မြန်မာနိုင်ငံရေးဟာ ပြည်တွင်းရေးသာ ဖြစ်တဲ့အတွက် ဝင်ရောက်စွက်ဖက်စရာ မလိုဘူးလို့ တရုတ်အစိုးရ ပြောလေ့ရှိပါတယ်။ ဒါပေမဲ့ မြန်မာစီးပွားရေးမှာတော့ တရုတ်အစိုးရနဲ့ တရုတ်ကုမ္မဏီတွေဟာ တတ်နိုင်သလောက် ကြီးစိုးနိုင်အောင် ကြိုးပမ်းနေတာ တွေ့ရပါတယ်။ ဒီနှစ် မတ်လမှာ ကုန်ဆုံးသွားတဲ့ ဘဏ္ဍာရေးနှစ်အတွင်းမှာ နိုင်ငံခြားရင်နှီးမြုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း တစ်ထောင်နီးပါးရှိတဲ့အနက် ၉၀% ဟာ တရုတ်ပြည်က လာတာလို့ သိရပါတယ်။ လွန်ခဲ့တဲ့ ဘဏ္ဍာရေးနှစ်ထက် ၅ ဆ လောက် ပိုများလာတာဟာ တရုတ် အရင်းအနှီးတွေ တိုးပွားလာလို့ ဖြစ်ပါတယ်။
ရေနံ သဘာဝသတ္တုတွင်းနဲ့ ရေအားလျှပ်စစ်စတဲ့ လုပ်ငန်းတွေမှာ တရုတ်အစိုးပိုင် ကုမ္မဏီတွေ ဝင်ရောက်လုပ်ကိုင်နေတဲ့ စီမံကိန်းပေါင်း ၉၀ လောက်ရှိတယ်လို့ သိရပါတယ်။ ရေအားလျှပ်စစ် စီမံကိန်း ၆ ခု ပြီးစီးနေပြီ ဒီအထဲမှာ ကြပ်ပြေးနေပြည်တော်ကို မီးပေးနေတဲ့ ပေါင်းလောင် ရေအားလျှပ်စစ်ဟာ အကြီးဆုံးဖြစ်ပါတယ်။
တရုတ်က ဒေါ်လာငွေ သန်း ၁၆၀ ရင်းနှီးပြီး ဆောက်ထားတာ ဖြစ်ပါတယ်။ ဗမာအစိုးရပိုင် စက်ရုံတွေ တည်ဆောက်တာကိုလည်း တရုတ်က ကူညီပါတယ်။ တရုတ်ကုမ္မဏီတွေများတဲ့ မြန်မာ၊ လာအို နဲ့ ဗီယက်နမ်မှာ တရုတ်ဦးရေလည်း တိုးပွားနေပါတယ်။
လူဦးရေသန်းပေါင်း ၁၃၀၀ ကျော်ရှိတဲ့ တရုတ်ပြည်မှာ နှစ်စဉ်တိုးပွားနေတဲ့ အလုပ်သမားဦးရေ ၁၀ သန်းကျော်ရှိတဲ့အတွက် နိုင်ငံလုံးဆိုင်ရာ ထုတ်လုပ်မှု ၁၀% တိုးပွားမှသာ လူသစ်တွေကို အလုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ အခုတော့ ကမ္ဘာ့စီးပွားရေး ကျဆင်းသလို တရုတ်စီးပွားရေးလည်း ကျဆင်းနေတဲ့အတွက် အလုပ်လက်မဲ့ဦးရေ တိုးပွားနေပါတယ်။ သပိတ်မှောက်မှုနဲ့ ဆန္ဒပြမှုပေါင်း ကိုးသောင်းလောက် မနှစ်က ဖြစ်ပွားပါတယ်။ ဒါကြောင့် တရုတ်ကုမ္မဏီနဲ့ အလုပ်သမားတွေ နိုင်ငံခြားကို သွားရောက်စီးပွားရှာကြဖို့ တရုတ်အစိုးရက အားပေးနေပါတယ်။
နိုင်ငံခြားကို ထွက်ခွါတဲ့ ကျွမ်းကျင်တဲ့ တရုတ်အလုပ်သမား ၂ သန်းလောက်ရှိမယ်လို့ ခန့်မှန်းကြပေမဲ့ ထွက်ခွါတဲ့ သာမန်အလုပ်သမားဦးရေကိုတော့ မသိနိုင်ဘူးလို့ ဆိုပါတယ်။ အလုပ်သမား အေဂျင်စီ (Agency) တွေဟာ အစိုးရပိုင်ဖြစ်ပေမဲ့ စာရင်းဇယားနဲ့ မူဝါဒ မရှိပါဘူး။ တရုတ်ပြည်မှာ အလုပ်လက်မဲ့ဦးရေ သန်း ၂၀၀ ကျော်ရှိပြီး တဖြည်းဖြည်း တိုးပွားနေတဲ့အတွက် အိမ်နီးချင်းနိုင်ငံတွေကို ရွှေ့ပြောင်းနေထိုင်သူ ဦးရေလည်း များများလာပါတယ်။ မြန်မာမှတ်ပုံတင် ဝယ်ယူပြီး မြန်မာနိုင်ငံသားအဖြစ် နေထိုင်နေသူ တရုတ်ဦးရေ တိုးပွားနေတာမို့ လက်ရှိစစ်အစိုးရလက်ထက်မှာ ဥပဒေမဲ့ ဝင်လာတဲ့ တရုတ်ဦးရေဟာ တစ်သန်း နဲ့ နှစ်သန်း ကြားမှာရှိမယ်လို့ ခန့်မှန်းကြပါတယ်။
မန္တလေးလူဦးရေ လေးပုံတပုံဟာ ယူနန် တရုတ်တွေ ဖြစ်နေပြီး လားရှိုးလူဦးရေတဝက်လောက်ဟာ တရုတ်ဖြစ်တယ်လို့ Australia နိုင်ငံခြားရေးဌာနက ဆိုပါတယ်။ ကိုးကန့် နဲ့ ဝ ဒေသဟာ တရုတ်ပြည်နယ်လို ဖြစ်နေတာကြာပါပြီ။ တရုတ်စာကို ရုံးသုံးလုပ်ထားတဲ့ အရပ်ဒေသတွေ ဖြစ်ပါတယ်။
မြန်မာပြည်ထဲ ဝင်ရောက်လာတဲ့ တရုတ်လူဦးရေ များပြားလာသလို မြန်မာပြည်က ထွက်ခွာကြတဲ့ မြန်မာလူဦးရေမှာလည်း တိုးပွားနေပါတယ်။ လက်ရှိအစိုးရလက်ထက်မှာ နိုင်ငံခြားထွက်ခွာ မြန်မာအလုပ်သမားဦးရေဟာ သုံးသန်းလောက် ရှိနိုင်တယ်လို့ ခန့်မှန်းပါတယ်။ အိန္ဒိယ၊ ဘင်္ဂလာဒေ့ရှ်၊ မလေးရှား၊ စင်္ကာပူ၊ တောင်ကိုးရီးယား နဲ့ ဂျပန်နိုင်ငံတွေကို ထွက်ခွာကြပေမဲ့ ထိုင်းနိုင်ငံမှာ အများဆုံးဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား နှစ်သန်းကျော်လောက် ရှိပြီး ငါးသိန်းလောက်ကသာ တရားဝင် အလုပ်လုပ်ခွင့်ရှိကြောင်း သိရပါတယ်။
မြန်မာပြည်မှာ တရုတ်တွေများလာတဲ့ အကြောင်းရင်းတခုက လမ်းပန်းဆက်သွယ်ရေး လွယ်ကူလာတာဖြစ်ပါတယ်။ တရုတ်ပြည် ယူနန် နဲ့ ဂွမ်တောင် နဲ့ ဖူကျန်ဒေသက တရုတ်တွေ မြန်မာပြည်ကို အဝင်များတယ်လို့ သိရပါတယ်။
တရုတ်ပြည် နဲ့ ရောင်းဝယ်ဖောက်ကားမှု များလာလေလေ တရုတ်ဦးရေ များလာလေလေ ဖြစ်ပေမဲ့ မကြာမီက ဖြစ်ပွားခဲ့တဲ့ နယ်စပ်ပဋိပက္ခကြောင့် ကိုးကန့်တရုတ် အများအပြား ယူနန်နယ်မှာ ဝင်ရောက်ခိုလှုံနေတာဟာ တရုတ်ပြည်အတွက် အနုတ်လက္ခဏာ ဖြစ်နေပါတယ်။ ၂၀၀၈ မတ်လမှာ တရုတ်ဝန်ကြီးချုပ် နဲ့ လာအိုနိုင်ငံမှာ တွေ့ဆုံစဉ် ရွှေလီ၊ လားရှိုး နဲ့ မူဆယ်ကို မီးရထားလမ်းနဲ့ ဆက်ထားဖို့ ဗမာဝန်ကြီးချုပ်က ပန်ကြားခဲ့ပါတယ်။ ချင်းတွင်းနဲ့ ဧရာဝတီမှာ ရေအားလျှပ်စစ် တည်ဆောက်ဖို့လည်း ဖိတ်ခေါ်ထားပါတယ်။
ကြပ်ပြေးနေပြည်တော်မှာ အပြည်ပြည်ဆိုင်ရာညီလာခံ အဆောက်အဦးတည်ဆောက်တာကိုလည်း တရုတ်အစိုးရကပဲ တာဝန်ယူထားပါတယ်။ ဈေးကွက်စနစ်ကျင့်သုံးတဲ့အတွက် လူတစုသာ ကြီးပွားချမ်းသာလာပြီး ပြည်သူလူထုအများစုမှာ ဆင်းရဲနေရတဲ့အတွက် ကျင့်သုံးတဲ့ ဈေးကွက်ပုံစံကို ဝေဖန်လာကြပါတယ်။ မြန်မာပြည်မှာ ဈေးကွက်စနစ်ကျင့်သုံးပြီး တရုတ်အကူအညီကို အားကိုးတဲ့အတွက် စစ်အစိုးရအာဏာ တည်မြဲပြီး တရုတ်နဲ့ ဗမာအချို့ ကြီးပွားချမ်းသာလာကြပေမဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ မပြုဘူးလို့ ပညာရှင်အချို့က ထောက်ပြကြပါတယ်။
ဈေးကွက်စနစ် ကြေညာပြီး အစိုးပိုင်စက်ရုံတွေ တိုးချဲ့နေတာဟာ မဆလခေတ်ကို ပြန်သွားနေတာလို့ ယူဆကြပါတယ်။ ဂျပန့်ဆီက ယူထားတဲ့ အကြွေးကို ပြန်မဆပ်နိုင်ပေမဲ့ တရုတ်ဆီက ယူထားတဲ့အကြွေးကိုတော့ ဓါတ်ငွေ့နဲ့ ပြန်ဆပ်ရမဲ့ ပုံပေါ်နေပါတယ်။