အမေရိကန် အထက်လွှတ်တော် အမတ်တဦးဖြစ်တဲ့ ဂျင်မ် ဝက်ဘ် (Jim Webb) က သူ့ရဲ့ မကြာခင် အာရှခရီးစဉ်အတွင်း မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိနေပါတယ်။ ဒါဟာ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ထားတဲ့ အမေရိကန် ပြည်ထောင်စုက အထက်လွှတ်တော် အမတ်တဦး ၁၀ စုနှစ်တစုကျော် ကာလအတွင်း ပထမဆုံးအကြိမ် သွားရောက်မယ့် ခရီးစဉ် ဖြစ်ပါတယ်။
လာမယ့် တနင်္ဂနွေနေ့ကစမယ့် နှစ်ပတ်ကြာ ခရီးစဉ်အတွင်း မြန်မာ၊ ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား နိုင်ငံတွေကို သွားရောက်မှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ လတုန်းက အာရှကို ရောက်သွားခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ကတော့ လတ်တလော ဖမ်းဆီးပြီး တရားစွဲဆိုတာတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးတာ အပါအဝင် နိုင်ငံရေး အခြေအနေတွေ တိုးတက်အောင် လုပ်မယ်ဆိုရင် အမေရိကန် ပြည်ထောင်စုက ထားရှိတဲ့ မြန်မာစစ်အစိုးရအပေါ် သဘောထားတွေကို အပြောင်းအလဲတွေ လုပ်မယ်ဆိုပြီး ပြောဆိုထားတာလည်း ရှိပါတယ်။