ဥရောပသမဂ္ဂက စစ်အစိုးရအပေါ် ဒဏ်ခတ်မှု ထပ်တိုး

နေအိမ်အကျယ်ချုပ် ချိုးဖောက်တယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ပြစ်ဒဏ် ချမှတ်လိုက်တာနဲ့ သူ့ရဲ့ အခြေခံ အခွင့်အရေးကို ချိုးဖောက်တယ်ဆိုတဲ့ အပေါ်မှာ တုံ့ပြန်တဲ့အနေနဲ့ ဥရောပ ၁၇ နိုင်ငံ ပါဝင်တဲ့ ဥရောပသမဂ္ဂ (EU) က မြန်မာစစ်အစိုးရကို လက်ရှိ ပိတ်ဆို့ ဒဏ်ခတ်ထားတဲ့မူကို သက်တမ်းတိုးလိုက်တဲ့အပြင် ပိတ်ဆို့ ဒဏ်ခတ်ထားတဲ့ လူစာရင်းကိုလည်း တိုးချဲ့လိုက်ပါတယ်။

အခုနောက်ဆုံး တိုးချဲ့လိုက်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို စီရင်ချက်ချတဲ့ တရားသူကြီးတွေကိုလည်း ဥရောပ သမဂ္ဂအတွင်း ခရီးသွားလာခွင့် ပိတ်ပင်တဲ့အပြင် သူတို့ ပိုင်ဆိုင်မှုတွေကိုလည်း သွင်းလို့၊ ထုတ်ယူလို့ မရအောင် ပိတ်ဆို့ထားမှာ ဖြစ်ပါတယ်။

စစ်အစိုးရ အဖွဲ့ဝင်တွေနဲ့ သူတို့နဲ့ ပတ်သက်သူတွေ ပိုင်ဆိုင်တဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ ပိုင်ဆိုင်မှုတွေ အားလုံးကိုလည်း ပိတ်ဆို့ ဒဏ်ခတ်သွားမှာ ဖြစ်တယ်ဆိုပြီး ဥရောပသမဂ္ဂရဲ့ ဒီနေ့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။