ဥပဒေအတိုင်း ဆောင်ရွက်ပါ့မယ်လို့ ဆိုတိုမာယာ ကတိပြု

အမေရိကန် တရားရုံးချုပ် တရားသူကြီးအဖြစ်နဲ့ ခန့်အပ်ဖို့ အဆိုပြု တင်သွင်းတာ ခံထားရတဲ့ ဆိုနီယာ ဆိုတိုမာယာ (Sonia Sotomayor) က သူမအနေနဲ့ အမှုတိုင်းကို ဥပဒေနဲ့အညီ ဆောင်ရွက်သွားမယ်လို့ ပြောကြားလိုက်ပြီး သူမရဲ့ တရားရေးပိုင်းဆိုင်ရာ အယူအဆနဲ့ ပတ်သက်ပြီး ရီပတ်ဘလီကန် ပါတီဝင်တွေ စိုးရိမ်နေတာကို ဖြေဖျောက်ဖို့ ကြိုးစားလိုက်ပါတယ်။

တရားသူကြီးတာဝန်က ဥပဒေရေးဆွဲဖို့ မဟုတ်ဘဲ ဥပဒေအတိုင်း လိုက်နာ ဆောင်ရွက်ဖို့ ဖြစ်တယ်လို့ အထက်လွှတ်တော် တရားရေးရာ ကော်မတီကို မစ္စဆိုတိုမာယာက တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။ သူမရဲ့ ကိုယ်ပိုင် အတွေ့အကြုံနဲ့ လုပ်ငန်းခွင် အတွေ့အကြုံတွေက နားထောင်မှုအပိုင်းနဲ့ နားလည်မှုအပိုင်းတွေကို အထောက်အကူ ဖြစ်စေတယ်လို့လည်း ပြောကြား လိုက်ပါတယ်။

ဒါပေမဲ့ အမှုတိုင်းရဲ့ ဆုံးဖြတ်ချက်ကို ဥပဒေကပဲ ပြဋ္ဌာန်းဆုံးဖြတ်တာ ဖြစ်တယ်လို့ မစ္စဆိုတိုမာယာက ပြောပါတယ်။

အထက်လွှတ်တော်က အတည်ပြုလိုက်မယ် ဆိုရင်တော့ ဆိုတိုမာယာဟာ ပထမဆုံး လက်တင်အမေရိကနွယ်ဝင် တရားရုံးချုပ် တရားသူကြီး ဖြစ်လာမှာ ဖြစ်ပါတယ်။ အဲဒီအပြင် သူမဟာ အမေရိကန်နိုင်ငံ တရားရုံးချုပ်ရဲ့ တတိယမြောက် အမျိုးသမီး တရားသူကြီးလည်း ဖြစ်လာမှာ ဖြစ်ပါတယ်။

ဆိုတိုမာယာရဲ့ အောင်မြင်မှုတွေနဲ့ တရားရေးပိုင်းဆိုင်ရာ မှတ်တမ်းအစဉ်အလာ ကောင်းတွေကို အထက်လွှတ်တော် တရားစီရင်ရေး ကော်မတီ သဘာပတိ ပက်ထရစ် လေဟီး (Patrick Leahy) က ချီးကျူးပြောဆိုလိုက်ပြီး သူမရဲ့ ကောင်းမွန်တဲ့ အစဉ်အလာတွေကို မဖျက်ဆီးပစ်ဖို့လည်း တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဒါပေမဲ့ ရီပတ်ဘလီကန် ပါတီဝင်တွေကတော့ သမာသမတ် ကျသည့်တိုင်အောင် ဆိုတိုမာယာဟာ လက်တင်နွယ်ဖွား အမျိုးသမီး ဖြစ်တာကြောင့် အဲဒီအတွေ့အကြုံတွေက သူမရဲ့ ဆုံးဖြတ်ချက်တွေအပေါ်မှာ လွှမ်းမိုးမှုတွေ ရှိလာနိုင်တယ် လို့လည်း ပြောဆိုလိုက်ပါတယ်။