မြောက်ကိုရီးယားနဲ့ တိုက်ရိုက်ဆွေးနွေးပွဲလုပ်ဖို့ ဆန္ဒမရှိ

မနေ့က တောင်ကိုရီးယား သတင်းမီဒီယာတွေထဲမှာ မြောက်ကိုရီးယား အစိုးရက နျူကလီးယားကိစ္စတွေကို ဆွေးနွေးဖို့ အမေရိကန် ကိုယ်စားလှယ်တွေကို နောက်လ ပြုံယမ်း (Pyongyang) မြို့တော်မှာ တွေ့ဆုံဖို့ ဖိတ်ခေါ်ထားတယ်လို့ ဖော်ပြထားပါတယ်။

အမေရိကန်အစိုးရရဲ့ မြောက်ကိုရီးယားဆိုင်ရာ အထူးသံအမတ်ကြီး Mr. Steven Bosworth နဲ့ နျူကလီးယား ညှိနှိုင်းရေး အကြီးအကဲ Mr. Sung Kim ကို မြောက်ကိုရီးယား အစိုးရက ဖိတ်ကြားထားခဲ့တာလို့ ဆိုပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Ian Kelly က ၆ ပွင့်ဆိုင် ဆွေးနွေးပွဲပြင်ပကနေ အမေရိကန်နဲ့ မြောက်ကိုးရီးယား နှစ်နိုင်ငံပဲ တွေ့ဆုံမယ်ဆိုရင် တရုတ်၊ ရုရှား၊ ဂျပန်၊ တောင်ကိုရီးယားတို့လို တခြား ၆ ပွင့်ဆိုင် စကားဝိုင်းထဲမှာ ပါတဲ့ နိုင်ငံတွေကို ပထားရာရောက်မှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဒီနှစ်အစောပိုင်းက မြောက်ကိုရီးယား အစိုးရဟာ အဲဒီ ၆ ပွင့်ဆိုင် ဆွေးနွေးပွဲကို ကျောခိုင်းခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်နဲ့နှစ်ဘက် စကားပြောနိုင်ရေးအတွက် မြောက်ကိုရီးယားဟာ ဒီနောက်ပိုင်း ပျော့ပျောင်းတဲ့ လုပ်ဆောင်မှုတွေ ပြခဲ့ပါတယ်။ သူတို့ ထိန်းသိမ်းထားတဲ့ အမေရိကန် သတင်းသမား နှစ်ဦးကို ပြန်လွှတ်ပေးခဲ့သလို တောင်ကိုရီးယား ကားကုမ္ပဏီဝန်ထမ်း တဦးကိုလည်း ပြန်လွှတ်ပေးခဲ့တာပါ။ အရင်အပတ်တုန်းက အမေရိကန်နိုင်ငံကို လာရောက်ပြီး နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူး Bill Richardson နဲ့တွေ့ဆုံခဲ့တဲ့ မြောက်ကိုရီးယား ကိုယ်စားလှယ်နှစ်ဦးက အမေရိကန်အစိုးရ အနေနဲ့ သူတို့ဆီ တလှည့်ပြန်လာဖို့ အကြွေးတင်နေသေးတယ်လို့ ပြောခဲ့ပါတယ်။