နိုင်ငံရေးအကျဉ်းသားတွေလွှတ်ရေး G-8 နိုင်ငံတွေ စစ်အစိုးရကို တောင်းဆို

မြန်မာစစ်အစိုးရအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ ရှေ့နှစ်ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲကို ထင်သာမြင်သာပြီး မျှတတဲ့ ရွေးကောက်ပွဲတခုအဖြစ် ကျင်းပပေးဖို့ အီတလီနိုင်ငံမှာ ကျင်းပနေတဲ့ G-8 (Group of Eight) စက်မှုထိပ်သီး ရှစ်နိုင်ငံ ထိပ်သီး စည်းဝေးပွဲမှာ စက်မှုအင်အားကြီးနိုင်ငံ ခေါင်းဆောင်တွေက တောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်း (Ban Ki-moon) အနေနဲ့ မကြာခင်က မြန်မာနိုင်ငံကို သွားရောက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ ပတ်သက်လို့ စစ်အစိုးရ ခေါင်းဆောင်တွေကို တိုက်ရိုက် တွေ့ဆုံ အကြောင်းကြားခဲ့တာတွေကို ကြိုဆိုတဲ့အကြောင်း ပြောဆိုလိုက်ပါတယ်။

မြန်မာစစ်အစိုးရဟာ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ စိုးရိမ်မှုတွေနဲ့ ပတ်သက်လို့ သူတို့ဘက်က အရေးယူ တုံ့ပြန် ဆောင်ရွက်တယ်ဆိုတာ ပြသဖို့ အခွင့်အလမ်းကောင်းကို လက်လွှတ် ဆုံးရှုံးခဲ့တဲ့အကြောင်းလည်း စက်မှုအင်အားကြီးနိုင်ငံတွေရဲ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အားလုံးပါဝင်ပြီး နိုင်ငံရေးအရ ဆွေးနွေးပွဲတွေစတင်ဖို့ အရေးပေါ် လိုအပ်နေတဲ့အကြောင်းလည်း G-8 ခေါင်းဆောင်တွေက ပြောဆိုပါတယ်၊ တကယ်လို့ မြန်မာစစ်အစိုးရဘက်က ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာခဲ့မယ်ဆိုရင် စက်မှုအင်အားကြီး နိုင်ငံတွေအနေနဲ့လည်း အပြုသဘောနဲ့ တုံ့ပြန်သွားမယ်လို့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းဟာ ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်း (Gordon Brown) နဲ့ G-8 ထိပ်သီး အစည်းအဝေးကာလအတွင်း အစည်းအဝေး အစီအစဉ် ပြင်ပ သီးခြား တွေ့ဆုံပြီး မြန်မာနိုင်ငံအရေးကို ဆွေးနွေးခဲ့ပါတယ်။