အီရန် နျူကလီးယား အေဂျင်စီ အကြီးအကဲ နှုတ်ထွက်

အီရန်နိုင်ငံ အဏုမြူစွမ်းအင်အဖွဲ့ (IAEO) ရဲ့ အကြီးအကဲ ဂိုလမ်းရီဇာ အက်ကာဇာဒေး (Gholamreza Aqazadeh) ဟာ အကြောင်းပြချက် တစုံတရာ မပြောဆိုဘဲ ကြာသပတေးနေ့မှာ ရာထူးက နှုတ်ထွက်သွားတယ်လို့ အီရန်သတင်းဌာန အစ္စနာမှာ ဖော်ပြထားပါတယ်။

သူဟာ ဒု-သမ္မတရာထူးကိုလည်း ပူးတွဲယူထားသူ ဖြစ်တာမို့ သမ္မတ မာမွတ်ဒ် အမာဒီနီဂျက်ဒ် (Mahmoud Ahmadinejad) ရဲ့ ဒု-သမ္မတရာထူးကနေလည်း နုတ်ထွက်သွားခဲ့တယ်လို့ ဆိုပါတယ်။ နှုတ်ထွက်စာကို လွန်ခဲ့တဲ့ သုံးပတ်လောက်ကတည်း က တင်ထားတာဖြစ်ပြီး သမ္မတ အမာဒီနီဂျက်ဒ်ကလည်း အဲဒီနုတ်ထွက်လွှာကို လက်ခံခဲ့တယ်လို့ မစ္စတာ အက်ကာဇာဒေး ရဲ့ ပြောကြားချက်ကို ကိုးကားပြီး အီရန် အစ္စနာသတင်းမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

သူဟာ သမ္မတရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပေမယ့် ရှုံးနိမ့်သွားခဲ့သူ မီယာ ဟူစိန် မူဆာဗီ (Mirhossein Mousavi) နဲ့ ဆက်နွယ် ပတ်သက်နေသူတဦး ဖြစ်ပါတယ်။

အီရန်အစိုးရရဲ့ နျူကလီးယား လုပ်ဆောင်မှုတွေကို မစ္စတာ အက်ကာဇာဒေးက ဦးစီးဆောင်ရွက်ရတာ ဖြစ်ပါတယ်။ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက အီရန်နိုင်ငံ နျူကလီးယားလက်နက် ထုတ်လုပ်နိုင်ဖို့ ကြိုးစားလာမှာကို စိုးရိမ်နေကြ တာဖြစ်ပြီး အီရန်ကတော့ သူတို့ဟာ အရပ်သားတွေအတွက် ငြိမ်းချမ်းတဲ့ အသုံးပြုမှုတွေ လုပ်ဖို့ပဲ ရည်ရွယ်တာလို့ ဆိုပါ တယ်။