ဒေါ်အောင်ဆန်းစုကြည် အမှု ဇူလိုင် ၃၁  စီရင်ချက် ချမှတ်မည်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် နေအိမ်အကျယ်ချုပ် တားမြစ်မိန့်ကို ဖောက်ဖျက်တယ်ဆိုပြီး ရုံးတင် တရားစွဲဆိုနေတဲ့ အမှုအတွက် နောက်ဆုံးစီရင်ချက်ကို လာမယ့် သောကြာ၊ ဇူလိုင်လ ၃၁ ရက်နေ့မှာ ချမှတ်တော့မှာ ဖြစ်ပါတယ်။ ဒီကနေ့ အင်းစိန်ထောင်တွင်း အထူးတရားရုံးမှာ နောက်ဆုံး လျှောက်လဲချက်တွေ အပြီးသတ် ပေးခဲ့ကြပြီး နောက် စီရင်ချက်ချမယ့်ရက်ကို တရားသူကြီးက ကြေညာခဲ့တာပါ။ အပြည့်အစုံကိုတော့ ဒီအမှုအခြေအနေတွေကို ဘန်ကောက်မြို့ကနေ အနီးကပ် စောင့်ကြည့်နေတဲ့ ဝိုင်းတော်သား ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတူနေသူ ဒေါ်ခင်ခင်ဝင်းနဲ့ မဝင်းမမ၊ အိမ်အတွင်းကို ကိုယ့်သဘောနဲ့ကိုယ် ရေကူး ဝင်ရောက်လာခဲ့တဲ့ အမေရိကန်နိုင်ငံသား ဂျွန် ဝီလီယမ် ယက်တော (John William Yettaw) တို့အပေါ် စွဲတင်ထားတာ တွေနဲ့ ပတ်သက်ပြီး တနင်္လာနေ့နဲ့ အင်္ဂါနေ့ နှစ်ရက်ဆက်တိုက် နှစ်ဖက်ရှေ့နေတွေ အပြီးသတ် လျှောက်လဲချက် ပေးခဲ့ကြပြီး တဲ့နောက် ဇူလိုင်လ ၃၁ ရက်၊ သောကြာနေ့မှာ စီရင်ချက် ချမယ်ဆိုပြီး တရားသူကြီးက ရုံးချိန်းပေးလိုက်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေ တဦးဖြစ်သူ ဦးဉာဏ်ဝင်းက ဗွီအိုအေကို ပြောပါတယ်။

“ဒီမနက် ၁၀ နာရီ ရုံးထိုင်ပါတယ်။ ကျနော်တို့ ပြန်လည် ရှင်းလင်း လျှောက်လဲတဲ့ဟာတွေ ပြီးသွားပါပြီ။ ပြီးသွားတော့ လာမယ့် သောကြာနေ့၊ ၃၁ ရက် ဇူလိုင် မနက် ၁၀ နာရီမှာ စီရင်ချက်ချမယ်လို့ တရားရုံးက ပြောပါတယ်။”

ဒီအမှု စပြီး စစ်ဆေးတဲ့ အချိန်ကတည်းက ဒေါ်အောင်ဆန်းစုကြည်က သူ့မှာ အပြစ်မရှိတဲ့အကြောင်း၊ ဒီအမှုဟာ နိုင်ငံရေး ပယောဂနဲ့ တမင် ရည်ရွယ်ချက်ရှိရှိ စွဲဆိုတာ ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။ အကျိုးဆောင် ရှေ့နေတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မှာ အပြစ်မရှိတဲ့အကြောင်းကို ထုချေ လျှောက်လဲခဲ့ကြပါတယ်။ သောကြာနေ့မှာ ထွက်လာမယ့် တရားရုံးရဲ့ ဆုံးဖြတ်ချက်က ဘာဖြစ်မယ်ဆိုတာ ခုချိန်မှာ ပြောဖို့ ခက်ခဲပေမယ့် အမှုအစအဆုံး ကိုယ်တိုင်ဆောင်ရွက်လာသူ တဦးအနေနဲ့ လွတ်မြောက်လာဖို့ မျှော်လင့်ထားတဲ့အကြောင်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်က စွဲဆိုတဲ့ ပြစ်မှုတွေကို လုံး၀ မကျူးလွန်ဘူး။ အဲဒါကြောင့် ကျနော်တို့ကတော့ ဥပဒေ အမြင်အရ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လိမ့်မယ်လို့ ဒီလိုပဲ မျှော်လင့်ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေ နဲ့ကတော့ ထုတ်ပြီးတော့ ဘာမှမပြောဘူး။ သို့သော် သူက တကယ်လို့ အပြစ်ချရင်လည်း ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်အောင် ပြင်ဆင်မှုတော့ လုပ်ပါတယ်။ ဒီအမှုအပေါ်မှာ ဘယ်လိုအဖြေမျိုး ဖြစ်လိမ့်မယ်ဆိုတာမျိုး မပြောဘူး။”

ဒီအမှု အစကနေအဆုံး ဒေါ်အောင်ဆန်းစုကြည်က ဥပဒေကြောင်းအရ စေ့စေ့စပ်စပ် အာရုံစိုက် မှတ်သားထားခဲ့ပြီး အဲဒါ တွေအပေါ်မှာ မူတည်ပြီးတော့ သူဖြေရှင်းလိုတဲ့ အချက် တော်တော်များများကို ဖြေရှင်းနိုင်ခဲ့တာကြောင့် သူတို့ရဲ့ လျှောက်လဲချက်တွေအပေါ် ကျေနပ်အားရမှု ရှိတယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

ဒါ့အပြင် ဦးဉာဏ်ဝင်းတို့ရဲ့ လျှောက်လဲချက်ထဲမှာ ဒီအမှုနဲ့ ပတ်သက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို သီးခြား စာပိုဒ်နဲ့ ထည့်သွင်း ဖော်ပြခဲ့တယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ကျနော်တို့ရဲ့ လျှောက်လဲချက်ထဲမှာ သူ့ရဲ့ ဒီအမှုနဲ့ ပတ်သက်တဲ့ သဘောထား သီးခြားအပိုဒ် ကျနော်တို့ ကုဒ်လုပ်ပြီး ထည့်ပါတယ်။ အဲဒါ သူ့သဘောထားဆိုတာ ကျနော် ပေးပါတယ်။ ဒီအမှု တမှုလုံးနဲ့ ပတ်သက်ပြီး သူ့ယူဆချက်တွေ၊ တရားဥပဒေ စိုးမိုးရေးအတွက် သူ့ယူဆချက်တွေ အဲဒါတွေ ပါပါတယ်။ ဥပဒေဆိုင်ရာ အိုင်ဒီယာတွေ ဘာတွေကတော့ ထူးထူးခြားခြား ရှိပါတယ်၊ အဲဒီမှာ။”

၂၀၀၃ ခုနှစ်၊ မေလ ၃၀ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နားက ကျည်ရွာလေးမှာ ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာ တဲ့ ကားတန်းကို ဝိုင်းဝန်းတိုက်ခိုက် ခံရပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာအစိုးရက ပြန်လည်ဖမ်းဆီးခဲ့တာပါ။ ဒီလို ထိန်းသိမ်းထားတာဟာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရဲ့ လုံခြုံရေးအတွက် ဖြစ်တယ်ဆိုပြီး အဲဒီအချိန်က ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးညွန့်မောင်ရှိန်က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ပြောဆိုခဲ့တာ ရှိပါ တယ်။ ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီအမှုအတွက် အပြစ်မရှိဘူး ဆိုတာကို ပိုပြီး ခိုင်မာစေဖို့အတွက် မြန်မာအစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာနက အရာရှိတဦးကို သက်သေအဖြစ် ထွက်ဆိုမေးမြန်းခွင့်ပြုဖို့ ဦးဉာဏ်ဝင်းတို့က ကြိုးစားခဲ့ကြပါ သေးတယ်။ ဒါပေမယ့်လည်း တရားရုံးက ခွင့်မပြုခဲ့ပါဘူး။

“သက်သေခေါ်ထားတဲ့ ကိစ္စကို ပယ်ပါတယ်။ သူတို့က အမှုနဲ့ အရေးကြီးတဲ့ သက်သေမဟုတ်ဘူးလို့ အကြောင်းပြပါတယ်။ သက်သေကို ပယ်ပါတယ်။ နောက်တော့ စီရင်ချက်ချဖို့ ပေးလိုက်တာပဲ။ ထူးခြားတယ် ဆိုတာကတော့ ကျနော်တို့က အစိုးရ ရှေ့နေ ပြောလိုက်တဲ့ စကားလုံးတွေ၊ ဥပဒေတွေနဲ့ ပတ်သက်ပြီးတော့ ဥပဒေနဲ့ မညီတာတွေ၊ စကားလုံး မမှန်မကန် ထုတ်ဖော်တာတွေကို ကျနော်တို့ ပြန်လည်ချေပ ပြောဆိုခဲ့ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီအမှုမှာ သက်သေအဖြစ်နဲ့ အစစ်ခံတာ မဟုတ်ဘဲ တရားခံအဖြစ် အစစ်ခံခဲ့တဲ့အတွက် အစိုးရ ရှေ့နေတွေဘက်က ပြန်လှန်မေးမြန်းခွင့် မရခဲ့ပါဘူး။ ဒီအပေါ်မှာ အစိုးရရှေ့နေတွေက ဝေဖန်ပြောကြားခဲ့တဲ့အတွက် ဒါဟာ ဥပဒေကို ဆန့်ကျင်ပြီး ပြောတာဖြစ်တယ်လို့ ဦးဉာဏ်ဝင်းတို့ဘက်က ချေပ လျှောက်လဲခဲ့ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ မစ္စတာယက်တော ရေကူးဝင်ရောက်လာတာကို တမင် ထိန်ချန်ထားခဲ့တယ် ဆိုပြီး တော့လည်း အစိုးရရှေ့နေတွေဘက်က စွပ်စွဲပါတယ်။ တရားလိုတွေဘက်ကနေ တင်သွင်းထွက်ဆိုခဲ့တဲ့ သက်သေ ၁၅ ယောက်ရဲ့ ထွက်ဆိုချက်တွေမှာရော၊ ဒေါ်အောင်ဆန်းစုကြည်တို့ဘက်က တင်သွင်းခဲ့တဲ့ သက်သေတွေရဲ့ ထွက်ဆိုချက် တွေမှာရော ဘယ်မှာမှ ဒီအချက်မပါဘဲ ဒီလို စကားလုံး သုံးနှုန်းပြီး တရားခံနစ်နာအောင် ပြောဆိုတာ လုံး၀ မှန်ကန်မှုမရှိတဲ့ အကြောင်းတွေကို ထောက်ပြ လျှောက်လဲခဲ့တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

ဒီကနေ့ လျှောက်လဲချက်ပေးရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ တရားစွဲဆို ခံနေရတဲ့ ဒေါ်ခင်ခင်ဝင်းနဲ့ မဝင်းမမတို့ရဲ့ ရှေ့နေတွေ၊ မစ္စတာ ဂျွန် ဝီလီယမ် ယက်တောရဲ့ ရှေ့နေဖြစ်သူတို့ကလည်း အသီးသီး လျှောက်လဲချက် ပေးခဲ့ကြပြီး သောကြာနေ့မှာ သူတို့အားလုံးအတွက် စီရင်ချက်ချမှတ်မှာ ဖြစ်ပါတယ်။