၂၀၁၀ ရွေးကောက်ပွဲနဲ့ တိုင်းရင်းသားအရေး

၂၀၁၀ ရွေးကောက်ပွဲအတွက် တိုင်းရင်းသားအရေးဟာ ဘယ်လောက် အရေးပါတယ်ဆိုတာ ပိုပြီး ပေါ်လွင်တယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ လိုချင်တဲ့ပုံစံကို မဝင်တဲ့အတွက်ကြောင့် ဥပမာအားဖြင့် ကိုးကန့်အဖွဲ့ကို လက်နက်နဲ့ ကိုင်တွယ်နှိမ်နင်းတဲ့ သဘောတွေ အများသုံးသပ်လာကြတာကို တွေ့ရပါတယ်။ တချိန်တည်းမှာပဲ တချို့ တိုင်းရင်းသား အဖွဲ့အစည်းတွေ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO- Kachin Independence Organization)၊ မွန်ပြည်သစ်ပါတီ (NMSP - New Mon State Party) တို့လည်း သူတို့အထဲက တချို့က ပါတီပုံစံဖွဲ့စည်းပြီးတော့ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေတယ်လို့ ကြားသိရပါတယ်။ ဒီအခြေအနေ ၂ ခုကို ကျနော်တို့ ဘယ်လိုသုံးသပ်ကြမလဲ။ တိုင်းရင်းသားတွေအဖို့ အခုအချိန်မှာ ဘေးကျပ်နံကျပ် ဖြစ်လာတယ်။ တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ တချိန်က ငြိမ်းချမ်းရေးကို မျှော်မှန်းပြီးတော့ အပစ်အခတ် ရပ်စဲမှုကို ရယူခဲ့တဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ အခက်အခဲ တွေ့လာရတာကို လူတိုင်းလက်ခံကြမယ် ထင်ပါတယ်။

ဒီအခြေအနေ ကိစ္စကို တိုင်းရင်းသား အဖွဲ့အစည်းတွေ ဘယ်လိုတုံ့ပြန်သင့်တယ် ထင်ပါသလဲ။ လက်ရှိမှာ တုံ့ပြန်မှုပုံစံ ၂ မျိုးကို တွေ့ရပါတယ်။ ကိုးကန့်ပါတီက လက်မခံခြင်းနဲ့ ကေအိုင်အိုကတော့ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတခု ဖွဲ့စည်းလိုက်တဲ့ သဘောကို တွေ့ရပါတယ်။ တိုင်းရင်းသားများရဲ့ တုံ့ပြန်လုပ်ကိုင်နေမှု အခြေအနေကို ပိုမိုသိရှိနိုင်ဖို့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ရဲ့ ဝန်ကြီးတဦးဖြစ်သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခွန်မြင့်ထွန်းနဲ့ ဥရောပ-မြန်မာရုံး ညွှန်ကြားရေးမှူး ဦးဟန်ယောင်ဝေတို့ကို ဦးကျော်ဇံသာ (ဗွီအိုအေမြန်မာ) က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးခွန်မြင့်ထွန်း ဘယ်လိုမြင်ပါသလဲ၊ ဒီအဖွဲ့ ၂ ခုရဲ့ စစ်အစိုးရရဲ့ ဖိအားကို တုံ့ပြန်မှုနဲ့ ပတ်သက်ပြီး။

ဦးခွန်မြင့်ထွန်း ။ ။ တိုင်းရင်းသား အဖွဲ့အစည်းတွေက တုံ့ပြန်တာကတော့ တကယ်တမ်း နအဖက စစ်ရေးအရ ဖိနှိပ်တဲ့အပေါ်မှာ သူတို့ စစ်ရေးအရ ပြန်ပြီး တုံ့ပြန်တာ ဖြစ်ပါတယ်။ ပြန်ပြီးတော့ ရင်ဆိုင်တဲ့ ပုံသဏ္ဌာန်တွေကတော့ နည်းပေါင်းစုံ ရှိနိုင်ပါတယ်။ သို့သော်လည်း အဓိကအားဖြင့်တော့ ဒီ တိုင်းရင်းသားများက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံနိုင်ဘူး၊ ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံနိုင်ဘူး ဆိုတာကိုတော့ မူအရ ပြတ်ပြတ်သားသား ရပ်တည်ကြတာ ဖြစ်ပါတယ်။ ကျနော် အဲဒီလိုပဲ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမယ့် တချို့ပါတီ၊ အဖွဲ့အစည်းတွေက ပါတီဆိုပြီး သီးခြား ခွဲထောင်တယ်၊ အဲဒါကိုကြည့်ရင် သူတို့ပါတီအတွင်းမှာ နှစ်ခြမ်းကွဲသွားတယ်လို့ရော မသုံးသပ်ဘူးလား။ ဒါမှမဟုတ် သူတို့ ပရိယာယ်သုံးပြီးတော့ စစ်အစိုးရကို လက်ခံတဲ့ပုံစံမျိုး လုပ်ပြတယ်လို့ မြင်ပါသလား။

ဦးခွန်မြင့်ထွန်း ။ ။ ဟုတ်ကဲ့၊ ကျနော်နားလည်တာကတော့ ကေအိုင်အို အဖွဲ့အစည်းကနေပြီး ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ တရားဝင် သဘောထားကို လုံး၀ ထုတ်ပြန်ခြင်း မရှိပါဘူး။ ဒါကတော့ ပရိယာယ်အရ ဖြစ်ဖြစ်၊ ဘယ်လိုပဲဖြစ်ဖြစ် ဒေါက်တာတူးဂျာတို့ကို ကေအိုင်အိုက နှုတ်ထွက်ခွင့် ပေးလိုက်တာပဲ ဖြစ်ပါတယ်။ ပါတီထောင်ခွင့်ပေးတယ်ရယ်လို့ ဒီလို တရားဝင် ထုတ်ပြန်ထားခြင်း မရှိပါဘူး။ ဒါကတော့ နှုတ်ထွက်ပြီး ပါတီထောင်မယ့် ဒေါက်တာတူးဂျာတို့နဲ့ပဲ သက်ဆိုင်ပါတယ်။ ကေအိုင်အိုနဲ့ မသက်ဆိုင်ဘူးလို့ မြင်ပါတယ်။ ထို့နည်းတူ မွန်ပြည်သစ်ပါတီကလည်း ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မယ်ဆိုတာ တရားဝင် ထုတ်ပြန်ထားခြင်း မရှိပါဘူး။

ဦးကျော်ဇံသာ ။ ။ ဦးဟန်ရော ဘယ်လိုနားလည်ပါသလဲ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေကို ဘယ်လိုသုံးသပ်ပါလဲ၊ စစ်အစိုးရရဲ့ ဖိအားကို သူတို့ ပရိယာယ်နဲ့ ရင်ဆိုင်ဖို့ ကြိုးစားတာလား၊ သို့တည်းမဟုတ် သူတို့အထဲမှာများ သဘောထား ကွဲလွဲမှုတွေ ဖြစ်နေတာလား၊ ဘယ်လိုသုံးသပ်ပါလဲ။

ဦးဟန်ယောင်ေ၀ ။ ။ ခွန်မြင့်ထွန်း ပြောသွားတဲ့ အတိုင်းပါပဲ၊ မူအရကတော့ ဘယ်သူမှ လက်ခံတာ မရှိပါဘူး။ ဘာကြောင့်လဲဆိုရင် အခြေခံဥပဒေက ဒီမိုကရေစီကို ရောက်စေမယ့် အခြေခံဥပဒေ မဟုတ်ပါဘူးဆိုတာ လူတိုင်း မြင်ပါတယ်။ ဒုတိယကတော့ တိုင်းရင်းသားတွေ အနေနဲ့ကလည်း သူတို့ ငြိမ်းချမ်းရေး လိုချင်တဲ့ နေရာမှာ သူတို့ရဲ့ နိုင်ငံရေး အခွင့်အရေး လိုချင်ကြပါတယ်။ ဆိုတော့ မူအရ ဘယ်သူမှ လက်မခံချင်ပါဘူး။ ဒါပေမယ့် အခုဖြစ်လာတာ နအဖအနေနဲ့က သူတို့ ချပြထားတဲ့ လမ်းပြမြေပုံကို လက်ခံပါ၊ လက်မခံရင် တိုက်မယ်ဆိုတာ ဖြစ်လာတယ်။

ဆိုတော့ ဒီနှစ်ခု ဖြစ်လာတော့ တိုက်မယ်ဆိုရင် တိုက်နိုင်တယ်။ ဒါပေမယ့် ဘယ်သူနစ်နာမလဲဆိုရင် လူထုနစ်နာမယ်။ တိုင်းရင်းသားအထဲမှာက အဲဒီမှာ အများကြီး စဉ်းစားရပါတယ်။ တိုက်ပွဲမဖြစ်အောင်၊ လူထု ဒုက္ခမရောက်အောင် ဆိုပြီးတော့ ဒီ အပစ်အခတ် ရပ်စဲရေး အဖွဲ့တွေက စပြီးတော့ နအဖပြောတဲ့ လမ်းပြမြေပုံ၊ သူတို့ရဲ့ ရွေးကောက်ပွဲဝင်မယ်ဆိုတာ ဖြစ်လာပါတယ်လို့ ကျနော်မြင်တယ်။ ဒီဟာက မှားတယ်လို့ ပြောလို့မရဘူး။ ဘာကြောင့်လဲဆိုရင် အခြေအနေအရ အဖြေရှာတာ ဖြစ်ပါတယ်။ သူတို့ တကယ်ပဲ ရွေးကောက်ပွဲ ဝင်သွားတယ်၊ လူထုက သူတို့ကို ထောက်ခံတယ်ဆိုရင်လည်း ဒီမှာ အဖြေတခု ဖြစ်သွားပါတယ်။ ဆိုတော့ နောက်ဆုံးမှာ လူထုက အဖြေပေးမယ့်ကိစ္စ ဖြစ်လာတယ်လို့ ကျနော်မြင်တယ်။ ဒါ ကောင်းတယ်လို့ ကျနော် မြင်တယ်၊ ဒီမိုကရေစီဘက်က ကြည့်မယ်ဆိုရင်။

ဦးကျော်ဇံသာ ။ ။ စစ်အစိုးရ ဖိအားကို လက်မခံဘူးဆိုရင် ရှောင်လွှဲမလား၊ ပက်ပင်း ရင်ဆိုင်ရမလား၊ ဘယ်လိုလုပ်သင့်ပါလဲ ဦးခွန်မြင့်ထွန်း။

ဦးခွန်မြင့်ထွန်း ။ ။ အဲဒါကတော့ သက်ဆိုင်ရာ အဖွဲ့အစည်းများကပဲ သူတို့မှာရှိတဲ့ အခြေအနေများနဲ့ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ကတော့ သတိပေး ပြောကြားနိုင်တဲ့ ကိစ္စရပ်များ ရှိပါတယ်။ အဲဒါ ဘာလဲဆိုတော့ တချို့သော ပုဂ္ဂိုလ်များကလည်း ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ထားခြင်းအားဖြင့် လွှတ်တော်ထဲရောက်မှ ပြဿနာကို ရှင်းနိုင်မယ်၊ တဆင့်ဆီ တက်နိုင်မယ်ဆိုတဲ့ စဉ်းစားတွေးခေါ်ချက်တွေ ရှိပါတယ်။ သို့သော် တကယ့်လက်တွေ့မှာတော့ နအဖလုပ်မှာက တရုတ်ပြည်မှာလို ပါတီအဖွဲ့အစည်းတွေ ရှိသော်လည်း၊ ဆားဘီးယားမှာလို မီလိုဆီဗစ်လက်ထက်မှာ ပါတီတွေ အများကြီးရှိပါတယ်။ သို့သော်လည်း တကယ့်တကယ်တမ်းတော့ အတိုက်အခံမရှိတဲ့ ပါတီစုံ နိုင်ငံရေးစနစ်ကို နအဖက ထူထောင်မှာ ဖြစ်ပါတယ်။

အဲတော့ ဘယ်လိုပဲဖြစ်ဖြစ် နအဖဘက်က ကြည့်မယ်ဆိုရင် ဒီရွေးကောက်ပွဲမှာ သူနဲ့အပြိုင် ဝင်ရောက်ယှဉ်ပြိုင်တာတွေ ရှိတယ်ဆိုတာ နိုင်ငံတကာကို ပြချင်တယ်။ ဒီရည်ရွယ်ချက် သူ့မှာ ရှိပါတယ်။ ဘယ်လိုပဲပြိုင်ပြိုင် ဝင်ပြိုင်ခြင်းအားဖြင့်တော့ နအဖကို သူ့ရဲ့ စစ်အာဏာရှင်စနစ် တည်မြဲရေးကို ထောက်ခံပေးသလို ဖြစ်မှာပါပဲ။ ထို့နည်းတူ ရွေးကောက်ပွဲနိုင်ပြီး လွှတ်တော်ထဲ ရောက်သွားတယ် ဆိုရင်လည်း လွှတ်တော်ကိုယ်စားလှယ်များ အနေနဲ့ ရောက်သွားတဲ့ ပုဂ္ဂိုလ်များဟာ ဘာမှ လုပ်ခွင့်ကိုင်ခွင့် ရှိမှာမဟုတ်ပါဘူးလို့ သတိပေးလိုပါတယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့၊ ကျနော်သိချင်တာက ဒီဟာကို မဝင်သင့်ဘူးဆိုတာ လူတိုင်း အကြမ်းဖျင်း ဒါဟာ ငါတို့လိုချင်တဲ့ စံပြဖွဲ့စည်းပုံ မဟုတ်ဘူး၊ စံပြ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးဆိုတာ သူတို့လည်း တွက်မိပါလိမ့်မယ်။ သူတို့ဟာ ဦးခွန်မြင့်ထွန်းပြောသလို ခုခံဖို့အတွက် စည်းလုံးညီညွတ်မှု ရှိပါသလား၊ ခိုင်မာတဲ့အင်အား ရှိတယ်လို့ ထင်ပါသလား။

ဦးခွန်မြင့်ထွန်း ။ ။ ကျနော်တို့ စဉ်းစားကြည့်တဲ့အခါ ဒီနေ့ တိုင်းရင်းသား အဖွဲ့အစည်းတွေရော၊ အင်အားစုတွေ အားလုံးရော တကွဲတပြားစီ ဖြစ်နေတယ်လို့ ယေဘုယျအားဖြင့် အဲဒီလို ထင်မြင်နိုင်ကောင်း ထင်မြင်နိုင်ပါတယ်။ သို့သော်လည်း တကယ့်တကယ်မှာ ကျနော်တို့ဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံနိုင်ဘူး၊ ၂၀၁၀ ရွေးကောက်ပွဲကို မဝင်ဘူးဆိုတဲ့ မူအပေါ်မှာတော့ ပြတ်ပြတ်သားသား ရပ်တည်နေကြတာ ဖြစ်ပါတယ်။ နအဖ အတွင်းပြို ပြိုနေပြီ ဖြစ်ပါတယ်။ သို့သော်လည်း ဒီအချိန်မှာ နအဖက ဟန်ဆောင်ကောင်းကောင်းနဲ့ ရပ်တည်ထားနိုင်တဲ့အတွက် သူ့ရဲ့ ဟန်ဆောင်ထားတဲ့ စိတ်ရုပ်ကို ကျနော်တို့ ပေါ်အောင် ကြည့်နိုင်ဖို့ လိုပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးခွန်မြင့်ထွန်း နအဖရဲ့ အနေအထားကို သုံးသပ်တဲ့ သုံးသပ်ချက်အတိုင်း ဦးဟန်ရော မြင်ပါသလား၊ ပြီးတော့ တိုင်းရင်းသားတွေဘက်က စည်းလုံးညီညွတ်မှု အင်အားကိုရော ဦးဟန် ဘယ်လောက်အထိ သုံးသပ်ပါသလဲ။

ဦးဟန်ယောင်ေ၀ ။ ။ ဟုတ်ကဲ့၊ ကျနော်သဘောတူတာက နအဖကတော့ ဒီရွေးကောက်ပွဲကို အသုံးပြုမယ်ဆိုတာ သေချာပါတယ်။ ဘာကြောင့်လဲဆို သူတို့ နိုင်ငံတကာကို ပြရမှာက တိုင်းရင်းသားတွေ ပါဝင်တယ်၊ လူထုပါဝင်တယ်ဆိုတာ သူတို့က ပြရမယ်။ အဲဒီလို မပြနိုင်ရင် သူတို့ရဲ့ ရွေးကောက်ပွဲက အသိအမှတ် ပြုခံရမှာ မဟုတ်ဘူးဆိုတာ လူတိုင်း သိပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ တိုက်မယ်ဆိုရင် မတိုက်နိုင်ဘူးဆိုတာလည်း မဟုတ်ဘူး၊ မညီညွတ်ဘူးဆိုတာလည်း မဟုတ်ဘူး၊ ညီညွတ်နိုင်တယ်။ ဘာကြောင့်လဲဆိုရင် အခု တိုင်းရင်းသားအဖွဲ့တွေက ကျနော်နားလည်သလောက် တဖွဲ့ဖြစ်ရင် အကုန်လုံးကတော့ ထိတယ်ဆိုတာ သိနေပြီးသား။ တိုက်မလား၊ မတိုက်ဘူးလား၊ အဲဒီမှာပဲ အရေးကြီးပါတယ်။ ဒါပေမဲ့ တိုက်မယ်ဆိုရင် အဖြေမထွက်ဘူးဆိုတာ လူတိုင်းသိတယ်။ ဘာကြောင့်လဲဆိုရင် တိုက်လာတာ နှစ်ပေါင်းကြာပြီ။ နအဖကို ပြိုအောင်တိုက်မယ်ဆိုတာ အဲဒီအထိတော့ မရောက်ဘူး။ ကိုယ့်လူကိုယ် ကာကွယ်မယ် ဆိုတာတော့ ရတယ်။ အဲဒါကြောင့် ကျနော်နားလည်သလောက်တော့ အခု မွန်ပြည်သစ်တို့၊ ကေအိုင်အိုတို့က တခြားနည်းလမ်းနဲ့ အဖြေရှာဖို့ ကြိုးစားတယ်လို့ ကျနော်မြင်တယ်။

ဒီမှာ ကျနော်ပြောချင်တာ အပြင်မှာရောက်နေတဲ့လူတွေ ဘယ်လိုပြောပြော အဓိကကတော့ ပြည်တွင်းကခေါင်းဆောင်တွေ ဆုံးဖြတ်လိမ့်မယ်၊ ပြီးတော့ လူထုပဲ အဖြေပေးလိမ့်မယ်လို့ပဲ ကျနော် ယုံကြည်ပါတယ်။ ဘာကြောင့်လဲဆိုရင် ၁၉၉၀ တုန်းကလည်း ကျနော်တို့ ပြည်ပရောက်နေတဲ့လူတွေ အကုန်လုံးပြောပါတယ်၊ ဒီရွေးကောက်ပွဲက ဘယ်လိုမှ မကောင်းဘူး၊ နအဖက လိမ်မယ်၊ ညာမယ်၊ ဒါပေမယ့် ပြည်တွင်းက ပါတီတွေက သူတို့ ပါဝင်မယ်ဆိုတော့ ကျနော်တို့လည်း ငြင်းလို့မရဘူး။ အဖြေထွက်လာတယ်၊ ဘယ်ရွေးကောက်ပွဲမှာမဆို လူထုက တကယ်ပဲ သူတို့ဆန္ဒ ပြနိုင်တယ်၊ အခွင့်အရေး ရှိတယ်ဆိုရင် သူတို့ ပြမှာပဲ။ ဘယ်သူမှ နအဖစစ်အာဏာရှင်ကို ကြိုက်တဲ့လူ မရှိပါဘူး။ အဲဒါကြောင့် ကျနော်တို့ အားပေးသင့်တာက ဒီရွေးကောက်ပွဲကို တကယ် လူထုဆန္ဒ ထွက်လာအောင် အားပေးသင့်တယ်လို့ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခု ကျနော်မေးချင်တာ မွန်ပြည်သစ်ပါတီဟာ အမျိုးသားညီလာခံ ကျင်းပတဲ့နေရာမှာ သူတို့ စိတ်တိုင်းမကျတာ ရှိတဲ့အတွက်ကြောင့် ပါတီရဲ့ အဆင့်အတန်းကို တက်ရောက်သူကနေ လေ့လာသူအဆင့် သူတို့ဘာသာသူတို့ ဆုံးဖြတ်ခဲ့တယ်။ တကယ်လို့ တိုင်းရင်းသားတွေ ညီညွတ်မယ်ဆိုရင် မွန်ပြည်သစ်ပါတီလို လိုက်နာပြီးတော့ လိုက်ပြီး လုပ်ခဲ့သင့်တဲ့ အခါ မဟုတ်ဘူးလားခင်ဗျ။ အဲဒီတုန်းက ညီညွတ်မှုမရခဲ့တာ ကြည့်ခြင်းအားဖြင့် ရှေ့မှာ ညီညွတ်နိုင်မယ်လို့ ခန့်မှန်းတာ မှန်နိုင်ပါ့မလား ဦးခွန်မြင့်ထွန်း။

ဦးခွန်မြင့်ထွန်း ။ ။ ဟုတ်ကဲ့ ကျနော်တက်ရောက်ခဲ့တဲ့ အမျိုးသားညီလာခံက ၁၉၉၃ နှစ်ဦးပိုင်းကနေ ၁၉၉၅ နှစ်ကုန်ပိုင်းအထိ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ မွန်ပြည်သစ်ပါတီက အခုလိုပြောခဲ့တဲ့ ကာလမှာတုန်းကဆိုရင် ဘာပဲဖြစ်ဖြစ် တိုင်းရင်းသားတွေဘက်က တစုံတရာ မျှော်လင့်လို့ ရသေးတယ်ဆိုတဲ့ အခြေအနေမျိုးမှာ ရှိပါတယ်။ အဖြေမဆုံးသေးဘူးဆိုတဲ့ အခြေအနေမျိုးမှာ ဖြစ်တဲ့အတွက် အဲဒီကာလက သဘောထားတွေ တထပ်တည်း မကျနိုင်ခဲ့တာလို့ ထင်ပါတယ်။ အခုကာလမှာတော့ နအဖ ပေးလိုက်တဲ့အဖြေက အားလုံးအတွက် ရှင်းသွားပြီ ဖြစ်ပါတယ်။ ဒီလိုကာလလောက် တိုင်းရင်းသားတွေအပေါ်မှာ နအဖဘက်က ပြတ်ပြတ်သားသား အဖြေပေးတာ မရှိသေးပါဘူး။ အခုကတော့ ပြတ်သားသွားပြီ ဖြစ်ပါတယ်။ အဲတော့ ကိုယ့်အိမ်မှာ ကိုယ် ပြန်ပြီး ဒရဝမ်ပြန်လုပ်ရမယ့် ဘဝဆိုတာ အားလုံးက နားလည်ပြီးသား ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးမေးချင်တာက နအဖဖွဲ့စည်းပုံထဲမှာ ကျနော်တွေ့မိတာ ဝ၊ ကိုးကန့်၊ ပအို့ဝ်၊ ပလောင်၊ နာဂ စသဖြင့် သူတို့ကို အထူးဒေသကြီး (Autonomous Region) အဖြစ် သတ်မှတ်ပေးမယ်လို့ ထင်တယ်။ အဲဒီကိစ္စက အရင်ထက် အများကြီး တိုးတက်ပြီး အခွင့်အရေး ပေးထားတယ်လို့ စစ်အစိုးရဘက်က ဆိုပါတယ်။ ဦးခွန်မြင့်ထွန်း ဘယ်လိုမြင်ပါသလဲ။

ဦးခွန်မြင့်ထွန်း ။ ။ အခု ကိုးကန့်ဒေသ၊ ဝဒေသတွေမှာ နအဖတပ်တွေ တပ်စွဲပြီး တိုက်ခိုက်နေတာကိုက ပေးထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဟာ တကယ့်ကို အတုအယောင် ဖြစ်တယ်ဆိုတာ သက်သေခံချက်ပဲ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးဟန်ရော ဘယ်လိုမြင်ပါသလဲ၊ တိုင်းရင်းသားတွေအတွက် Autonomous Region အဖြစ် သတ်မှတ်ပေးတယ်ဆိုတာ တိုးတက်လာတဲ့ အဆင့်တဆင့်လို့ ဆိုကြပါတယ်။

ဦးဟန်ယောင်ေ၀ ။ ။ အခြေခံဥပဒေအရ ကြည့်လိုက်ရင် ပေးထားတဲ့ အခွင့်အရေးက ၁၀ မျိုးပဲ ရှိပါတယ်။ ဒီ ၁၀ မျိုးက ၀ အနေနဲ့ ကြည့်မယ်ဆိုရင် လုံး၀ မလုံလောက်ဘူး။ ဘာကြောင့်လဲဆိုရင် အခုလက်ရှိ သူတို့ ကိုယ်ပိုင် အုပ်ချုပ်နေတဲ့နေရာမှာ ဒီအခြေခံဥပဒေထဲမှာ ပေးထားတာထက် အများကြီး များတယ်လို့ ကျနော် မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခြေခံဥပဒေမှာ ပေးတဲ့အဆင့်က အခုထက် အများကြီး နည်းသွားတယ်ပေါ့။

ဦးဟန်ယောင်ေ၀ ။ ။ အများကြီး နည်းသွားပါတယ်။