ဖားကန့်မြေပြိုမှု ထိရောက်တဲ့ အကူအညီ မရ

ဇူလိုင် လဆန်းက မိုးသည်းထန်စွာရွာပြီး မြေပြိုမှုဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်ထဲက ဖားကန့်ဒေသမှာ အစားအသောက် နဲ့ဆေးဝါး အကူအညီတွေ လိုအပ်နေတယ်လို့ ရန်ကုန်အခြေစိုက် လူသားချင်းစာနာမှု အထောက်အကူ ပေးရေး ဆိုင်ရာ ကုလသမဂ္ဂ ညှိနှိုင်းရေးရုံး OCHA က ပြောကြားလိုက်ပါတယ်။

မြေပြိုုပြီး သွားရေးလာရေးတွေ ပြတ်တောက်နေတဲ့ နေရာတွေဆီ မြစ်ကြီးနားမှာရှိတဲ့ WFP ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ကနေ အရေးပေါ် အစားအစာတွေ အမြန်ဆုံး ပို့ဆောင်ပေးနိုင်ဖို့ လုပ်နေတယ်လို့လည်း OCHA ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြ ထားပါတယ်။ နယ်စည်းမခြား ဆရာဝန်များအဖွဲ့MSF ကလည်း ဒေသတွင်းမှာရှိနေတဲ့ ဆေးရုံတွေကို အကူအညီတွေ ပေးနေပြီး၊ ဆေးရုံတွေမှာ ဆေးဝါးတွေ ထပ်ပြီး လိုအပ်နေတယ်လို့ ပြောပါတယ်။ ဆိုတော့ လွန်ခဲ့တဲ့ သီတင်းတပတ်က ဖြစ်ခဲ့တဲ့ ဖားကန့် မြေပြိုမှုနောက်ဆုံး အခြေအနေက ဘယ်လို ဖြစ်နေသလဲ ဆိုတာသိရဖို့ ကချင် Today Online သတင်းစဉ် အယ်ဒီတာ ဦးဘအောင် ကိုမေးကြည့်တော့ သူ နောက်ဆုံးသိထားတဲ့ အခြေအနေကို ခုလို ပြောပြပါတယ်။

“ကျနော်တို့ ညက ပြောဖြစ်တာကတော့ ဖားကန့်ဒေသခံတွေ ပြောတာကတော့ အခုချိန်မှာ သူတို့ မြေကြီးအောက်မှာ ရောက်နေတဲ့အလောင်းတွေကို ဖော်ပြီးတော့၊ ဖော်လို့ရတဲ့ အလောင်းတွေကိုလည်း သူတို့ အခု ဘုရားကျောင်းတွေကနေ ပြီးတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် မြှုပ်နေကြတယ်။ ပြီးတော့မှ သူတို့ ပြောတာကတော့ အခုချိန်ထိ လူ ၁၀၀ နီးပါး သေတယ် လို့ ပြောပေမဲ့ အတိအကျ သိဖို့ခက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အားလုံးသိတဲ့အတိုင်း နေရာတကာက လာပြီးတော့မှ အလုပ်လုပ်ကြတဲ့ နေရာ ဆိုတော့ လူ ဘယ်နှစ်ယောက် သေတယ် ဆိုတာကို အတိအကျ သိဖို့တောင် ခက်တယ်လို့ သူတို့ အဲဒီလို ပြောပါတယ်။ တချို့နေရာတွေက ပေ ၃-၄ ပေလောက်အထိ မြင့်သွားတော့ တချို့ ကားတန်းတွေကို ပြန်ဖော်ဖို့ တော်တော် အချိန်ယူရမယ်လို့တောင် ကြားရတယ်။ နောက်ဆုံးကတော့ သူတို့ အဲဒီ မြေပြိုတဲ့အတွက်ကြောင့်မို့လို့ လူသေ တာအပြင် အခုချိန်မှာ ဝမ်းရောဂါနဲ့ ပြန်ပြီး ဒုက္ခမရောက်အောင်ပေါ့နော်၊ အများကြီး သတိထားနေရတယ်လို့ ပြောတာ ကျနော်တို့ ကြားတယ်ခင်ဗျ။”

မြေပြိုနေတဲ့အောက်တွေမှာ အလောင်းတွေကို လိုက်ပြီးတော့ ဆွဲထုတ်နေတာက ဒေသခံတွေနဲ့ ဘုရားကျောင်းတွေက လုပ်ပေးနေတယ် ဆိုတော့ သက်ဆိုင်ရာကရော ကူညီကယ်ဆယ်ရေး နဲ့ပတ်သက်ပြီးတော့ ဘာတွေ လုပ်ပေးနေတယ်လို့ ဒေသခံတွေက ပြောပါသလဲရှင့်။ -

“ဒေသခံတွေက ပြောတာကတော့ အခုထိ ဘာမှမလာသေးဘူးလို့ ပြောတယ်။ ဒါပေမဲ့ ဆေးရုံတွေမှာတော့ သူတို့ တတ်နိုင်သလောက် ကြည့်ပေးတယ်တော့ ပြောတယ်။ ဒါပေမယ့် အဓိက အလောင်းဖော်တာတို့ ဘာတို့ကတော့ အဲဒီမှာ လုပ်နေတဲ့ ကုမ္ပဏီက လူတွေ နဲ့ ဘုရားကျောင်းက လူငယ်တွေပဲ အဓိက အလောင်းဖော်တဲ့အလုပ်ကို လုပ်နေတယ်လို့ ပြောတယ်။”

သောကြာနေ့ထုတ် အစိုးရ သတင်းစာတွေထဲမှာတော့ လမ်းပိတ်ဆို့မှုတွေကို သက်ဆိုင်ရာ အဖွဲ့တွေက စုပေါင်းရှင်းလင်း ဖယ်ရှားပေးခဲ့တယ်လို့ ဖော်ပြပါတယ်။ သေဆုံးသူဟာလည်း အမျိုးသား ၁၁ ယောက်နဲ့ အမျိုးသမီး ၁၃ ယောက် စုစုပေါင်း ၂၄ ယောက် သေဆုံးပြီး တယောက်ပဲ ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။ ဒေသခံတွေရဲ့ အပြောအရ သူတို့ ပြန်လည်ရရှိတဲ့ အလောင်းတွေက ဒီအရေအတွက်ထက် များနေပါတယ်။

“ဘုရားကျောင်းတွေက ပြောတာကတော့ သူတို့ မြှုပ်ပြီးသား အလောင်းတောင် သူတို့ဆီမှာက ၁၀ လောင်းကျော်လို့ ပြောတယ်။ ဒါနဲ့ ဟိုးနေ့ကပဲ မော်ဝမ်း ဘေးနားက တနေရာမှာ အလောင်းဖော်တဲ့နေရာမှာ အဲဒီတနေရာတည်းမှာတောင်မှ အလောင်း ၄၀ နီးပါးလောက် ဖော်လို့ရတယ်လို့ အဲဒီလို ပြောသံကြားတယ်။ ဒါကြောင့် တချို့က အဲဒီမှာ တချို့ ရပ်ကွက် တာဝန်ခံတွေ ပြောတာကလည်း နဂိုကတည်းက လူဦးရေ ဘယ်လောက်ရှိမှန်းမသိတော့ ဘယ်လောက်သေမှန်းတောင် သူတို့ သေချာပြောနိုင်မှာမဟုတ်ဘူးလို့ အဲဒီလို ပြောကြတယ်။ ဒါကြောင့် အခုလောလောဆယ် အားလုံး သူတို့ ဖော်လို့ရတဲ့ အလောင်း ၈၀ နီးပါး ရှိသွားပြီလို့တောင် ပြောတယ်။ အခု အဓိက ခံနေရတဲ့ ငှက်ပျောတော တို့၊ မော်ဝမ်း တို့၊ ထိုင်းတောင် ဘေးနားက ရွာတွေဆိုရင်လည်း တကယ့် မြေကြီးပေါ်မှာ ဆောက်ထားတာ မဟုတ်တော့ဘဲနဲ့ သူတို့ပုံထားတဲ့ မြေစာပေါ်မှာ ဆက်ပြီးတော့မှ အိမ်တွေ ဆောက်ထားတာ အိမ်တွေ ဆောက်ထားတာ ဆိုတာကလည်း သိတဲ့အတိုင်း တဲအိမ်တွေ မဟုတ် ဘဲ အိမ်ကြီးအိမ်ကောင်း တွေကိုမှ အဲဒီ မြေစာပေါ်မှာ ဆောက်ထားတာ ဆိုတော့ ဒီတခေါက် ဖြစ်တာက ဖားကန်သမိုင်းမှာ အဆိုးဆုံးလို့ ကျနော်တို့ ပြောရမှာပါ။”

ဒေသခံဆေးရုံတွေမှာတော့ လောလောဆယ် ထိခိုက်ဒဏ်ရာ ရသူတွေထက် ဝမ်းလျှောရောဂါသည်တွေကို အဓိက ကုသ ပေးနေရတဲ့ အခြေအနေကိုလည် သူက အခုလို ပြောပါတယ်။

“အဓိက ကတော့ ဆေးရုံရှိတဲ့ စိမ်းတောင် ပေါ့နော်။ ဖားကန့်ဆေးရုံမှာတော့ အဓိက မြေပြိုလို့ ရောက်လာတဲ့ ထိခိုက်ဒဏ်ရာ ရတဲ့သူတွေကတော့ ဆေးရုံက ပြန်ဆင်းသွားပြီ။ အဲဒီနေရာမှာ အခု ဝမ်းရောဂါ ဖြစ်တဲ့သူတွေက ထပ်ရောက်လာတော့ အခု ဆေးရုံမှာ လူများတော့ နေရာတောင် မရှိဘူးပြောတယ်။ ဒါတောင် ဘုရားကျောင်းမှာတွေ၊ ကျန်ရစ်ခဲ့တဲ့ ဆွေမျိုး အသိုင်းအဝိုင်း အိမ်တွေမှာ နေပြီးတော့မှ ဝမ်းရောဂါ တခြားလူတွေဆီကို မကူအောင် ကိုယ့်နည်းကိုယ့်ဟန် နဲ့ ဆေးမီးတိုနဲ့ ကုနေတဲ့သူတွေက ပိုများတယ်လို့ ပြောပါတယ်။”

မြေပြိုကျမှုတွေကြောင့် လမ်းတွေပိတ်ပြီး သယ်ယူပို့ဆောင်ရေးပိုင်းမှာ ထိခိုက်နေတဲ့ အတွက် စားရေးသောက်ရေးပိုင်းမှာ ရော ဘယ်လို လုပ်နေကြရသလဲလို့ မေးကြည့်တော့ -

“မြစ်ကြီးနားဘက်ကနေ ဖားကန့်ကိုလာတဲ့ လမ်းတွေကလည်း တံတားတွေလည်း ကျိုး၊ လမ်းတွေလည်း အကုန်လုံး ပိတ်ပြီး တော့ အစားအသောက်တွေကို ဟိုးတုန်းကလိုပဲ လူနဲ့တနိုင် ဖားကန့်ဘက်ကို သယ်နေကြတယ်။ တချို့ကလည်း ဆိုင်ကယ် တွေနဲ့ ပို့နေကြတယ်လို့ ကျနော်တို့ ကြားတယ်။ ဒါကြောင့် မြစ်ကြီးနားဘက်က အလုပ်မရှိတဲ့သူတွေ၊ ဖားကန့်ဘက်က အလုပ်မရှိတဲ့သူတွေလည်း အခုလောလောဆယ် အဆိုးထဲက အကောင်းက ကယ်ရီ လုပ်ပြီး အလုပ်ဖြစ်နေကြတယ် လို့လည်း ကျနော်တို့ ကြားရတယ်။”

အမေရိကန်အခြေစိုက် Kachin Today Online သတင်းစဉ် အယ်ဒီတာ ဦးဘအောင် ပြောပြခဲ့တာ ဖြစ်ပါတယ်။ ကျောက်စိမ်း နဲ့ ရွှေထွက်တဲ့ ဖားကန့်မြို့မှာ ဒီလ ၄ ရက်နေ့ကစလို့ မိုးအဆက်မပြတ် ရွာသွန်းခဲ့တဲ့ အတွက် ဥရုချောင်း တလျှောက်မှာ စုပုံထားတဲ့ ကျောက်စိမ်းတွင်းတွေက ထွက်တဲ့ မြေစာတွေပြို ကျခဲ့တာကြောင့် ရေစီးပိတ်ပြီး မြို့ရေလွှမ်းခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။