တောင်ကိုရီးယား သမ္မတဟောင်း ကင်မ်ဒေးဂျုံ ကွယ်လွန်

တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ ပြန်လည်သင့်မြတ်ရေး ခေတ်သစ်ကို တခေတ်ဆန်းစေခဲ့တဲ့ တောင်ကိုရီးယား သမ္မတဟောင်း ကင်မ်ဒေးဂျုံ (Kim Dae Jung) အသက် ၈၅ နှစ်အရွယ် ဒီကနေ့ ကွယ်လွန်သွားပါပြီ။

မစ္စတာကင်မ်ဒေးဂျုံဟာ နမိုးနီးယား အဆုပ်အအေးမိ ဝေဒနာကြောင့် အရင်လကတည်းက ဆေးရုံတင်ထားရပြီး ခန္ဓာကိုယ်တွင်း အင်္ဂါအားလုံး အလုပ်မလုပ်တော့ဘဲ ဒီကနေ့ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံရဲ့ ကြီးမြတ်လှတဲ့ နိုင်ငံရေးခေါင်းဆောင်တဦး ဆုံးရှုံးရသလို နိုင်ငံ ဒီမိုကရေစီ ထွန်းကားရေးနဲ့ ကိုရီးယားနှစ်နိုင်ငံ ပြန်လည်သင့်မြတ်ရေးကို စွမ်းစွမ်းတမံ တစိုက်မတ်မတ် ကြိုးပမ်းခဲ့လို့ ကိုရီးယားလူထုက အမှတ်တရ ဂုဏ်ပြုနေကြမှာပါလို့ သမ္မတ လီမြောင်ဘတ်ခ် (Lee Myung-bak) က ပြောဆိုလိုက်ပါတယ်။

သက္ကရာဇ် ၂၀၀၀ ပြည့်နှစ် ဇွန်လအတွင်းက မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအီး (Kim Jong Il) နဲ့ နှစ်နိုင်ငံ ထိပ်သီးညီလာခံ ကျင်းပနိုင်ခဲ့တာကြောင့် မစ္စတာကင်မ်ဒေးဂျုံကို အဲဒီနှစ်မှာပဲ နိုဘယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။