတယ်။ ဒါကြောင့် မြန်မာ့အရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂမှာပဲ ဘယ်လို ဆက်ကိုင်တွယ်ကြမလဲ သဘောကွဲလွဲနေတဲ့ လက္ခဏာတော့ တွေ့နေရပါတယ်။