ထိုင်းနိုင်ငံမှာ ဒီနေ့စတင်တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ စည်းဝေးပွဲက လူ့အခွင့်အရေး ဌာနသစ် ဖွဲ့စည်းရေးကို အတည်ပြုလိုက်ပြီး လူ့အခွင့်အရေး လှုပ်ရှားတက်ကြွသူတွေကတော့ ကျေနပ်အားရဖွယ် မရှိလှဘူးလို့ ဝေဖန်ကြပါတယ်။
ဖူးခက် အပန်းဖြေမြို့မှာ လုံခြုံရေးတွေ ထူထူထပ်ထပ် ချထားပြီး အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ စည်းဝေးပွဲက အတည် ပြုလိုက်တဲ့ အာဆီယံ လူ့အခွင့်အရေးဌာနမှာ လူ့အခွင့်အရေး ချိုးဖောက်တဲ့ နိုင်ငံတွေကို စောင့်ကြည့် အရေးယူဖို့ အာဏာ မပါရှိပါဘူး။
အာဆီယံရဲ့ အလှည့်ကျဥက္ကဋ္ဌ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝတ်ချာချီ၀ (Abhisit Vejjajiva) ကတော့ လူ့အခွင့်အရေးများ တိုးတက်အောင် လုပ်ဆောင်သွားမယ်လို့ သတင်းထောက်များအား ပြောကြားပါတယ်။ အာဆီယံအနေနဲ့ စစ်အစိုးရအပေါ် အနောက်တိုင်းက ထပ်မံ ဒဏ်ခတ် အရေးယူမှာကို ဆန့်ကျင်သင့်တယ်၊ စစ်အစိုးရနဲ့ ဆက်လက် စကားဆိုရမယ်လို့လည်း သူက စောစောပိုင်းမှာ ပြောဆိုခဲ့ပါတယ်။
အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆူဝန် (Surin Pitsuwan) ကလည်း မြန်မာပြည်မှာ ပြုပြင်ပြောင်းလဲမှုတွေ မရှိတာ ကိုက ဒေသ အဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေတယ်၊ မြန်မာ့ပြဿနာ မဖြေရှင်းနိုင်သေးသရွေ့ အာဆီယံအနေနဲ့ ကမ္ဘာကြီးကို ဆက်လက် ရှင်းပြနေရဦးမယ့် ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းဆောင်ရလိမ့်ဦးမယ်လို့ သတင်းထောက်များအား ပြောကြားသွားပါတယ်။
အောက်တိုဘာလ အာဆီယံ ထိပ်သီးစည်းဝေးပွဲမှာ ၁၀ နိုင်ငံစလုံးက ထောက်ခံမှသာလျှင် အဲဒီ လူ့အခွင့်အရေးဌာန အတည် ဖြစ်လာမှာပါ။ လက်ရှိ ဖူးခက်က အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ စည်းဝေးပွဲရဲ့ နောက်ပိုင်းမှာ ဆွေးနွေးဘက် ၁၇ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်မယ့် စည်းဝေးပွဲသို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) လည်း တက်ရောက်မှာ ဖြစ်ပါတယ်။