ရှစ်လေးလုံး နှစ်ပတ်လည်နေ့ ပြည်တွင်း လုံခြုံရေး တင်းကျပ်

ရှစ်လေးလုံးလို့ ထင်ရှားတဲ့ ဒီမိုကရေစီရေး တောင်းဆိုအုံကြွခဲ့ လှုပ်ရှားမှု ဖြစ်ခဲ့တာ ၂၁ နှစ်ပြည့်မြောက်တဲ့ ဒီကနေ့မှာ ရန်ကုန် အပါအဝင် မြန်မာနိုင်ငံမြို့တချို့ လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် ချထားပါတယ်။ ဒီလို လုံခြုံရေး အစီအမံတွေ ကြားကပဲ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်က ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို သွေးထွက်သံယို နှိမ်နင်းခဲ့တဲ့ အထိမ်းအမှတ် အဖြစ် အောက်မေ့ဖွယ် အခန်းအနားတွေကို ပြည်တွင်းမှာ ကျင်းပခဲ့ကြသလို၊ ပြည်ပ အခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူ တွေကလည်း ဆန္ဒပြ တောင်းဆိုမှုတွေ လုပ်ခဲ့ကြတာပါ။ အကြောင်းစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

ဒီမိုကရေစီတောင်းဆိုပြီး လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြလို့ အာဏာပိုင်တွေက သွေးထွက်သံယိုဖြစ်ခဲ့ရတဲ့အထိ နှိမ်နင်းခဲ့တာ ၂၁ နှစ် တင်းတင်းပြည့်ခဲ့တာမို့ တက်ကြွ လှုပ်ရှားသူတွေက အောက်မေ့ဖွယ် အခန်းအနားတွေ ကျင်းပဖို့ ရှိနေချိန် အာဏာ ပိုင်တွေဘက်ကလည်း လုံခြုံရေးတွေကို တင်းတင်းကျပ်ကျပ် ချထားတာပါ။ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်က ဆန္ဒပြသမား ရာထောင်ချီ သေဆုံးခဲ့တဲ့အထိ ဖြစ်ခဲ့ရတဲ့ လှုပ်ရှားမှုတွေမှာ အဓိက နေရာတခုဖြစ်ခဲ့တဲ့ ရန်ကုန်မြို့အနှံ့မှာ ဆိုရင်လည်း ခါတိုင်းထက် လက်နက်ကိုင် လုံခြုံရေးတွေ၊ စစ်အစိုးရ ကျောထောက်နောက်ခံပေးထားတဲ့ အရပ်သား လုံခြုံရေးတွေကိုပါ တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ မြို့တွင်းသွားလာနေတဲ့ ကားတွေ၊ လူတွေကို ရှောင်တခင် စစ်ဆေးတာတွေ အပါအဝင် လုံခြုံရေး အစီအမံတွေကိုတော့ မနေ့ညပိုင်း ကတည်းက စလုပ်နေခဲ့တာလို့ ရန်ကုန်မြို့ခံ တယောက်က ပြောပါတယ်။

“မနေ့ ၇ရက်နေ့ ညက သမ္မတ လမ်းဆုံတို့ဘက်မှာ လုံခြုံရေးတွေအများကြီးပဲ ခင်ဗျ။ နောက်ပြီး ကျန်စစ်သား တံတားတို့၊ ဘုရင့်နောင်တံတားတွေမှာ ကုလားထိုင်တွေ ချ၊ ကားတွေလည်း အများကြီးပဲ။ ဒီနေ့လည်း မြို့ထဲက ပြန်လာတော့ ဓာတ်တိုင် တတိုင်ကို လုံခြုံရေး ၂ယောက် ၂ယောက် ချထားတယ်။ လိုင်းကားတွေကို ရှာနေတာ တွေ့တယ်။”

မြန်မာစစ်အစိုးရရဲ့ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီ ကတော့ ဆူပူလှုပ်ရှားမှု လုပ်လိုသူတွေ ရှိနေတယ်ဆိုပြီး မနေ့တုန်းကပဲ ရန်ကုန် မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောခဲ့တာပါ။ လတ်တလော ဖမ်းဆီးပြီး တရားစွဲဆိုတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားခွင် ကြားနာစစ်ဆေးမှုတွေ၊ ပြီးခဲ့တဲ့ လထဲတုန်းကပဲ မြန်မာနိုင်ငံကို ၂ ရက် ကြာ ရောက်လာတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ခရီးစဉ်တွေနဲ့ တိုက်ဆိုင်ပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ ဆူပူမှုတွေ ဖြစ်အောင် လုပ်ဖို့ စီစဉ်သူ ၁၅ ယောက်ကိုလည်း ဖမ်းထားတယ်ဆိုပြီး ပြောခဲ့တာပါ။ ဒီကနေ့မှာတော့ နေအိမ်အကျယ်ချုပ် တားဆီးမိန့်ကို ဖောက်ဖျက်တယ်လို့ စွပ်စွဲခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ကို ဖမ်းဆီးထားရာ ရန်ကုန် အင်းစိန်ထောင် အနီးအနားမှာလည်း လုံခြုံရေးတွေကို သိသိသာသာ တိုးချထားတာကို တွေ့ရတဲ့အကြောင်း နောက်ထပ် ရန်ကုန်မြို့ခံ တယောက်ကပဲ ပြောပြပါသေးတယ်။

“ဒီနေ့တော့ လုံခြုံရေး တော်တော်လေး ထူထပ်တာပေါ့။ အင်းစိန်ထောင် အနီးအနား ပတ်ဝန်းကျင်မှာ။ လုံထိန်း တပ်ဖွဲ့ဝင် တွေကတော့ ကားနဲ့ ပတ်တာ ရှိသလို၊ ထောင်တည့်တည့်မှာ လုံထိန်းတပ်ဖွဲ့ကားက လာရပ်တယ်။ Standby ပေါ့နော်။ အပေါ်မှာ အားလုံးထိုင်နေပြီးတော့ ခေါင်းထဲမှာ တယောက်က ထိုင်နေတယ်။ လမ်းထိပ်တွေမှာလည်း စခန်းရဲတွေကို ချထားတယ်။ ရဝတတွေရော၊ စွမ်းအားရှင်တွေရော လက်ဘက်ရည်ဆိုင်တွေမှာ ချထားတယ်။ ”

ရန်ကုန်လိုမြို့ကြီးတွေနဲ့ တခြားနယ်မြို့တွေမှာ လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ် တိုးချထားပေမဲ့လို့ ရှစ်လေးလုံး ဒီမိုကရေစီ လှုပ်ရှားမှုတွေကို မမေ့နိုင်ကြတဲ့ တက်ကြွလှုပ်ရှားသူတွေကတော့ အောက်မေ့ဖွယ် အခန်းအနားတွေကို ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။ မန္တလေးတိုင်း မိတ္ထီလာမြို့နယ် အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ က ဒေါ်မြင့်မြင့်အေး ပြောပြတာကတော့

“၈လေးလုံး ၂၁နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အဖြစ် မိတ္ထီလာမှာ ရှိတဲ့ ထီး ၃ဆင့် ဥတ္တရာစေရုံ ကျောင်းတိုက်ကို သွားပြီး စတုမတူနဲ့ ဖျော်ရည်သွားကပ်တယ်။ ရန်ကုန်မှာလည်း လုပ်တယ်။”

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၁ နှစ် သြဂုတ်လ ၈ ရက်နေ့က သွေးမြေကျခဲ့တဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုအတွက် အောက်မေ့ ဖွယ် ဘာသာရေး အခန်းအနားတွေကို ကျင်းပခဲ့ကြတဲ့အကြောင်း မိတ္တီလာမြို့ အန်အယ်လ်ဒီ ပါတီ က ဒေါ်မြင့်မြင့်အေး ပြောပြသွားတာပါ။ ဒီလိုအခမ်းအနားတွေကို ပြည်တွင်းမှာ လုံခြုံရေးအာဏာပိုင်တွေရဲ့ စောင့်ကြပ်ကြည့်ရှုမှုတွေ အောက်မှာ ပြုလုပ်ခဲ့ကြရသလို၊ ပြည်ပ အခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူတွေ ကလည်း သူတို့ရောက်နေရာ နိုင်ငံ အသီးသီးမှာ ဆန္ဒပြလှုပ်ရှားမှုတွေ လုပ်ခဲ့ကြတာပါ။ အိမ်နီးချင်း၊ ထိုင်းနိုင်ငံ ဘန်ကောက်၊ ချင်းမိုင်စတဲ့မြို့တွေမှာ ကျင်းပခဲ့ ကြသလို၊ မလေးရှား၊ ဂျပန် စတဲ့ နိုင်ငံတွေမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တောင်းဆိုတာတွေ အပါအဝင် မြန်မာ စစ်အစိုးရကို ကန့်ကွက်ဆန္ဒပြမှုတွေ လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။