နယ်စပ်တိုက်ပွဲ နဲ့ တရုတ်-မြန်မာ ကုန်သွယ်ရေး

ပထမဆုံး အပစ်အခတ်ရပ်စဲခဲ့တဲ့ ကိုးကန့်ဒေသမှာ အစိုးရတပ်နဲ့ ကိုးကန့်တပ်ဖွဲ့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့တာကြောင့် ဒီလက်နက်ကိုင် ပဋိပက္ခ ကျယ်ပြန့်လာရင် မြန်မာ-တရုတ် နယ်စပ်ဒေသ ကုန်သွယ်ရေးမှာ ဘယ်သူတွေအများဆုံး နစ်နာဆုံးရှုံးနိုင်တယ်ဆိုတာဟာ စဉ်းစားစရာ ဖြစ်လာပါတယ်။ အကြောင်းကတော့ မြန်မာ-တရုတ် ကုန်သွယ်ရေးမှာ အများစုဟာ နယ်စပ်ကုန်သွယ်ရေး (သို့) မြန်မာယူနန် ကုန်သွယ်ရေး ဖြစ်နေပါတယ်။ မြန်မာပြည်ရဲ့ နယ်စပ်ကုန်သွယ်ရေးမှာ ယူနန်နဲ့ ကုန်သွယ်တာက (၇၅%)၊ ထိုင်း နဲ့ ကုန်သွယ်တာ က (၁၅%)၊ အိန္ဒိယ၊ ဘင်္ဂလာဒေ့ရှ် နဲ့ ကုန်သွယ်မှုက (၁၀%) ရှိတဲ့အတွက် မြန်မာယူနန် ကုန်သွယ်ရေးဟာ အကြီးမာဆုံးဖြစ်နေပါတယ်။

ယူနန်က မြန်မာပြည်ကို တင်ပို့နေတဲ့ ပိုကုန်တန်ဖိုး ပမာဏဟာ ၂၀၀၁-၂၀၀၇ အတွင်း (၃) ဆကျော် တိုးပွားလာပြီး မြန်မာပြည်က ယူနန်ကို တင်ပို့တဲ့ ကုန်ပစ္စည်းတန်းဖိုးဟာလည်း နှစ်ဆခွဲလောက် တိုးပွားလာကြောင်း သိရပါတယ်။ မြန်မာယူနန် ကုန်သွယ်ရေးမှတ်တမ်းကို လေ့လာသုံးသပ်မယ်ဆိုရင် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဟာ မြန်မာ့စီးပွားရေးရဲ့ အဓိကသွေးကြော ဖြစ်နေတာကို တွေ့ရတယ်လို့ ဂျပန်အမျိုးသား သုတေသီ တိုရှိဟီရိုကူဒိုး က ပြောဆိုရေးသားခဲ့ပါတယ်။

အမေရိကန်နဲ့ ဥရောပအစိုးရတွေ ဒဏ်ခတ်အရေးယူတကို ခံနေရတဲ့ ဗမာစစ်အစိုးရဟာ နယ်စပ်ကုန်သွယ်ရေးကို အဓိကအားကိုးနေရပါတယ်။ အထူးသဖြင့် တရုတ်ကို အားကိုးတာမို့ နယ်စပ်ကုန်သွယ်ရေး မြှင့်တင်ဖို့အတွက် လားရှိုး-မူဆယ်-ကြူကုတ်-နမ်းခမ်း-ကွန်းလုံ စတဲ့နယ်စပ်မြို့လေးတွေမှာ ဗမာအစိုးရက ကုန်သွယ်ရေးရုံးတွေ ဖွင့်ထားပါတယ်။ အဓိက ကုန်သွယ်ရေးလမ်းကြောင်းဟာ ကီလိုမီတာ (၄၆၀) သို့မဟုတ် မိုင် (၂၈၀) ရှည်လျားတဲ့ မန္တလေးမူဆယ် ကားလမ်းဖြစ်ပါတယ်။ ဒီလမ်းကနေ သယ်ယူပို့ဆောင်နေတာ အရင်က ရက်နဲ့ချီပြီးကြာတတ်ပေမဲ့ အခုတော့ ဘိန်းမှောင်ခို လော်စစ်ဟန်တို့ ကုမ္မဏီက ပြင်ဆင်မွမ်းမံလိုက်တဲ့အတွက် (၁၅) နာရီခရီးသာ ရှိတော့ကြောင်း သိရပါတယ်။

ယူနန်ပြည်နယ်ရဲ့ ပင်လယ်ထွက်ပေါက်အဖြစ် ဧရာဝတီမြစ်ကို အသုံးပြုဖို့ စီစဉ်တာဟာလည်း မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်မှုတခု ဖြစ်ပါတယ်။ ယူနန်ထွက်ကုန်ပစ္စည်းတွေကို ရန်ကုန်အနီးက သီလဝါဆိပ်ကမ်းအထိ ကုန်ကြောင်းရေကြောင်းကနေ သယ်ယူပို့ဆောင်တဲ့ စီမံကိန်း အပိုင်း (၃) ပိုင်း ရှိပါတယ်။ မြန်မာ-တရုတ်နယ်စပ် ဗန်မော်အနီး ကွန်တိမ်နာဆိပ်ကမ်းကို ကားလမ်းနဲ့ဆက်ထားတာက တပိုင်း၊ ကွန်တိမ်နာဆိပ်ကမ်းဆောက်တာက တပိုင်း၊ ဧရာဝတီမြစ်ရေစီးနက်နေအောင် သောင်တူးတာက တပိုင်း ဖြစ်ပါတယ်။ တရုတ် ကွန်တိမ်နာပေါင်း နှစ်သန်းလောက် နှစ်စဉ်ကိုင်တွယ်နိုင်လိမ့်မယ်လို့ မြန်မာဆိပ်ကမ်း အာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။ အိန္ဒိိယ-အရှေ့အလယ်ပိုင်းနဲ့ ဥရောပကို တရုတ်ကုန်ပစ္စည်း တင်ပို့ရာမှာ ဧရာဝတီမြစ်ကို ဖြတ်လမ်းအဖြစ် အသုံးပြုပြီး ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလုပ်တာ ဖြစ်ပါတယ်။

မြန်မာ-တရုတ်နယ်စပ်ဒေသမှာ လက်နက်ကိုင် ပဋိပက္ခဖြစ်ရင် ဧရာဝတီသယ်ယူပို့ဆောင်ရေး စီမံကိန်းကိုလည်း ထိခိုက်နိုင်ပါတယ်။ ဒါပေမဲ့ ယူနန်ဟာ မြန်မာပြည်လမ်းကြောင်း တခုတည်းကို အားကိုးနေတာ မဟုတ်ပါဘူး။ ယူနန်-ဘန်ကောက်၊ ယူနန်-ဗီယက်နမ် စတဲ့ စီးပွားလမ်းကြောင်းတွေ ရှိပေသေးပါတယ်။ ထိုင်းနိုင်ငံ နဲ့ ယူနန်ပြည်နယ်အကြားမှာ လာအိုနိုင်ငံ ရှိပါတယ်။ ဒါပေမဲ့ ဒီ ကားလမ်းဟာ ကီလိုမီတာ (၂၀၀) ကျော် မိုင် (၁၂၀) ကျော်သာ ရှိတာမို့ (၆) နာရီ ကားမောင်းရတဲ့ ခရီးတိုလေး ဖြစ်ပါတယ်။ ယူနန် နဲ့ ထိုင်းနိုင်ငံအတွင်း သွားရတဲ့ခရိးက ပိုရှည်တာကြောင့် ကုမင် ကနေ ဘန်ကောက် အထိ ကီလိုမီတာ (၂၀၀၀) ကျော် မိုင် (၁၂၀၀) ကျော် ရှိတဲ့ အဝေးပြေးလမ်းမ ဖြစ်ပါတယ်။ ကုမင်-ဘန်ကောက် ခရီးဟာ နာရီ (၂၀) ကျော် (၃၀) လောက် ကြာနိုင်ပါတယ်။ ယူနန်ပြည်နယ်က ထိုင်းနိုင်ငံမြောက်ပိုင်းကို မဲခေါင်မြစ်ကြောင်းက ပို့ဆောင်တာကတော့ (၁၄) နာရီလောက် ကြာနိုင်ပါတယ်။

မြန်မာ-တရုတ် ကုန်သွယ်ရေးမှာ မြန်မာက တရုတ်ကို မှီခိုနေရပါတယ်။ တရုတ်က မြန်မာကို မှီခိုနေတာ မဟုတ်ပါဘူး။ တနည်းဆိုရင်တော့ တရုတ်ဟာ မြန်မာအတွက် အရေးကြီးသလို မြန်မာဟာ တရုတ်အတွက် အရေးမကြီးပါဘူး။ မြန်မာပြည်က ကုန်ကြမ်းပစ္စည်း မရနိုင်ရင် တရုတ်ဟာ အခြားနေရာမှာ ရှာပါလိမ့်မယ်။ တကယ်တော့ တရုတ်ပြည်ရဲ့ နိုင်ငံခြားကုန်သွယ်မှု စုစုပေါင်းမှာ မြန်မာနဲ့ကုန်သွယ်တဲ့ ပမာဏဟာ (၁) ရာခိုင်နှုန်းတောင် မရှိပါဘူး။ ၂၀၀၇ တရုတ် ကုန်သွယ်ရေး စာရင်းဇယားကို ကြည့်ရင် မြန်မာနဲ့ ကုန်သွယ်တဲ့ ပမာဏ ဟာ သုည-ဒဿမ-သုညလေး (ဝ,၀၄) သာ ရှိတယ်လို့ ဂျပန် သုတေသီ တိုရှိဟီရိုကူဒိုး က တွက်ပြထားပါတယ်။

တရုတ်တပြည်လုံးအနေနဲ့ ကြည့်ရင် မြန်မာနဲ့ကုန်သွယ်တာဟာ မဖြစ်လောက်တဲ့ အသေးအမွှားလေး ဖြစ်နေပေမဲ့ ယူနန်ပြည်နယ် တိုးတက်ဖွံ့ဖြိုးရေးမှာတော့ မြန်မာပြည်ဟာ အရေးကြီးတဲ့အခန်းက ပါဝင်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ စောစောက ပြောခဲ့သလို ယူနန်ရဲ့ စီးပွားရေးလမ်းကြောင်း (၃) ခုမှာ မြန်မာပြည်လမ်းကြောင်းဟာ တခုသာဖြစ်ပါတယ်။ ဒီလမ်းကြောင်းပိတ်သွားရင် ထိုင်းနဲ့ ဗီယက်နမ်လမ်းကြောင်းတွေ ကျန်ရှိနေပါသေးတယ်။ ဒါကြောင့် မြန်မာယူနန်နယ်စပ်ဒေသမှာ လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားတာကြောင့် အကြီးအကျယ် ဆုံးရှုံးနစ်နာမှာကတော့ မြန်မာနိုင်ငံသာ ဖြစ်ပါတယ်။