မြန်မာနိုင်ငံခရီးစဉ်အကြောင်း အထက်လွှတ်တော်အမတ် သတင်းစာရှင်းလင်းပွဲ ကျင်းပ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ် အရေးယူမှု တချို့ကို ရုတ်သိမ်းဖို့ရာ မကန့်ကွက်ဘူးလို့ သူခံစားမိတဲ့အကြောင်း အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်မ် ဝက်ဘ် က ပြောလိုက်ပါတယ်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဒီကနေ့လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း မစ္စတာဝက်ဘ်က အဲဒီလို ပြော လိုက်တာပါ။ ဘန်ကောက်မှာရှိတဲ့ ဝိုင်းတော်သား ကိုကျော်ကျော်သိန်းက အဲဒီသတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင်သတင်းသွားယူ ခဲ့တယ်ဆိုတော့ အပြည့်အစုံ ပြောပြပါဦးရှင်။

သြဂုတ်လ ၁၅ ရက်နဲ့ ၁၆ ရက်တွေမှာ မြန်မာနိုင်ငံကို နှစ်ရက်ကြာသွားရောက်ခဲ့တဲ့ အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ၊ အရှေ့အာရှနဲ့ပစိဖိတ်ရေးရာကော်မတီခွဲရဲ့ဥက္ကဋ္ဌ၊ ဒီမိုကရက်တစ်ပါတီရဲ့ ဗာဂျီးနီးယားပြည်နယ် အထက်လွှတ်တော်အမတ် ဂျင်မ် ဝက်ဘ်ဟာ ဒဏ်ခတ် ပိတ်ဆို့အရေးယူမှုတွေကို ကန့်ကွက်သူအဖြစ်ထင်ရှားပါတယ်။ ဒါ့ကြောင့် လည်း သူမြန်မာနိုင်ငံကနေ ပြန်လာပြီးနောက်ပိုင်းမှာ ဒဏ်ခတ် အရေးယူမှုနဲ့ပတ်သက်ပြီး သူဘာတွေ ဆွေးနွေး ပြောဆိုခဲ့သလဲ ဆိုတာ အများစိတ်ဝင်စားကြတဲ့ အဓိကအကြောင်းအရာဖြစ်နေပါတယ်။ သူကလည်း ဒေါ်အောင်ဆန်းစုကြည် နဲ့ သူနဲ့ အကြောင်း အရာမျိုးစုံ ဆွေးနွေးခဲ့ကြတဲ့ထဲမှာ ဒဏ်ခတ်အရေးယူမှုကိစ္စကို အတော်လေး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြတယ်ဆိုတာ တနင်္ဂနွေနေ့ကလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဒီနေ့တခါထပ်ပြီး သတင်းထောက်တွေမေးသမျှ ဖြေကြားရာမှာ ဒီကိစ္စက ထိပ်ဆုံးကနေ ပြန်ပါလာတာပါ။ ဒဏ်ခတ် အရေးယူမှု ပေါ် ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုသဘောထားသလဲ ဆိုတာနဲ့ပတ်သက်ပြီး သူ့အနေနဲ့ လွဲချော် ပြောမိ မယ့် အရေး ရှောင်ရှားချင်ပါတယ်၊ ဒါပေမဲ့ သူနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေးပြောဆိုကြတာတွေကနေ သူ ခံစား လိုက်ရတာပါဆိုပြီး မစ္စတာ ဝက်ဘ်က ပြောပါတယ်။

“သူ့ဆီကနေ ကျနော် ရှင်းရှင်းလင်းလင်းရလိုက်တဲ့ ခံစားမှုကတော့ သူဟာ ဒဏ်ခတ်အရေးယူမှုတချို့ကို ရုပ်သိမ်းဖို့ မကန့်ကွက်ဘူးဆိုတာ ကျနော်ပြောပါရစေ။ ဒါပေမယ့် ဒါ ကျနော်ပြောချင်တာ အားလုံးပါပဲ။ သူ့အမြင်နဲ့ပတ်သက်ပြီး ကျနော် လွဲချော်ပြောဆို မိတာမျိုး မဖြစ်ချင်ပါဘူး။” လို့ မစ္စတာဝက်ဘ်က ပြောပါတယ်။ ဒါပေမဲ့လည်း ဒဏ်ခတ် အရေးယူမှု တချို့က ဘာတွေဆိုတာကို တော့ သူက ရှင်းရှင်းလင်းလင်း ပြောမသွားပါဘူး။ ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်က သော်လည်းကောင်း၊ သူ့ရဲ့ပါတီကသော်လည်းကောင်း မစ္စတာဝက်ဘ်ဟာ ဒဏ်ခတ် အရေး ယူမှုနဲ့ပတ်သက်ပြီး သူတို့ရဲ့ အမြင်ကို တလွဲအဓိပ္ပါယ်ကောက်သွားတယ်လို့ အမြင်ခံရမှာကိုတော့ သူအတော်လေး စိုးရိမ်ပုံရပါ တယ်။ ဒါကို သူ အလေးအနက်ထားပြီး ပြောဆိုခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဆွေးနွေးတဲ့နေရာမှာတော့ ဒဏ်ခတ်အရေးယူမှုကိစ္စ မပါခဲ့ဘူးလို့လည်း မစ္စတာဝက်ဘ်က ပြောပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပါအဝင် မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ဘာတွေ ဆွေးနွေးခဲ့တယ်ဆိုတာ သူက တိတိကျကျ ပြန်မပြောပြ ပါဘူး။ ကိစ္စရပ်တွေအပေါ်မှာ သူတို့တွေ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြတယ်လို့ပဲဆိုပါတယ်။

သူ့ရဲ့အခုခရီးစဉ်နဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နဲ့ မနေ့ညက တယ်လီဖုန်းကနေ တဆင့် စကားပြောခဲ့ကြပြီး သူ ပြန်ရောက်တဲ့အခါ တွေ့ကြမယ်လို့လည်း မစ္စတာဝက်ဘ်ကပြောပါတယ်။ မစ္စစ်ကလင်တန်နဲ့ သူ ကိစ္စရပ် အများအပြားကိုပြောခဲ့ကြရာမှာ မြန်မာနိုင်ငံကိစ္စလည်း အပါအဝင်ပါလို့ ပြောပါတယ်။

“မြန်မာလူထုဟာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အစိတ်အပိုင်းတခုပြန်ဖြစ်နိုင်မယ့် နည်းလမ်းတခုကို ကျနော်တို့အားလုံး မြင်ချင်ကြတယ်လို့ သေချာပေါက် ကျနော်ထင်ပါတယ်။ အဲဒီနည်းလမ်းဟာလည်း အရင်က ကျနော်တို့ချမှတ်ထားခဲ့တဲ့ မူဝါဒ လမ်းစဉ်တွေအတိုင်း ဖြစ်နိုင်ပါလိမ့်မယ်။” လို့ မစ္စတာဝက်ဘ်ကပြောပါတယ်။

သူ့ရဲ့ခရီးစဉ်ဟာ ယေဘုယျအားဖြင့် အတိုင်းအတာတခုထိ အောင်မြင်မှုရှိခဲ့ပါသလား၊ မစ္စတာဝက်ဘ်ကတော့ သူ့ခရီးစဉ် မပြီးဆုံး သေးတဲ့အကြောင်းနဲ့ ဒါဟာ အာရှငါးနိုင်ငံခရီးစဉ်ဖြစ်ကြောင်း ပြောကြားပြီး

“ဒါဟာ တကယ့်ကို အဓိပ္ပါယ်ပြည့်ဝတဲ့ခရီးစဉ်လို့ ကျနော်ထင်ပါတယ်။ ကျနော်သွားသမျှ နိုင်ငံတိုင်းကအစိုးရတွေနဲ့ လူထုကို ကျနော်အလေးအနက်ထား ပြောတာကတော့ ဒီဒေသဟာ အမေရိကန်ပြည်ထောင်စုအတွက် ဘယ်လောက် အရေးကြီးတဲ့ဒေသ ဖြစ်တဲ့အကြောင်း၊ အမေရိကန်အစိုးရအဖွဲ့သစ်နဲ့ ကျနော့်လိုတခြားလူတွေအနေနဲ့ ဒီဒေသမှာ ကျနော်တို့ရဲ့ပါဝင်မှုကို ဘယ်လောက်တောင်မှ အားကောင်းကောင်း ပြန်ပြီးဆန်းသစ်ချင်တယ်ဆိုတာတွေပါပဲ။” လို့ မစ္စတာဝက်ဘ်က ပြောပါတယ်။

မနေ့တုန်းက သတင်းစာရှင်းလင်းပွဲမှာတော့ မစ္စတာဝက်ဘ်က မြန်မာ့အရေးမှာ တရုတ်နိုင်ငံက ထိထိရောက်ရောက် ဝင်လုပ်လာ အောင် အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေက ဖိအားပေးကြဖို့လိုတယ်လို့ ပြောခဲ့ပါတယ်။ ဒဏ်ခတ် အရေးယူမှုကြောင့် မြန်မာနိုင်ငံဟာ တရုတ်ရဲ့ စီးပွားရေး၊ နိုင်ငံရေး သြဇာလွှမ်းမိုးမှုအောက် ရောက်သွားတယ်လို့လည်း ဆိုပါတယ်။

မစ္စတာယက်တောနဲ့ပတ်သက်လို့တော့ မစ္စတာဝက်ဘ်က တိတိကျကျပြောမသွားဘဲ မနေ့က ဘန်ကောက် ရောက်တဲ့ အချိန်မှာ ဆေးရုံကိုခေါ်သွားတယ်လို့ပဲ ပြောခဲ့ပါတယ်။ ဘန်ကောက်မြို့၊ အမေရိကန်သံရုံးကလည်း ပုဂ္ဂလိကကိစ္စ ဖြစ်တယ် ဆိုတာကို ထောက်ပြပြီး မစ္စတာယက်တော အခြေအနေနဲ့ပတ်သက်လို့ မှတ်ချက်ပေးပြောဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဒါဟာ ပုဂ္ဂလိကကိစ္စ ဖြစ်တဲ့အတွက် သူဘယ်မှာရှိတယ်၊ သူ့ကျန်းမာရေးအခြေအနေက ဘယ်လို၊ ဘယ်တော့ အမေရိကန်ကို ပြန်မယ် စတာတွေနဲ့ ပတ်သက်ပြီး သူတို့မှာ ပြောဆိုခွင့်မရှိပါဘူးလို့ သံရုံးတာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ် ခင်ဗျား။